စပိန်စူပါဖလား ဒုတိယအကျော့တွင် ဘာစီလိုနာ ပြန်လာနိုင်သေးသည်ဟု နည်းပြ အင်းနရစ်ပြောကြား

စပိန်စူပါဖလား ဒုတိယအကျော့တွင် ဘာစီလိုနာ ပြန်လာနိုင်သေးသည်ဟု နည်းပြ အင်းနရစ်ပြောကြား

သြဂုတ် ၁၅၊ စပိန် ။        ။ ဘီလ်ဘာအိုကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်စူပါဖလားပြိုင်ပွဲ ပထမအကျော့ပွဲစဉ်တွင် ဘာစီလိုနာအသင်းမှာ အိမ်ရှင်အသင်းကို ၄-၀ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။

ထိုရှုံးနိမ့်မှုအတွက် ဘာစီလိုနာနည်းပြ လူးဝစ္စအင်းနရစ်က တစ်သင်းလုံးကို ပြစ်တင်ပြောဆိုလိုက်ပြီး ပွဲစဉ်ဇယားမှာ ၎င်းတို့အတွက် ခက်ခဲကြောင်းပြောသည်။

'ဒုတိယအကျော့အတွက် ပြင်ဆင်ဖို့ သုံးရက်ပဲ အချိန်ရပါတယ်။ ကျွန်တော် အပြောင်းအလဲ အများကြီး လုပ်သွားမှာပါ။ ပထမအကျော့ ရှုံးနိမ့်မှုအတွက် အပြည့်အ၀ တာဝန်ယူသွားမှာပါ။ ဒီပွဲစဉ်ဇယားက ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ ဂျော်ဂျီယာမှာ ယူအီးအက်ဖ်အေစူပါဖလားပွဲစဉ်ကစားပြီး ဆက်တိုက်ကစားရတာပါ။ ဒီအချိန်မှာ ဆင်ခြေတွေ ပေးမနေချင်တော့ပါဘူး။ ဘောလုံးပြက္ခဒိန်ကတော့ သူ့အစီအစဉ်အတိုင်းကစားရမှာပါပဲ' ဟု အင်းနရစ်က ပြောသည်။

ဘီလ်ဘာအိုကို ပထမအကျော့တွင် ဂိုးပြတ်ရှုံးခဲ့ရသော်လည်း အင်းနရစ်မှာ လက်မလျှော့သေးပဲ ဒုတိယအကျော့တွင် ဘာစီလိုနာပြန်လာနိုင်သေးကြောင်း ပြောသည်။

'ဘီလ်ဘာအိုနဲ့ ကစားတဲ့ပွဲတိုင်း ဘယ်တော့မှ လွယ်လွယ်ကူကူ မကစားခဲ့ရပါဘူး။ သူတို့အတွက် ဂုဏ်ယူပါတယ်။ ဒါပေမဲ့ လာမယ့် တနင်္လာနေ့မှာ ကွဲပြားခြားနားတဲ့ အခြေအနေတစ်ခု ဖြစ်နေပါလိ့မ်မယ်။ ကျွန်တော်တို့ ပြန်လာနိုင်သလားဆိုတော့ ဒါက ပထမအကျော့ပဲရှိပါသေးတယ်။ ဘာစီလိုနာဆိုတာ အရှုံးကနေ ပြန်လာနိုင်တဲ့ အသင်းပါ' ဟု အင်းနရစ်က ဆိုသည်။

ဘာစီလိုနာအသင်းခေါင်းဆောင် အင်နီယေစတာကလည်း ၎င်းတို့အနေဖြင့် ပထမအကျော့တွင် အမှားအနည်းငယ်ပြုလုပ်ခဲ့မိကြောင်းနှင့် ကစားပုံမကောင်းခဲ့ကြောင်း ဝန်ခံခဲ့သည်။

အလွန်ခက်ခဲသည့်အခြေအနေဖြစ်သော်လည်း စပိန်စူပါဖလားကို ရရှိရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် မဖြစ်နိုင်ဘူးဆိုသည်မှာ မရှိကြောင်းလည်း အင်နီယေစတာက ပြောခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly