ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပြဿနာများ (အပိုင်း ၃)

ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပြဿနာများ (အပိုင်း ၃)

ကျွန်တော်တို့ရဲ့ ဒီအစီအစဉ်ကတော့ ကျန်းမာရေးရာ အဖြေရှာ အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ပရိတ်သတ်တွေကို တိုက်ရိုက်ဖြေကြားပေးဖို့အတွက် စီစဉ်ထားပါတယ်။ ဒီတစ်ပတ် ကျွန်တော်တို့ အစီအစဉ်မှာ ပါဝင်မယ့် ဆရာဝန်ကြီးကတော့ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းခွဲစိပ်ကု ဆရာဝန်ကြီး ပါမောက္ခဦးဘုန်းမြင့် ဖြစ်ပါတယ်။ ဆရာဝန်ကြီးဟာဆိုရင် သင်္ကန်းကျွန်း စံပြဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေပြီးတော့ ရန်ကုန်ဆေးတက္ကသိုလ်(၂)မှာ ပါမောက္ခဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါတယ် ခင်ဗျ။

မေး - မဆုမြတ်မွန်ဆိုတဲ့ အမျိုးသမီးတစ်ဦးကတော့ ဘာမေးထားလဲဆိုရင် ဆရာကြီးရှင့် သမီးမှာ ဆီးရောဂါ ရှိပါတယ်။ ခဏ ခဏ ဖြစ်ပါတယ်။ ဒီရောဂါ စလာရင် ဆီးပဲ သွားချင်ပါတယ်ဆရာ။ ခါးတွေလဲ တအားကိုက် လာပါတယ်။ နေလို့ ထိုင်လို့ မထိအောင် ဖြစ်ပါတယ်။ နောက်ဆုံး ဆရာရယ်တဲ့ အိမ်သာထဲက ကို မထွက်ချင်လောက်အောင် ဖြစ်ပါတယ်။ ခဏခဏ ဆီးသွားရတော့လည်း ကြာတော့ ဆီးမထွက်တော့ပါဘူး။

ဖြေ - အမျိုးသမီးတွေမှာတော့ အမျိုးသားတွေနဲ့ မတူတာ အမျိုးသားတွေကတော့ ဆီးကျောက်တည်တာတို့ ဆီးကျိတ်ကြီးတာတို့ပေါ့နော်။ အမျိုးသမီးတွေမှာ နောက်ထပ် ထူးခြားတာ ဒါဟာ အမျိုးသားရော အမျိုးသမီးပါ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာတော့ ပိုတွေ့ရလေ့ရှိတယ်။ အဲဒါကတော့ ဆီးအိမ် ခဏ ခဏရောင်တာ ဆီးလမ်းကြောင်း ပိုးဝင်တာ။ ဒါက ပိုးဝင်လို့ ဆီးအိမ်ရောင်တာ။ နောက် တစ်မျိုးကတော့ ပိုးမဝင်ဘဲနဲ့ ဆီးအိမ်ရောင်တာ။ သူ့ကိုယ်ခန္ဓာ ဓာတ်ကနေပြီးတော့ သူ့ဆီးအိမ် ကြွက်သားနဲ့ သူ ဆီးအိမ်ကို နည်းနည်းလေး ပြန်ပြီးတော့ လှုံဆွတယ် တိုက်ခိုက်တယ် ခေါ်မှာပေါ့နော်။ အဲလိုမျိုးကြောင့်လည်း ဆီးအိမ်ရောင်တယ်။ နောက်တစ်ခုက အာရုံကြောတွေကြောင့်လည်း ဆီးအိမ် ပြဿနာ ဖြစ်တတ်တယ်။ ခဏခဏ သွားတယ်ဆိုတော့ ကျွန်တော်က ဆီးအိမ် ပိုးဝင်တာလေးကို စဉ်းစားမယ်။ နောက်တစ်ခုက ကိုယ်ခံဓာတ်ကနေပြီးတော့ ဆီးအိမ်ကို ပြန်ပြီးတော့ ဒုက္ခပေးနေတယ်ပေါ့။ အဲဒါမျိုးတွေဆိုရင်တော့ ကျွန်တော်တို့က နာတာရှည် ဖြစ်သွားပြီ။ အထူးသဖြင့် အဲရောဂါမျိုးက ဆေးပေးရင် သက်သာမယ်။ ပြီးရင် ပြန်ပြန်ဖြစ်မယ်ပေါ့။ ဆိုတော့ အဲဒါကျတော့ တကယ်နားလည်တတ်ကျွမ်းတဲ့ တကယ်ကုနေတဲ့ ဆရာတစ်ယောက်ယောက်ပေါ့နော်။ သူနဲ့ အနီးကပ်လေး တိုင်ပင် အနီးကပ်လေး ပြောဆိုလိုက်ရင်တော့ ဘာတွေ လုပ်ရမယ်ဆိုတာလေး ပိုသိလာနိုင်ပါတယ်။ ဒီနေရာမှာလည်း ကျွန်တော်က ပြောချင်တာက ဒီလိုမျိုး ရောဂါရှင်တွေသည် ဆရာဝန် တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆရာနဲ့ ပြတယ်။ သူတို့လည်း အတိုင်းအတာတစ်ခုထိ စိတ်ရှည်လက်ရှည်နဲ့ ပြတယ်။ သို့သော် ရောဂါရဲ့ သဘောသဘာဝကိုယ်က သက်သာမယ် ပျောက်ဖို့ အချိန်လေး ကြာတတ်တယ်။ ဆိုတော့ တစ်ယောက်ပြောင်းသွားတယ်။ ဒီလိုပဲ နောက်တစ်ယောက် ပြောင်းသွားတယ်။ ဆိုတော့ အဲလိုမျိုးလေး ပြောင်းတယ်ဆိုရင်လည်း တကယ်တော့ ဆေးတည့်သွားရင်လည်း သူ့ဖာသူ အဆင်ပြေမှာပေါ့နော်။ ဒါပေမယ့် တစ်ခါတလေကျတော့လည်း အဲလို ပြောင်းသွားတဲ့အတွက် ရှေးဆရာက မပြီးသေးတဲ့ ကုထုံးလေးသည် နောက်ဆရာလည်း ရောက်ရော အဲဒီ ဆေးကုထုံးက တစ်ဝက်လောက် ရောက်နေပြီ နောက်ဆရာရောက်တော့ အသစ်က ပြန်စတယ်။ သူက လိုရင်း မရောက်တော့ဘူး။ လမ်းတစ်ဝက်နဲ့ ရပ်ရပ်သွားတာမျိုးလည်း ဖြစ်တတ်တယ်။ တစ်ခါတလေကျရင်လည်း ကုတဲ့ဆရာက ဒီနေရာမှာတင်ပဲ သူထင်နေတယ်။ ကျန်တဲ့ဟာကို ပြောင်းပြီး မစဉ်းစားနိုင်တော့ဘူး။ အဲလိုဟာမျိုးမှာလည်း နောက်ဆရာတစ်ယောက်ဆီ ရောက်သွားလို့ နောက်ဆရာတစ်ယောက်က ဒါလေးလည်း ဖြစ်နိုင်တယ်။ ဒီလိုလေး ပေးကြည့်ရင်ဆိုပြီး တည့်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒီအချိန်အနေက ဘယ်အချိန်နေမှာ ဒီလိုမျိုး ကိုယ့်အတွက် ကောင်းတာ ဖြစ်မလဲ မပြောတတ်ဘူး။ ကျွန်တော်တော့ အထူးသဖြင့် ဒီလိုရောဂါမျိုးတွေသည် အဲလို ဆရာ ခဏခဏ ပြောင်း သွားတဲ့ အလေ့အထ ရှိတဲ့ ရောဂါမျိုး တစ်ခါတည်း ပျောက်သွားတာမျိုး ရှိရင်လည်း ကိစ္စအပြီးပေါ့နော်။ ဆီးပိုးသတ်ဆေးလေး အရင်သောက်ကြည့်ပါ။ မသက်သာရင် ယူရင်း အန်နာ ဂျတ်ဆစ် နောက်တစ်ခု ဆီးအိမ်ကြွက်သား လှုံတာတွေကို ထိန်းတဲ့ ဆေးတွေ ဒါတွေနဲ့ သွားဖို့ လိုမယ်လို့ ထင်ပါတယ်။

မေး - ဦးဦးကျော်စွာဆိုတဲ့ အကောင့်ပိုင်ရှင် တစ်ယောက်ကတော့ အသက်ရှုလည်း ကျပ်ပါတယ်။ ဆီးထွက်လည်း နည်းပါတယ်။ ဆီးလမ်းကြောင်းချဲ့ပြီးမှ ဆီးကျန် နေသလို ပိုခံစားရပါတယ်။ ဆီးလမ်းချဲ့ပြီးမှ ဆီးကလည်း တစ်စက် တစ်စက် ကျနေပါတယ်။ အရင်မကျပါဘူး။ ဖြေပေးပါအုံး ဆရာကြီး ခင်ဗျ။

ဖြေ - ဆီးလမ်းကြောင်း ချဲ့တယ်ဆိုတာ ဘာအကြောင်းအကြောင့်လဲ သိဖို့ လိုတယ်။ ဆီးလမ်းကြောင်း ချဲ့တယ်ဆိုတာ ဆီးလမ်းကြောင်း ကျဉ်းလို့ ချဲ့တာလား။ ဆီးလမ်းကြောင်း ပုံမမှန်လို့ လမ်းကြောင်းတွေ ကွေးလို့ ကောက်လို့ ချဲ့တာလား။ အဲတာတွေပေါ် မူတည်တယ်။ နောက်တစ်ခုကတော့ သူရဲ့ ဆီးလမ်းကြောင်း ကျဉ်းတဲ့ဟာမှာ အရင်တုန်းက ဆီးလမ်းကြောင်း ကျဉ်းလို့ ခွဲစိပ်ထားတာ ရှိတယ်။ ကျောက်တွေ ဆို့ထားတယ်။ အဲတာကို ဖယ်တာ နောက်ကျလို့ ကျဉ်းတာ ရှိတယ်။ နောက်တစ်ခုကတော့ ထိခိုက် ဒဏ်ရာ ရထားလို့ ကျဉ်းတာ ရှိတယ်။ ဘာကြောင့်ကျဉ်းသလဲဆိုတာကို တစ်ချက်ကြည့်ရမှာပေါ့နော်။ ဆီးလမ်းကြောင်း ချဲ့ပြီးမှ ဆီးကလည်း တစ်စက် တစ်စက် ကျနေတယ်ဆိုတော့ တစ်ခါတလေကျရင်လည်း လမ်းကြောင်း ပွင့်သွားပြီ ချဲ့တဲ့အချိန်မှာများ လမ်းကြောင်းပွင့်သွားပြီး ကျတာလဲ ဖြစ်နိုင်တယ်။ အများကြီးပဲ ပြောစရာ ဆီးလမ်းကြောင်း ပိုးဝင်သွားတယ်။ ဒါဆိုရင်လည်း ဒီလို ပြဿနာတွေ ဖြစ်နိုင်တယ်။ ဆီးလမ်းကြောင်းမှာလဲ ဆီးလမ်းကြောင်း ထိန်းတဲ့ ကြွက်သားတွေ ရှိတယ်။ ဒီကြွက်သားတွေ ကောင်းနေရင်တော့ သူ့ဟာသူ ဘယ်လောက် ချဲ့ချဲ့ ကျဉ်းတဲ့နေရာမှာ ချဲ့ရတယ် ကြွက်သားက သူ့ဟာသူ ထိန်းတယ်ဆိုရင်တော့ ပုံမှန်ပဲ ဖြစ်မှာပဲ။ ကျွန်တော်တို့က ဒါမျိုးမှာလည်း တစ်ချက် စဉ်းစားရမှာ။ ဆီးလမ်းကြောင်းမှာ အာရုံကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေ ပါနေလားပေါ့။ နောက်တစ်ခုကတော့ ဆီးပိုး။ ဆီးပိုး အဲလိုဖြစ်နေရင်လည်း ဒီလိုလက္ခဏာလေးတွေ ရှိတတ်တယ်။ ဆိုတော့ ဒါလည်း ပြောရရင်တော့ ကျွန်တော်တို့က ရောဂါတစ်ခုဆိုတာ အစကနေ အဆုံးထိ လိုက်သွားနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။ အခု ကျွန်တော်က ကြားဖြတ် မှတ်တိုင်ကနေ ဖြတ်ဖြတ်ပြီးတော့ ကြည့်ပြီး ဖြေနေရသလို ဖြစ်တော့ အပြည့်အစုံ မဖြေနိုင်တာတော့ အဲတာလေး နားလည်မှု ပေးစေချင်ပါတယ်။

မေး - တိမ်တိုက် ဆိုတဲ့ အကောင့်ပိုင်ရှင် တစ်ယောက်ကတော့ ဆီးမအောင့်ပါဘဲ အဝါရောင်တွေ သွားတာ ၃လ လောက် ရှိပြီ။ အဲဒါ ဘာဖြစ်တာလဲ ဆရာ။

ဖြေ - အဲတာလည်း လူနာတွေ အမေးများတယ်ပေါ့နော်။ တစ်ချို့ ဆီးသွားရင် အမြှုပ်တွေ ထနေတယ်။ ကျွန်တော်မေးကြည့်တယ်။ ဟိုတုန်းက ဆီးသွားတာကို ခင်ဗျားတို့ ခံပြီး ကြည့်ဖူးလား။ မကြည့်ဖူးဘူး။ ဟိုတုန်းက ကြည့်ခဲ့ရင်လည်း အဲလို အမြှုပ်တွေ တွေ့မှာပဲ ပေါ့နော်။ ဒီမှာလည်း ဒီတိုင်းပါပဲ။ ဆီးဝါတယ်ဆိုတာ အကြောင်းအမျိုးမျိုး ရှိတယ်။ ရောဂါကြောင့် ဝါတာ ရှိတယ်။ အသည်းက ကောင်းကောင်း အလုပ် မလုပ်လို့ သည်းခြေနဲ့ ပတ်သက်တဲ့ ဓာတ်လေးတွေ ဆီးထဲပါလာရင် ဝါတတ်တယ်။ ဒါကတော့ တကယ့်ရောဂါပေါ့နော်။ နောက် တော်တော်များများတော့ စားတဲ့ အစားစာတွေပေါ် မူတည်တယ်။ အစားအစာတွေထဲမှာမှ ဆေးတွေပါ ပါတာပေါ့နော်။ အဲဒီအစားစာတွေမှာလဲ အခုနောက်ပိုင်းမှာ အစားအစာ တော်တော်များများသည် ဆိုးဆေးတွေက များလာတယ်။ ဘယ်ဆိုးဆေး ဘာကြောင့်ဆိုတာ ဒါတွေကြောင့်လည်း ဝါနိုင်တယ်။ ကိုယ်စားတဲ့ အစားသောက်လေးတွေ ဘယ်ဟာကြောင့် ဖြစ်နိုင်လဲဆိုတာ တစ်ချက်တော့ ပြန်ကြည့်ချင်တယ်။ နောက်တစ်ခုက ဥပမာ မနက်စောစောထတဲ့ ဆီးသည် သာမန် အချိန်နဲ့ အရောင်လေး နည်းနည်း ရင့်နေတတ်တယ်။ ဝါနေတတ်တယ်ပေါ့။ တစ်ခါတလေကျရင် အားဆေးတွေ သောက်တယ်။ မနက်စောစောမှာလည်း ဝါတယ်ပေါ့။ သို့သော် ကိုယ်သောက်တဲ့ အထဲမှာ အားဆေးတွေ ပါနေတယ်။ အဝါရောင်ဖြစ်တဲ့ အထဲမှာ ပါနေတယ်ဆိုရင်လည်း ဆီးဝါတတ်တယ်ပေါ့။ ဒါလည်း တစ်ခု ပြောနိုင်တယ်။ ဆိုတော့ အသည်းရောဂါတွေမှာ ဆီးဝါတတ်တယ်။ တစ်ချို့ အစားအသောက်တွေကြောင့် ဆီးဝါတတ်တယ်။ နောက်တစ်ခုက ညသိပ်ဆီး ဆို အရောင် ရင့်တတ်တယ်။ နောက်တစ်ခုက နွေရာသီမှာ ချွေးထွက်များတယ်ပေါ့။ ချွေးထွက်များရင်လည်း မအောင့်ထားသော်လည်း ဆီးသည် နည်းနေတတ်တယ်။ ပုံမှန်ဖြစ်နေတတ်တဲ့ အကြောင်းအရာလေးတွေကို အရင် စဉ်းစားပြီးမှ ရောဂါအကြောင်းကို စဉ်းစားမယ်။ ဒီဟာဆိုရင် သူ့ကို အကြံပေးချင်တာက ရေလေးများများသောက်ပါ။ နောက်တစ်ခုက ကိုယ်စားတဲ့ အစားအသောက်လေးတွေကို နည်းနည်း ပြန်စစ်ကြည့်။ ဘာတွေများ စားနေလဲပေါ့။ နောက်တစ်ခုက ကို သောက်နေတဲ့ ဆေးတွေ ဘာတွေများ သောက်နေလဲ။ အချို့ဆေးတွေသည် ဆီးကို အရောင်ပြောင်းတတ်တယ်။  တစ်ချို့ဆေးတော်တော်များများသည် အဲလိုမျိုးလေးတွေ ပါတတ်ပါတယ်။

မေး - အစက ဦးကျော်စွာဆိုတဲ့ သူတစ်ယောက်က ပြန်ပြောလာတယ်။ သူက မွေးရာပါ ဆီးလမ်းကြောင်း ကောက်နေလို့ ချဲ့ရတာပါတဲ့ ဆရာ။

ဖြေ - တစ်ချို့ အကြောင်းအရာတွေကို ဆရာ ကောမန့် မပေးချင်ဘူး။ ကိုယ်လုပ်ထားတာတော့ ဆရာက ကောမန့်ပေးချင်တယ်။ တကယ်လို့ အခြားဆရာ လုပ်ထားတာကို ကောမန့်ပေးမိလို့ ရှိရင် တစ်ခါတလေကျတော့ နားလည်မှုလေး လွဲတတ်တယ်။ နောက်တစ်ခုက စော်ကားသလို ဖြစ်မှာ ကျွန်တော် စိုးရိမ်တယ်။ ဆီးလမ်းကြောင်း ကောက်နေလို့ ချဲ့ရတယ်။ ဟုတ်တယ်။ အဲဒီမှာလည်း ခဏ ခဏ ချဲ့နေရပြီ ဆိုရင်တော့ ကျွန်တော်တို့ လုပ်လဲ ဆီးပိုးက ဝင်တတ်တယ်။ ဒီဟာမျိုးဆိုရင်တော့ ဆီးပိုးသတ်ဆေးလေးတော့ သောက်ထားကြည့်ပါအုံး။ ဆီးပိုးသတ်ဆေး သောက်လု့ိများ ပြဿနာလေး ရှင်းသွားနိုင်မလား ကျွန်တော် အဲလိုလေး စဉ်းစားမိလို့ ပါ။

မေး - ကိုအောင်ဆွေဆိုတဲ့ သူတစ်ယောက် မေးလာတာကတော့ ဆီးခဏ ခဏ သွားပါတယ်။ ဆီးကို သတိရလေ သွားလေ ဖြစ်နေပါတယ်။ မေ့နေရင်တော့ မသွားမိဘူး ဆရာကြီး သွေးတိုးဆီးချို ရောဂါရှိတယ်လို့တော့ ဆရာဝန်ကြီးတွေက ဆေးစစ်ချက်အရ ပြောကြပါတယ်။ ဆီးချို တိုင်းကြည့်တာမှာ တစ်ချိန်ထဲ ၃ ခုနဲ့ စစ်ကြည့်တာ တစ်ခုနဲ့ တစ်ခု အများကြီး ကွားခြားပါတယ်။ သွေးကျဆေး မက်ဖော်မန် ၅၀၀gm နှလုံးထိန်းဆေး တွေကိုတော့ မနက်အိပ်ရာထမှာ သောက်ပါတယ် ကျေးဇူးပြုပြီး အကြံပေးပါအုံး။

ဖြေ - ဆီးချိုတိုင်းတာလေးကို ကျွန်တော် ပြောပြပါ့မယ်။ ဆီးချိုတိုင်းတာက ကျွန်တော်တို့ ပြောင်းလဲနိုင်တယ်။ တစ်ခါတည်း သုံးကြိမ်တိုင်းတာ သုံးခု ကွာတယ်။ ကွာနိုင်တာပေါ့။ ဥပမာအားဖြင့် ကျွန်တော်ပြောမယ်ဆို လက်ကို သွေးမဖောက်ခင် အရက်ပြန်နဲ့ သုတ်တယ်။ တစ်ချို့ အရက်ပြန်ရွဲရွဲအအချိန်မှာ ဒါ ဖောက်လိုက်ရင် ပိုးမဝင်ဘူးပေါ့။ အဲလို ယူဆတယ်။ ကျွန်တော်လည်း ငယ်ငယ်တုန်းက အဲလို ထင်ခဲ့တာပဲ။ တကယ်တော့ မဟုတ်ဘူးပေါ့။ အဲလို အရက်ပြန်ရွဲနေတဲ့ အချိန်မှာ သွားဖောက်ရင် အရက်ပြန်နဲ့ ဒီသွေးနဲ့ တွေ့ပြီးရင် သွေးထဲမှာ ပါတဲ့ အချိုဓာတ်သည် အရက်ပြန်ကြောင့် ပြုတ်ကြသွားရော အဲတော့ ပုံမှန် မဟုတ်တော့ဘူးပေါ့။ ပုံမှန်တက်နေရင် တက်နေမယ်။ ပုံမှန်ထက် ရော့ပြီး ပြလိမ့်မယ်။ ဒါ တစ်ခုပေါ့နော်။ ဖြစ်နိုင်ချေလေး ပြောတာ။ နောက်တစ်ခုက တစ်ခါတလေကျရင် သွေးဖောက်တယ်။ လက်နာမှာ ဆိုးလို့ အပ်ကို သိပ်အရှည်ကြီး မထုတ်ဘူး တိုတိုလေးနဲ့ ဖောက်တယ်။ ဖောက်တော့ သွေးက မထွက်ဘူး။ စို့ရုံလေး စို့တယ်။ အဲမှာ လက်ကို ညှစ်ရပြီ။ အဲဒီညှစ်ရင်လည်း သွေးထဲမှာ ပါတဲ့ အချိုဓာတ်က ပြောင်းလဲနိုင်တယ်။ ဒါတစ်ခုပေါ့။ နောက်တစ်ခုက လက်ထိပ်မှာပါတဲ့ သွေးချိုဓာတ် ရာခိုင်နှုန်းနဲ့ သွေးကြောမှာ ဖောက်တဲ့ သွေးအချို ရာခိုင်နှုန်း မတူနိုင်ဘူး။ ဒီအချက်တွေကြောင့်မို့ သူ သုံးခါဖောက်တယ်။ သုံးခါပြောင်းသွားတာ ဖြစ်နိုင်တယ်။ လူနာတွေ ကျွန်တော့်ဆီလာရင် သွေးချိုတက်တယ်။ မတက်ပါဘူး မနက်က အိမ်မှာ ဖောက်တာ ဘယ်လောက်ပဲ ရှိတယ်။ အစပိုင်းတော့ ကိုယ်လည်း ဒါတွေ မသိခင်တုန်းက သူတို့ကို ပြန်ရှင်းပြတာ ဘာကြောင့်လို့ ရှင်းပြရတာ တော်တော်ခက်တယ်။ မရှင်းပြတတ်ဘူး။ နောက်ပိုင်းမှာ ဒီလိုတွေကြောင့် ဖြစ်တာပါလားဆိုတာ သိလာတော့ ဒီပြဿနာလေးကို ထားလိုက်ပါ။ တစ်ခုကိုပဲ နည်းလမ်းမှန်မှန်နဲ့ ဖောက် အချိန်ကိုလည်း အတိကျ လုပ်ပါ။ နောက်တစ်ခုက အရက်ပြန်ကို သုတ်ပြီးရင်လည်း Air Dry  လုပ်ပါ။ ထပ် မပွတ်နဲ့တော့ သူပွတ်ပြီးပြီ ချေးညှော် ပြောင်ပြီဆိုရင် ကျန်နေသေးတယ်ထင်ရင် လက်လေးကို လေထဲမှာ ရမ်းလိုက် လွှဲလိုက်ရင်းနဲ့ ခြောက်သွားပြီးမှ စဖောက်ပါ။ အဲဒါ အရေးကြီးတဲ့ အချက်လေး တစ်ခုပေါ့။ နောက်တစ်ခုက ဆီးခဏ ခဏ သွားတယ်။ သတိရလေ သွားတယ်။ ဖြစ်တတ်ပါတယ်။ လူက အရာတစ်ခုခုကို အာရုံစိုက်လိုက်ရင် အဲဒါကို ပိုပိုပြီးတော့ သိလာတယ်။ ဖြစ်ချင်လာတယ်။ ဆိုတော့ ဆီးခဏ ခဏ သွားနိုင်တာတော့ ဆီးချိုတွေ တက်နေရင်လည်း ဆီးခဏ ခဏ သွားနိုင်တယ်။ ဆီးချိုကြောင့် ဆီးပိုးဝင်ပြီဆိုရင်လည်း ဆီးခဏ ခဏ သွားနိုင်တယ်။ နောက်တစ်ခုက ငါဆီးပေါက်ချင်တယ်။ နည်းနည်းလေး ပေါက်ချင်တာနဲ့ ထပေါက်ဆိုရင် အဲဒါမျိုးကျရင်လည်း ဆီး အခုသူပြောတယ်။ မေ့နေရင်လည်း မသွားဖြစ်ဘူးပေါ့။ ကိုယ့်ရဲ့ အပြုမှုနဲ့ ဆက်နွယ်တဲ့ ဆီးခဏ ခဏ သွားချင်လို့ ဒီဟာကို ကောက်ချက်ချတယ်။ ကိုယ်ပေါက်ချင်လာရင်လည်း ကိုယ်အလုပ် မပြတ်သေးရင် ကိုယ့်ဟာကိုယ် အေးဆေးပဲ နေပါ။ ပေါက်ချင်နေတယ်။ ခဏ ခဏ ပေါက်ရတာ အလုပ်ရှုပ်တယ်ဆိုရင်လည်း ငါ နောက် ၁၀ မိနစ် နေမယ်။ ၁၅ မိနစ်နေမယ်။ အဲကျမှ ပေါက်ပါ။ ပြီးရင် နောက်ထပ်တစ်ခါ အချိန်လေး ပိုနေချင်တယ်။ နာရီဝက် တစ်ခါမှ သွားပေါက်မယ်။

မေး - ဆရာကြီး တစ်ခုမေးချင်တာက လူတစ်ယောက်မှာ တစ်နေ့ကို ဆီးဘယ်လောက်သွားရမယ်လို့ လူတစ်ယောက်မှာ အကြိမ်ရည် သတ်မှတ်ထားတာ ရှိလား။

ဖြေ - ရှိတယ်ဗျ ပုံမှန်ဆိုရင်တော့ ကျွန်တော် သာမန်လူကောင်းတစ်ယောက်ပေါ့နော်။ မနက်အိပ်ယာထ ဆီးသွားလိုက်တယ်။ ပြီးရင် အစားစာ စားတယ်။ နေ့ခင်းပိုင်းတွေ တော်တော်များများသည် မသွားသလောက်ပဲ။ ညနေလောက်မှ တစ်ခါလောက် သွားချင်သွားတယ်။ သာမန်လူတစ်ယောက်ဟာ တစ်နေ့ကို နှစ်ကြိမ် ဖြစ်ချင် ဖြစ်မယ်။ သုံးကြိမ်ဖြစ်ချင်ဖြစ်မယ်။ ရေသောက်များမယ်ဆိုရင်တော့ ရေသောက်များသလောက်လဲ သွားနိုင်တယ်။ ရေသောက်များတာတောင်မှပဲ အပြင်ရာသီဥတု ကိုယ်က ပူတဲ့အထဲမှာ နေရင် ရေဘယ်လောက်သောက်သောက် ပေါက်ချင်မှ ပေါက်တယ်။ ထို့အတူပဲ ရေနည်းနည်းသောက်ပြီးတော့ အဲယားကွန်းခန်းထဲ အကြာကြီး ထိုင်နေပြီ ဆိုရင်လည်း ရေသောက်ရင် သောက်သလောက် ပြန်ပေါက်လေ့ရှိတယ်။ ဆီးသွားချိန် နည်းခြင်း များခြင်းသည် ပုံမှန်ပြောရရင် ဒါတွေပေါ်က အစ ကျွန်တော်တို့က ထည့်ပြီး တွက်တယ်။ ပုံမှန်ဆိုရင် ဆေးပညာအဆိုအရ နေ့ပိုင်းကို ၈ကြိမ်ထက်များရင်တော့ ရောဂါလို့ သတ်မှတ်တယ်။ ညပိုင်းကို အိမ်ယာက ထတာ သုံးကြိမ်ဆိုရင်တော့ ဒါရောဂါလို့ သတ်မှတ်တယ်။ သုံးကြိမ်အောက်ဆိုရင်တော့ ရောဂါလို့ မပြောသေးဘူး။ ဒါပေမယ့် ရောဂါလည်း ဖြစ်ရင် ဖြစ်နေနိုင်တာပေါ့။ နေ့ပိုင်းမှာ တစ်ခါတလေ ၇ ကြိမ်လောက် သွားတယ်။ ဒါပေမယ့် သူ့မှာ ဆီးရောဂါ ဖြစ်ချင် ဖြစ်နိုင်တယ်။ ဒါပေမယ့် အကြိမ်အရေအတွက်အားဖြင့်ဆိုရင် ဆေးပညာအလိုအရ အဲလိုလေး သတ်မှတ်ထားတယ်ပေါ့။

အပိုင်း (၄) ဆက်လက်တင်ဆက်ပေးပါမည်။

အပိုင်း(၁) အား ကြည့်ရန်-http://www.mizzimaburmese.com/article/32598

အပိုင်း(၂) အားကြည့်ရန်-http://www.mizzimaburmese.com/article/32661

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly