ဟားခါးမြို့ မြေသားစမ်းသပ်ရန် ပြည်တွင်းပြည်ပ ဘူမိသိပ္ပံပညာရှင်များ သွားရောက်လေ့လာမည်

ဟားခါးမြို့ မြေသားစမ်းသပ်ရန် ပြည်တွင်းပြည်ပ ဘူမိသိပ္ပံပညာရှင်များ သွားရောက်လေ့လာမည်

သြဂုတ် ၁၅ ။        ။ မြေပြိုမှုများကြောင့် ပျက်စီးနေသော ဟားခါးမြို့အနီးဝန်းကျင်မြေ အနေအထားများကို ပြည်တွင်းပြည်ပ ဘူမိသိပ္ပံ ပညာရှင်များ သွားရောက်လေ့လာမည်ဟု ရန်ကုန်ဘူမိသိပ္ပံအသင်းမှ ပညာရှင် ဦးအေးလွင်က မဇ္ဈိမသို့ပြောသည်။

"ပြည်တွင်းပြည်ပ ပညာရှင်တွေ သွားလေ့လာမယ်။ ပြည်ပက တချို့ပညာရှင် ရောက်နေပြီ။ ထပ်လာအုံးမယ်။ ဆရာတို့အသင်းကပညာရှင်တွေ၊ သတ္တုတွင်းကပညာရှင်တွေအခု အစည်းအဝေး လုပ်နေပါ တယ်။" ဟု ယနေ့ သြဂုတ် ၁၅ နေ့လယ်ပိုင်းက မဇ္ဈိမ၏ဆက်သွယ် မေးမြန်းချက်ကို ဖြေကြားသည်။

ဇူလိုင်လအတွင်းက မိုးသည်းထန်ပြီး ရေတိုက်စားမှုများကြောင့် ချင်းပြည်နယ်၊ ဟားခါးမြို့အနီးရှိ ရုန်းတောင်သည် ဇလိုင် ၃၀ မှစ၍ တောင်ကျရေများနှင့်အတူ ရွံ့ရေများ၊ သစ်ပင်ကြီးများ ပြိုကျလာ သဖြင့်တောင်ဝန်းကျင်မှ နေအိမ်များ၊ ဈေးဟောင်းနှင့် မြို့ဟောင်းရပ်ကွက်ရှိနေအိမ်များနှင့် စာသင်ကျောင်းများသည် မြေပြိုမှုအန္တရာယ်ရှိသဖြင့် ဘေးလွတ်ရာ၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြောင်းရွှေ့ ထားရသည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်သည်။

မြေပြိုမှုအန္တရာယ်ကြောင့် ဆက်လက် နေထိုင်ရန်မသင့်သည့် လူနေရပ်ကွက်များအား မြို့သစ်ဖော်ထုတ်ပြီး ပြန်လည် နေရာချထားရေးအတွက် 'ရုန်းတောင်၏ မြေပြိုမှုအခြေအနေနှင့် ဘူမိသိပ္ပံအကြောင်း အရာများအား ကြိုတင်သိရှိပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန်' ဘူမိသိပ္ပံပညာရှင်များ စေလွှတ်ပေးရန် ချင်းပြည်နယ်အစိုးရအဖွဲ့က ရန်ကုန်မြို့ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းသို့ ညှိနှိုင်းစာတစ်စောင် သြဂုတ် ၁၃ တွင် ပေးပို့ခဲ့သည်။

ယခင်ကြိုတင်လေ့လာမှုများအရ ချင်းပြည်နယ်မြေသားမှာ အခြား ပြည်နယ်နှင့် တိုင်းများနှင့်နှိုင်းယှဉ် လျင် အပေါ်ယံခိုင်မာမှုအားနည်းပြီး၊ အောက်ခံကျောက်သားမှာ သက်တမ်းနုသည်ဟု ဦးအေးလွင်က ဆိုသည်။

ဟားခါးမြို့တွင်ဇူလိုင်လ ၂၅ ရက်မှ ၃၁ ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ် နှင့် ကျေးရွာ စုစုပေါင်း လူနေအိမ် ၄၇၈ လုံးနှင့် ပြိုပျက်သွားပြီး သူအသေအပျောက်မရှိဟု ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူးက ပြန်ကြားရေးသတင်းစဉ်သို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly