ARSA သည် နှစ်နိုင်ငံလုံး၏ ရန်သူဟု ဘင်္ဂလားဒေ့ရှ်နိင််ငံခြားရေးဝန်ကြီးပြော

ARSA သည် နှစ်နိုင်ငံလုံး၏ ရန်သူဟု ဘင်္ဂလားဒေ့ရှ်နိင််ငံခြားရေးဝန်ကြီးပြော
 နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံတွင် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန

ရန်ကုန်၊ အောက်တိုဘာ ၃ ။               ။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှု နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့သည့် Arakan Rohingya Salvation Army (ARSA) အကြမ်းဖက်အဖွဲ့သည် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံး၏ ဘုံရန်သူဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abdul Hassan Mahmood Ali  ကပြောဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Abdul Hassan Mahmood Ali ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သိုသွားရောက်သည့် ၃ ရက်ကြာခရီးစဉ်အတွင်း ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တည်ရှိနေသည့် ချစ်ကြည်ရင်းနှီးမှုကိုအလေးထားကြောင်းနှင့် ထိန်းသိမ်းရန်ဆန္ဒရှိပါကြောင်း၊ Arakan Rohingya Salvation Army (ARSA) အား မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံး၏ ဘုံရန်သူအဖြစ် ခံယူကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် အကြမ်းဖက်မှုများ အပေါ် လုံးဝလက်မခံသည့် မူဝါဒကို ကျင့်သုံးလျက်ရှိသည် “ ဟု မြန်မာသံတမန်များကို ပြောဆိုခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကသတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ သွားရောက်ခဲ့သည့်ခရီးစဉ်ကို ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျလည်း လိုက်ပါခဲ့သည်။

ထို့နောက် နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် နှစ်ဖက်သဘောတူထားသည့် သတ်မှတ်ချက်များအတိုင်း မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လိုသည့် ဒုက္ခသည်များစိစစ်ရေး  ကိစ္စရပ်များကို ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံ၊ နေပြည်တော်သို့လာရောက်ရန် မြန်မာအစိုးရဘက်မှ ဖိတ်ကြားခဲ့ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly