လူတိုင်းလက်လမ်းမှီသော အိမ်ရာများဖော်ထုတ််နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် ကမ္ဘာ့ဘဏ် အကြံပြု

လူတိုင်းလက်လမ်းမှီသော အိမ်ရာများဖော်ထုတ််နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် ကမ္ဘာ့ဘဏ် အကြံပြု
ဓာတ်ပုံ - သူရ / မဇ္ဈိမ

 

ကမ္ဘာ့ဘဏ်က  မြန်မာနိုင်ငံတွင် လူတိုင်းလက်လမ်းမှီသော အိမ်ရာများဖော်ထုတ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု များတိုးမြှင့်ရန် အပါအဝင် အရည်အသွေးကောင်းမွန်သော သယ်ယူပို့ဆောင်ရေးစနစ်များ အကောင်အထည် ဖော်ရန် အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာ တစ်စောင်အား ထုတ်ပြန်ခဲ့သည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသရှိ နိုင်ငံများမှ မြို့ပြအခြေခံ လူတန်း စားများနှင့် ဆင်းရဲနွမ်းပါးသူများအား အခြေအနေကို လေ့လာထားသည့် " မြို့ပြရှိဆင်းရဲနွမ်းပါးသူ လူတန်းစားများအတွက် အခွင့်အလမ်းများ ရှာဖွေပေးခြင်း" အစီရင်ခံစာတွင် အကြံပြုထားခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာအား အောက်တိုဘာလ ၃ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏ ပြန်ကြားရေး အရာရှိ ဦးကျော်စိုးလင်းက " မြို့ပြအတွက်ဆိုရင် အရည်အသွေးရှိတဲ့ လူတိုင်း အတွက် လက်လှမ်းမီနိုင်တဲ့ အိမ်ရာတွေကို ဆောင်ရွက်ပေးဖိ့ု၊ အဲဒီဘက်ပိုင်းမှာ အစိုးရကဖြစ်စေ၊ ပုဂ္ဂလိက ပိုင်းကဖြစ်စေ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ဆောင်ရွက်ပေးဖို့၊ နောက်တစ်ခုကတော့ သယ်ယူပို့ဆောင်ရေးပေါ့၊ အများပြည်သူသယ်ယူပို့ဆောင်ရေးတွေကို မြှင့်တင်ဖို့၊ အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့ အချက်တွေလည်း ဒီထဲမှာ အကြံပြုထားပါတယ်" ဟု ဆိုသည်။

ယင်းအပြင် မြေယာပိုင်ဆိုင်မှုတွေနဲ့ပတ်သက်သော စည်းမျဉ်းဥပဒေများ၊ မူဝါဒများအား ရှင်းလင်းအောင် ဆောင်ရွက်ပြီး  မြို့ပြရှိ အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ခြင်းနှင့် ယင်းအတွက် ရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်လာမယ်ဟု ကမ္ဘာ့ဘဏ်က မျှော်မှန်းထားသည်။

အဆိုပါအစီရင်ခံစာအရ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဒေသအတွင်း နှစ်စဉ်မြို့ပြပုံစံဖြစ်ပေါ်မှုနှုန်း (၃) ရာခိုင်နှုန်းသည် လူဦးရေ (၆၅၅)သန်းအား ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့ ကြောင်း ဖော်ပြထားသည်။

သို့သော် ဒေသတွင်း ကမ္ဘာ့ဆင်းရဲနွမ်းပါးသူ လူဦးရေ သန်းပေါင်း (၂၅၀)ခန့်သည် အရည်အသွေး ညံ့ဖျင်းသည့် အိမ်ယာများ၊ အကန့်အသတ်ဖြင့်သာ ရရှိနိုင်သည့် ဝန်ဆောင်မှုများဖြင့် ရပ်တည်နေထိုင်နေကြရပြီး ရေကြီး ရေလျှံမှု ကဲ့သို့ ဘေးအန္တရာယ်ဖြစ်နိုင်ချေများနှင့်လည်း ရင်ဆိုင်နေကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏ မြို့ပြဆိုင်ရာထိပ်တန်းကျွမ်းကျင်သူ Judy Baker က "  လျင်မြန်တဲ့မြို့ပြပုံစံဖြစ်ပေါ်မှုသည် စိန်ခေါ်မှု တစ်ရပ်ဖြစ်ပါတယ်။ ဝင်ငွေနည်းပါးသူတွေရဲ့ ကလေးများ ပညာရေးအတွက်   ငွေကြေးစုဆောင်းနိုင်ဖို့ လူတိုင်း တက်နိုင်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်များ၊ အိမ်ယာများ ပေးအပ်ပေးပါ။ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပြီးနောက် မိသားစုများ အခက်အခဲ အကြပ်အတည်းများကို ဖြေရှင်းနိုင်မည့် လူမှုအကာအကွယ်ပေးရေး အစီအစဉ်များ ထားရှိဆောင်ရွက်ပါ။ အားလုံးပါဝင်သည့် မြို့ပြဖွံ့ဖြိုးမှုအတွက် အဖြေများသည် တစ်မျိုး တည်းဖြင့် အားလုံးဖြေရှင်းနိုင်သည့် အရာများ မဟုတ်သော်လည်း ပိုမိုကောင်းမွန်ရန် လက်တွေ့ဆန်သော၊ ထိရောက်သော၊ လိုအပ်သောအရာများဖြစ်ပါတယ်"ဟု ကမ္ဘာဘဏ်ရဲ့ထုတ်ပြန်ချက်တွင်   ပြောကြားထားသည်။

ကမ္ဘာ့ဘဏ်၏အစီရင်ခံမှာ  သီးခြားအခြေအနေများအတွက် ပြောင်းလဲအသုံးပြုနိုင်သည့် လမ်းညွှန်မူ (၁၀) ရပ် ကို အကြံပြုထားပြီး ယင်းတို့အနက် မြို့ပြနေဆင်းရဲနွမ်းပါးသူများအား အလုပ်အကိုင် ဈေးကွက်များနှင့် ချိတ်ဆက် ပေးခြင်း၊ အားလုံးပါဝင်သည့် မြို့ပြစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံခြင်း၊ လူတိုင်းတက်နိုင်သည့် မြေနှင့် အိမ်ယာဈေးများဖြစ်ပေါ်စေခြင်း၊ မြို့ပြနေထိုင်သူအားလုံး၏ အခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ မြို့ပြနေ ဆင်းရဲနွမ်းပါးသူများအနက် အခွင့်အလမ်းအနည်းပါးဆုံးအုပ်စုများကို အဓိကဦးစားပေးဆောင်ရွက်ခြင်း၊ ဒေသ အုပ်ချုပ်ရေးကို အားကောင်းစေပြီး မြို့ပြနေထိုင်သူများနှင့် ချိတ်ဆက်ေ်ဆာင်ရွက်ခြင်း၊ သက်သေအထောက် အထားအပေါ် အခြေခံသည့် မူဝါရေးရာရေးဆွဲမှုဖြစ်စေရေးအတွက် ဒေတာနှင့် သတင်းအချက်အလက်စနစ်များ ပိုမိုကောင်းမွန်အောင် ရင်းနှီးမြှုပ်နှံခြင်းတို့ ပါဝင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly