ဘူးသီးတောင်မှ ဘင်္ဂါလီ တစ်သောင်းခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာရန် နယ်စပ်အနီး ထပ်မံရောက်ရှိ

ဘူးသီးတောင်မှ ဘင်္ဂါလီ တစ်သောင်းခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာရန် နယ်စပ်အနီး ထပ်မံရောက်ရှိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး
 

အောက်တိုဘာ ၂ ။           ။ ဘူးသီးတောင်မှ ဘင်္ဂါလီ ၁၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာရန် နယ်စပ်အနီး ထပ်မံ ရောက်ရှိလာသောကြောင့် တာဝန်ရှိသူများက သွားရောက်ညှိနှိုင်းခဲ့ရကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာများမှဘင်္ဂါလီများသည် စားဝတ်နေရေးအခက်အခဲ ကြောင့်လည်းကောင်း၊ လုံခြုံရေးအခြေအနေအရကျေးရွာတွင် လုံခြုံမှုမရှိဟု ယူဆ၍လည်းကောင်း ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သို့ ရောက်ရှိနေသည့် ဘင်္ဂါလီများကထွက်ခွာရန် ဆက်သွယ်ပြောဆိုခြင်းများ ကြောင့် လည်းကောင်း၊ ၎င်းတို့အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ်သဖြင့် တစ်ဖက်နိုင်ငံရှိ ၎င်းတို့ မျိုးနွယ်စု များထံ သွားရောက်လိုခြင်းကြောင့်လည်းကောင်း မိမိနေထိုင်သည့် ကျေးရွာများမှ တစ်ဖက်နိုင်ငံသို့ သွားရောက်ရန် စက်တင်ဘာ ၂၆ ရက်မှ စတင်၍ ထွက်ခွာခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်အနီးသို့ စုပြုံရောက်ရှိ လျက်ရှိသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာနှင့် သာယာကုန်းကျေးရွာကြားတွင် ရောက်ရှိနေကြောင်း သတင်းအရ မောင်တောခရိုင်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁ ရက်နေ့ နေ့လည် ၁၁နာရီတွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

တိမ်းရှောင်ရောက်ရှိနေသည့် ဘင်္ဂါလီများအား စားဝတ်နေရေးအခက်အခဲရှိပါက ဆန်၊ ဆီ၊ ဆား၊ ပဲ (၄) မျိုးကို ဒေသအတွင်းမှ နှစ်ဖက်လူအဖွဲ့အစည်းများကို လူမျိုးဘာသာမရွေး ထောက်ပံ့ပေးနေကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍လည်း ဆောင်ရွက်နေမှုများ အား ရှင်းလင်းပြောခဲ့ကြသည်။

ဘင်္ဂါလီများအား ၎င်းတို့ဘက်မှ နားလည် သဘောပေါက်သော်လည်း တစ်ဖက်နိုင်ငံသို့သာ ၎င်းတို့ ကိုယ်ပိုင်ဆန္ဒဖြင့် သွားရောက်လိုကြောင်း ပြောဆိုခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဂူတာပြင်ကျေးရွာမှ ဘင်္ဂါလီ ၁၆၈ ဦးသည် စက်တင်ဘာ ၂၆ ရက်နေ့တွင် ရွာသစ်ကေကျေးရွာအနီး၌လည်းကောင်း၊ ရွှေထားကျေးရွာနှင့် ဇင်ခါးမကျေးရွာတို့မှ ဘင်္ဂါလီ ၂၅၅ ဦး၊ တောင်ချောင်းကျေးရွာနှင့် ပေါက်တောကျေးရွာမှ ဘင်္ဂါလီ ၂၈၁ ဦး၊ သိမ်တောင်ပြင်ကျေးရွာနှင့် ကာလီကျေးရွာတို့မှ ဘင်္ဂါလီ ၂၀၀ ဦးနှင့် ဒုအိုးသည်မကျေးရွာတို့မှ ဘင်္ဂါလီ ၃၅ ဦးတို့သည် စက်တင်ဘာ ၂၇ ရက်နေ့တွင် လေယာဉ်ကွင်းကျေးရွာအနီးကမ်းစပ်၌လည်းကောင်း၊ တောင်ချောင်းကျေးရွာ၊ ဇင်ခါးမ ကျေးရွာ၊ ဘိုလီကျေးရွာနှင့် ငွေတောင်ကျေးရွာတို့မှ ဘင်္ဂါလီ ၈၉၅ ဦးတို့သည် စက်တင်ဘာ ၂၈ ရက်တွင် လေယာဉ်ကွင်းကျေးရွာအနီးကမ်းစပ်၌လည်းကောင်း၊ ဂူတာပြင်ကျေးရွာမှ ဘင်္ဂါလီ ၅၃၀ ဦးတို့သည် စက်တင်ဘာ ၂၉ ရက်တွင် ပညောင်ပင်ကြီးနှင့် နယ်စပ်ခြံစည်းရိုးကြားတွင်လည်းကောင်း၊ ထပ်မံရောက်ရှိ လာသည့် ဘင်္ဂါလီ ၁၀၀၀၀ခန့်သည် လက်ဖွဲ့ကျကျေးရွာနှင့် ကွမ်းသီးပင်ကျေးရွာကြား အနောက်ဖက် တောစပ်တို့တွင် တစ်ဖက်နိုင်ငံသို့ ထွက်ခွာရန် စုပြုံရောက်ရှိနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly