အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတိုက်ခိုက်ခံရမှု သက်ဆိုင်ရာနိုင်ငံမှ တာဝန်ယူရမည်ဟုဆို

အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတိုက်ခိုက်ခံရမှု သက်ဆိုင်ရာနိုင်ငံမှ တာဝန်ယူရမည်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂ ။         ။ အီဂျစ်နိုင်ငံတွင်ဖွင့်လှစ်ထားသည့် မြန်မာသံရုံးကို Hasm စစ်သွေးကြွအဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်မှုနှင့်ပက်သက်ပြီး သက်ဆိုင်ရာနိုင်ငံမှ တာဝန်ယူရမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကပြောဆိုလိုက်သည်။

ရခိုင်တွင် အကြမ်းဖက်သမားများအား စစ်တပ်၏ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်းကို တုံ့ပြန်သည့် အနေဖြင့် အီဂျစ်ရှိ မြန်မာသံရုံးတွင် အသေးစားဖောက်ခွဲတစ်ရပ်ကို Hasm စစ်သွေးကြွအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ အဲဒါနဲ့ပတ်သက်ပြီးလို့တော့ အိမ်ရှင်ပေါ့နော်။ ဘယ်နိုင်ငံမှာမဆို တစ်ကမ္ဘာလုံးမှာရောက်နေတဲ့ သံရုံးတွေရဲ့လုံခြုံရေးကို သက်ဆိုင်ရာနိုင်ငံက တာဝန်ယူရတာ။ အဲ့တော့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်း သက်ဆိုင်ရာအစိုးရနဲ့လည်းပြောနေတယ် “ ဟု ဦးဇော်ဌေးကပြောဆိုသည်။

အဆိုပါ သံရုံးတွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာသံရုံးအဖွဲ့သားများ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

သို့သော် ဒေသခံများနှင့် ဌာနေမီဒီယာများက ပျက်စီးထိခိုက် ဒဏ်ရာရမှုများ ရှိထားနိုင်သည်ဟု သုံးသပ်ထားသည့် အဆိုပါ မြန်မာသံရုံး အသေးစားပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ထင်မြင်ချက် မပေးသေးပေ။

အီဂျစ်ဆိုင်ရာ မြန်မာသံရုံးတွင် အသေးစားဖောက်ခွဲမှု ဖြစ်ပွားခဲ့ခြင်းက ၎င်းတို့၏ တိုက်ခိုက်ခဲ့မှုဖြစ်ကြောင်း Hasm စစ်သွေးကြွအဖွဲ့က အောက်တိုဘာ ၁ ရက်တွင် အတည်ပြုပြောထားသည်။

တရားသူကြီးများ၊ ရဲများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည့် Hasm အဖွဲ့အနေဖြင့် အရပ်သားများအား တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ပြီး ၎င်းတို့ ကျုးလွန်ခြင်း ဖြစ်ကြောင်းကို ပထမဆုံး အတည်ပြုကြေညာလာခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly