ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပြဿနာများ (အပိုင်း ၂)

ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပြဿနာများ (အပိုင်း ၂)

ကျွန်တော်တို့ရဲ့ ဒီအစီအစဉ်ကတော့ ကျန်းမာရေးရာ အဖြေရှာ အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ပရိတ်သတ်တွေကို တိုက်ရိုက်ဖြေကြားပေးဖို့အတွက် စီစဉ်ထားပါတယ်။ ဒီတစ်ပတ် ကျွန်တော်တို့ အစီအစဉ်မှာ ပါဝင်မယ့် ဆရာဝန်ကြီးကတော့ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းခွဲစိပ်ကု ဆရာဝန်ကြီး ပါမောက္ခဦးဘုန်းမြင့် ဖြစ်ပါတယ်။ ဆရာဝန်ကြီးဟာဆိုရင် သင်္ကန်းကျွန်း စံပြဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေပြီးတော့ ရန်ကုန်ဆေးတက္ကသိုလ်(၂)မှာ ပါမောက္ခဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါတယ် ခင်ဗျ။

မေး - နတ်ခါ့သစ်လို့ အမည်ရတဲ့ Account က မေးခွန်းတစ်ခုကို မေးထားပါတယ်။ အမျိုးသားနဲ့ တူပါတယ်ခင်ဗျာ။ ဆရာခင်ဗျာတဲ့ ကျွန်တော်ဆီးသွားရင် အနယ်ထိုင်သလိုမျိုး ဖြစ်နေတယ်။ နောက်ပြီး ဆီးသွားချင်ရင် ခဏအောင့်ထားလို့ မရဘူး အောင့်ထားရင် ထွက်ကျကုန်တယ် ခါးလည်းနာပါတယ်။ ကျွန်တော်က အလေးအပင် မ ရပါတယ်။ နောက်ပြီး ဆရာကြီး ဦးထွန်းညွန့်နဲ့လည်း ပြဖူးပါတယ်။ ရောဂါလဲ ရှာမတွေ့ပါဘူးလို့ မေးထားပါတယ်။

ဖြေ - ဆိုတော့ သူ့ရဲ့ ပြဿနာလေး က ဘာလဲဆိုတော့ ဆီးသွားရင် အနည်ထိုင်သလို ဖြစ်တယ်။ နောက်ပြီးတော့ ဆီးသွားရင် အောင့်ထားလို့ မရဘူး။ ဒါကတော့ ဆီးလမ်းကြောင်း လက္ခဏာလေးတွေပေါ့။ ထွက်ကျသွားတယ် ဒါလည်းဟုတ်တယ်။ ခါးလည်းနာတယ်ဆိုတော့ ဒီသုံးခုကို ကျွန်တော်က ဆက်စပ်လိုက်လို့ရှိရင် ခါးနာတာက စတာလား သို့မဟုတ်ရင်လည်း ဆီးလမ်းကြောင်း ပြဿနာက စတာလားပေါ့။ တကယ်လို့ ခါးနာတာက စလို့ရှိရင် အလေးအပင်တွေ မခဲ့လို့ သို့မဟုတ် အထိုင်များလို့ သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်။ ချော်လဲတာတို့ တင်ပါးနဲ့ ပြုတ်ကျတာတို့ဆိုရင် ဒါဆိုရင်တော့ ကျွန်တော်တို့က ခါးအရိုးနဲ့ဆိုင်တဲ့ ပြဿနာလေးတစ်ခု သူ့ကြောင့် အာရုံကြောလေးတွေ ထိခိုက်တယ်။ အဲဒီကနေ ဆီးကိုသွားတဲ့ အာရုံကြောလေးတွေ ကောင်းကောင်း အလုပ်မလုပ်တဲ့အတွက် ဆီးပြဿနာတွေ ပေါ်လာတယ်ပေါ့။ ဒီလိုယူဆရမယ်။ အဲဒါဆိုရင်တော့ ကျွန်တော်တို့က ခါးအတွက်လည်း ကုရပါမယ်။ ခါးကြောညပ်နေတဲ့ဟာလေးတွေ ဆီးအိမ်ကိုသွားတဲ့ အာရုံကြောလေးတွေ ပြဿနာပေးနေတဲ့ ဟာလေးတွေကိုလည်း ကျွန်တော်တို့က အလေးထားပြီး တစ်ပိုင်းက ကုရပါမယ်။ နောက်တစ်ပိုင်းကတော့ ဆီးသွားရင် အောင့်ထားလို့မရဘူး။ ဒီလိုမျိုး အာရုံကြောရောဂါကြောင့် ဆီးပြဿနာပေါ်တာကို ကျွန်တော်တို့က ခုနကပြောသလို ဆီးသွားချင်ရင် အောင့်ထားလို့မရဘူး မြန်မြန်ပြေးရတယ် ဆိုတာက ထွက်ကျပြီဆိုရင်တော့ ဒါ ဆီးအိမ် မလုံတော့ဘူးပေါ့။ အဲဒါတွေအပြင်ကို ဆီးခနခန သွားတာတို့ ဆီးခုံက မပေါက်နိုင်တာတို့ ဒါတွေလည်း လာပါလိမ့်ဦးမယ်။ အဲ့တော့ ဒီပြဿနာတွေ ဖြစ်လာခဲ့ရင် ဆီးကို ကောင်းကောင်း ကုန်အောင် မပေါက်နိုင်ဘူးဆိုရင်တော့ နောက်ဆက်တွဲက ဆီးပိုးလေးကလည်း ဝင်လာတတ်တယ်။ နောက်တစ်ခုက ဆီးအနည်ထိုင်တာကလည်း ဆီးအိမ်ကနေ ကုန်အောင်မပေါက်နိုင်ဘူးဆိုရင် ဆီးကျန်များမယ်။ ဒီ ဆီးကျန်ထဲမှာ ဆီး အနည်ထိုင်လာနိုင်တယ်။ နောက်တစ်ခုက ဆီးပိုး တွယ်လာနိုင်တယ်။ နောက်တစ်ခုက အဲဒီ အနည်ထိုင်လာတာနဲ့အမျှ ဆီးပိုး ဆီးခြောက်ဖြစ်ဖို့ အခွင့်အလမ်းပေါ့ အဲဒါ ဒါပေမယ့် ဆီးခြောက်ဖြစ်ဖို့ အခွင့်အလမ်းကတော့ အချိန်ကာလအပေါ် မူတည်တယ်။ ဥပမာ ဒီအခြေအနေသည် နှစ်နဲ့ ကြာလာရင်တော့ ဆီးခြောက်ဖြစ်ဖို့ နည်းနည်း အခွင့်အလမ်းလေး ပိုလာပြီပေါ့။ အဲလိုမှမဟုတ်ပဲ ဆီးကျန်များနေတယ် အချိန်ကာလလည်း အတိုင်းအတာတစ်ခုအထိ လပိုင်းလောက်တော့ ကြာလာပြီဆိုရင်တော့ ဆီးပိုးတွယ်တာလည်း ဖြစ်နိုင်တယ်။ ဒီဟာတွေအကုန်လုံးသည် ဘက်စုံကုလိုက်မှ ဖြစ်နိုင်မယ်။ ခါးနာတဲ့ကိစ္စသည် အာရုံကြောလေးကို ညပ်ပြီးတော့ အာရုံကြောနဲ့ပတ်သက်တဲ့ ဆီးအိမ်ရောဂါလေး ဖြစ်နေတယ်ဆိုရင်တော့ အဲဒီကိစ္စလေးကိုပါ ကျွန်တော်တို့က လုပ်ရမယ်။ အဲဒီမှာမှ ဒီ ခါးနာတဲ့ကိစ္စမှာလည်း အမြင့်ဆုံး ခါးနာပျောက်ဆေးသောက်မယ် နောက်တစ်ခုက လေးကျင့်ခန်းတွေလုပ်မယ် နောက်တစ်ခုက ခါးအရိုး စွဲဆန့်တဲ့ အချက်အလက်တွေရှိတယ်။ ဒါတွေအပြင်ကို သိပ်ဆိုးလာပြီဆိုရင်တော့ ကျွန်တော်တို့က ခါးအရိုးကို ခွဲစိတ်ကုသဖို့ တစ်ပိုင်းက သွားရပါမယ်။ အဲဒါလုပ်လိုက်ပြီးတာနဲ့ ဒီဘက်က ဆီးပြဿနာလေးတွေလည်း တော်တော်လေး   ဖြေရှင်းပြီးသား ဖြစ်သွားတာမျိုး ရှိနိုင်တယ်။ နောက်တစ်ခုက ဆီးလက္ခဏာတွေ ကျန်တယ်ဆိုရင်တော့ သက်ဆိုင်ရာ ဆီးပိုးသတ်တဲ့ ဆေးလေးတွေ ကျွန်တေ်ာတို့ သုံးဖို့လိုမယ်။ အာရုံကြောကြောင့် ဆီးအိမ်ကြွက်သား  မငြိမ်ဘူးဆိုရင်လည်း ဆီးအိမ်ကြွက်သားတွေ ငြိမ်တဲ့ ဆေးလေးတွေ ကျွန်တော်တို့ သုံးလို့ရတယ်။ ဆီးလမ်းကြောင်း အကုန်မပိတ်လို့ ပွင့်လို့ ဆီးကျန်တာများလို့ ဒီလိုတွေဖြစ်တယ်ဆိုရင်လည်း ဆီးလမ်းကြောင်း ပွင့်တဲ့ဆေးတွေ သုံးလို့ရပါတယ်။ အဲဒါကလည်း နီးစပ်ရာ ကိုယ်နဲ့ ပြသလေ့ရှိတဲ့ ဆရာဝန်ကြီးနဲ့လည်း ပြန်တိုင်ပင်လို့ရပါတယ်။ နောက်တစ်ခုကတော့ ဆီး၊ ကျောက်ကပ် အထူးကုဆရာဝန်တွေပေါ့ သူတို့တွေနဲ့လည်း ပြန်ပြီးတော့ တိုင်ပင်လိုက်ရင် ဒီကိစ္စလေးတွေ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။

မေး - အမျိုးသမီးတစ်ဦးဖြစ်တဲ့ မလဲ့မွန်ရဲ့ မေးခွန်းကို တွေ့ရပါတယ်။ သူက ဘာကိုမေးထားသလဲဆိုရင် ဆရာရှင့်တဲ့ ကျောက်ကပ်က လက်ရှိ အောင့်အောင့်နေပါတယ်။ မနှစ်ကတော့ ဆီးပိုးဝင်ပြီး ဆေးကုပီး သက်သာခဲ့ပါတယ်။ အခု ပြန်အောင့်ပြီးတော့ Ultrasound နဲ့ ဆီး၊သွေး ပြန်စစ်တော့လည်း Result က ကောင်းပါတယ် ဘာမှ မရှိပါဘူးတဲ့ ဒါပေမယ့် နေ့တိုင်း ကျောက်ကပ်က အောင့်နေပါတယ်။ ဘာလို့လဲဆိုတာ ဖြေကြားပေးပါရှင့်တဲ့ ကျေးဇူးတင်ပါတယ် ဆိုပြီး ဆရာကြီးကို မေးထားပါတယ်။

ဖြေ - မှန်တယ်။ ဒီဟာကလည်း တစ်ခုပေါ့နော်။ တစ်ခါတစ်လေကျရင် လူနာတွေက ကျောက်ကပ်အောင့်တယ် ဆီးအိမ်အောင့်တယ် ဆိုတော့ ကျွန်တော်ကတော့ ကျွန်တော်ဆီကို လာလို့ရှိရင် ကျွန်တော် ကျောက်ကပ်အောင့်တယ် ဆိုတာကို ဘယ်နေရာမှာ နာတယ်ဆိုတာကို ပိုသိချင်တယ်။ ဆီးအိမ် အောင့်တယ်လို့ ပြောမှာထက်စာရင် ကျွန်မ ဘယ်နေရာမှာနာတယ် ကျွန်တော် ဘယ်နေရာမှာ နာတယ်ဆိုတာကို ကျွန်တော် ပိုသိချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေကျရင် လူနာတွေက ကျောက်ကပ်အောင့်တယ်လို့ ထင်ပေမယ့်လည်း အဲဒီနေရာမှာ ကျောက်ကပ်က မရှိတာမျိုးပေါ့နော်။ ဆိုလိုတာက တစ်ခါတစ်လေကျရင် လူနာနဲ့ ဆရာဝန်ကြားထဲမှာ သူတို့လုပ်တဲ့ Complain လေးတွေက တကယ်ဖြစ်တဲ့ အချက်အလက်အမှန်ကို ဖမ်းရတာ ခက်တယ်။ ဆိုလိုတာက ကျွန်မ ခါးမှာနာတယ်။ ကျွန်တော် ခါးနာတယ် ခါးညာဖက်ဘေး ဘယ်ဘက်ဘေး ဒါဆိုရင်တော့ ဒါ ကျွန်တော်တို့က ဘာကြောင့်ဖြစ်နိုင်တယ် ကျွန်မ ဆီးခုံမှာနာတယ် ဗိုက်အောင့်ပိုင်း ချက်အောက်ပိုင်းမှာ နာတယ် ဒါဆိုရင်တော့ ဆီးအိမ်နေရာမှာပဲ အဲလိုမျိုး ကျွန်တော်တို့က တိတိကျကျလေး သိချင်တယ်။ ကိုယ့်ဘာသာကိုယ် ကျွန်တော်တို့က နေရာလေးပေါ် မူတည်ပြီးတော့ စဉ်းစားချင်တယ်။ စလာကတည်းက တချို့လူနာတွေဆိုရင် ကျွန်တော် ကျောက်တည်နေလို့ ဒီလိုမျိုးပြောတော့ မဟုတ်ဘူး ကျောက်တည်တယ်ဆိုတာ ဘာကြောင့်ပြောတာလည်းဆိုတာ ကျွန်တော် ပြန်မေးရတယ်။ ကျွန်တော်တကယ်လိုချင်တာက လူများက ရောဂါကို ရှာပေးလိုက်ပြီ မှန်သော်လည်းပဲ ကျွန်တော်ကလည်း ကျွန်တော်နည်း ကျွန်တော်ဟန်နဲ့ပေါ့ ဘာဖြစ်တယ်ဆိုတာကို အစအဆုံး သူ့ရဲ့ ရောဂါရာဇဝင်လေးကို နားထောင် ဘာတွေဖြစ်တယ်ဆိုတာကို အစအဆုံး သူ့ရဲ့ ရောဂါရာဇဝင်လေးကို နားထောင် ဘာတွေဖြစ်တယ် ကျွန်တော်သိချင်တာတွေကို မေးပြီးတော့ ကျွန်တေ်ာက ဒီလိုလေးထင်တယ်။ အဲတော့ ဟိုဆရာနဲ့ ကိုက်နေတယ်ဆိုရင်လည်း ဒါ ကိစ္စက ပြီးပြီ။ မတူဘူးဆိုရင်လည်း မဟုတ်ဘူး ခင်ဗျားဖြစ်တဲ့ ဒီပြဿနာလေးကတော့ ဒါကြောင့် ကျွန်တော်ကတော့ ဒီလိုလေးထင်တယ်။ အဲလိုလေး ဆေးပေးကြည့်ချင်တယ်။ အဲလိုမျိုးလေး ကျွန်တော်တို့က ပြန်ဆွေးနွေးရပါတယ်။ ကျွန်တော် နေ့တဒူဝ လူနာကြည့်နေတဲ့အချိန်မှာလည်း အဲလိုတွေများတယ်။ အထူးသဖြင့် ဆရာဝန်လေးတွေ ညွှန်လိုက်တယ်။ သူတို့ကလည်း Ultrasound လေးလုပ်ခဲ့တယ်ဆိုတော့ ဘယ်နေရာမှာ နာတယ်ဆိုပြီး သူတို့က တန်းပြောတာ။ ကျွန်တော်ကတော့ သူတို့ကိုလည်း အဲလိုမျိုး ရှင်းပြပြီးတော့ အစအဆုံး ပြန်မေးတယ်။ အခု ဒီမှာလည်း ကျောက်ကပ်အောင့်တယ်ဆိုတော့ ကျောက်ကပ်နေရာသည် ဘယ်နေရာမှာလဲ သူ တကယ်အောင့်နေတာသည် ဘယ်နေရာမှာလဲ အဲဒါလေးကို ကျွန်တော်က ပြန်ပြီးတော့ စဉ်းစားချင်တာပေါ့။ ဥပမာ ကျောမှာ ဘေးမှာ အောင့်တယ်ဆိုရင်တော့ ဒါ ကျောက်ကပ်ဖြစ်နိုင်တယ်။ ဒါတောင်မှပဲ ကျောက်ကပ်လို့ ဆိုသော်လည်းပဲ သူက ဘယ်ညာ နှစ်ဖက်မှာရှိတာ။ ဒါပေမယ့် အဲဒီမှာတောင်မှပဲ တစ်ခါတစ်လေကျရင် ရောဂါလက္ခနာတွေက ဆင်တူဖြစ်နေတဲ့ ရောဂါတွေကလည်း ရှိနေတော့ ကျွန်တေ်ာတို့က အသေးစိတ်မေးခွန်းလေးတွေ မေးရဦးမှာပေါ့။ ဒီမှာလည်း ကျောက်ကပ်နာတယ်ဆိုရင်တော့ ကျွန်တော်အတွက်တော့ တော်တော်ခက်တယ်။ ဒီဟာ ဘာကြောင့်နာသလဲဆိုတာကို ပြောဖို့က နည်းနည်းခက်တာပေါ့။

မေး - အဲတော့ ဆရာကြီးကို ကျွန်တော် အတိုချုံးလေး ဖြတ်မေးချင်လို့ အခုမေးခွန်းတွေ မေးလာတဲ့ မိဘပြည်သူတွေက ခါးနာတာကို အဓိကထား ပြောကြတယ်ဆိုတော့ ကျွန်တော်တို့လည်း ဗဟုသုတ သိသလောက်လေးကတော့ ကျောက်ကပ် ဆီးလမ်းကြောင်း ပြဿနာသည် သူ့ရဲ ရောဂာ လက္ခဏာသည် ခါးနာတယ်လို့ ပြောကြတယ်လေ။ ဆိုတော့ ကျောက်ကပ် ဆီးလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ရောဂါလက္ခဏာတွေပြရင် ဆင်တူတာတွေက ခါးလို့ ပြောလို့ရလားဆရာ။

ဖြေ - ရပါတယ်။ ခါးမှာလည်း ကျွန်တော်တို့က ခုနက ပြောခဲ့တယ် ခါးရဲ့ ဘေးပိုင်း ဘေးပိုင်းဆိုတာက ကျောက်ကပ်က ခါးရိုးဆစ်ကြီးရှိတယ်။ ခါးရိုးဆစ်ရဲ့ဘေးမှာ ပါရာပေရယ်မာဆယ် ဆိုတာရှိတယ်။ အဲဒါပြီးမှ ကျောက်ကပ်ပေါ့။ ဆိုတော့ ခါးနာတယ်ဆိုပေမယ့်လည်း ခါးရဲ့ ဘေးဘက်ပိုင်း ပိုရောက်လာပြီပေ့ါ။ အဲဒါဆိုရင်တော့ ကျွန်တော်တို့က ကျောက်ကပ်လို့ ပိုယူဆတယ်။ ခါးရိုး အလယ်တည့်တည့်မှာ နာတယ်ဆိုရင်တော့ ခါးရိုးဆစ်နဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခုပေါ့။ နောက်တစ်ခုက ခါးရိုးရဲ့ဘေးမှာ ခင်ဗျားတို့ ကိုယ့်ကိုကိုယ် ပြန်စမ်းကြည့်ရင်လည်း သိနိုင်တယ်။ ကြွက်သား အကြောမြောင်းကြီး နှစ်ခုရှိတယ်။ အဲဒါကို ကျွန်တော်တို့က ပါရာပေရယ် မာဆယ်လို့ ခေါ်တယ်။ အဲတော့ အဲဒီဟာမှာ နာတယ်ဆိုရင် ကျွန်တော်တို့က ခါးအရိုးဆစ်နဲ့ ပတ်သက်ပြီးရင်လည်း ခါးအရိုးဆစ် အလယ်တည့်တည့်ရော ဘေးမြောင်းမှာရော နာနိုင်တယ်။ ခုနက အာရုံကြော ညပ်တယ်ဆိုတဲ့ ဟာတွေပေါ့ အလေးအပင်မလိုက်လို့ အထိုင်များလို့ အကြောင်းအမျိုးမျိုးကြောင့် အားကစားတစ်ခုခုလုပ်ရင်းနဲ့ ဒဏ်ဖြစ်လို့ ဖင်ထိုင်ရက် ပြုတ်ကျလို့ လဲလို့ ဒါတွေကြောင့်လဲ ခါးအကြော ညပ်နိုင်တယ်။ အဲဒီ ခါးကြောညပ်တာတွေသည် များသောအားဖြင့် အလယ်မှာဖြစ်တယ်။ ဘေးဘက်ကို ပိုရောက်သွားပြီဆိုရင်တော့ ကျွန်တော်တို့က ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းနဲ့ ဆက်နွယ်တဲ့ နာကျင်မှုမျိုး ဖြစ်နိုင်တယ်။ ဖြစ်နိုင်တယ်ပဲ ။

မေး - ဒါဆို သံသယရှိရင်တော့ ဒီဆရာဝန်ကြီးတွေဆီကို သွားပြီးတော့ ဆေးကုသမှု အရင်ဆုံး လက်ဦးမှု ရယူသင့်တာပေါ့နော်။

ဖြေ - မှန်ပါတယ်။ ဆိုလိုတာက ကျွန်တေ်ာတို့ အစလေးကို ဖြောင့်သွားအောင် စဉ်းစားတော့မှ ဘယ်မှာ လဲပြောတယ် အခုရှုပ်မှ နောင်ရှင်းပြောတယ်။ ဒါကြောင့် ကျွန်တေ်ာတို့ဆီကို ရောက်လာရင် ကျွန်တော်တို့က မေးခွန်းတွေမေးတယ်။ ကျွန်တေ်ာလူနာတစ်ယောက် အသစ်ဆိုရင် သူ့ရဲ့ ရောဂါအကြောင်းကို ကျွန်တော်လိုချင်တဲ့ အချက်အလက်တွေ သိတဲ့အထိ ကျွန်တေ်ာမေးတယ်။ မေးပြီးတော့မှ ဒါသည် ဘာဖြစ်နိုင်တယ်ပေါ့ တစ်ခါတစ်လေလည်း မေးတယ်။ သူတို့ကလည်း အထူးသဖြင့် နယ်ကလာတဲ့ တချို့လူနာတွေဆို ကိုယ်မေးတဲ့မေးခွန်းနဲ့ သူတို့ဖြေတာတွေက လုံးချာလည်လိုက်ပြီးတော့ ကိုယ်လည်း ဘာမှမရဘူး။ ဒီလိုလေးလည်း ဖြစ်တတ်ပါတယ်။ ဆိုတော့အဓိကကတော့ အချက်အလက်မှန်ပေါ့ လူနာကနေပြီးတော့ အချက်အလက်မှန်လေးကို ကျွန်တေ်ာတို့ကို ပေးလို့ရှိရင် ကျွန်တော်တို့ကလည်း ဒါ ကိုယ့်ခေါင်းထဲမှာ တန်းစီပြီးတော့ စဉ်းစားးသွားရုံပဲ။ အဲလို စဉ်းစားသွားလို့ရှိရင် လိုချင်တဲ့အဖြေလေးတစ်ခု ထွက်လာလိမ့်မယ်။ အဲဒါကျမှ ကျွန်တော်တို့က ရောဂါရမှ ရောဂါသိမှ ဆေးရှိမှာပေါ့။ ဒါလေးတစ်ခုပါ။

မေး - ဟုတ်ကဲ့ပါ ဆရာကြီးခင်ဗျာ။ ဆိုတော့ နောက်ထပ် မေးခွန်းတစ်ခုကတော့ ထိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုနေမင်းရဲ့ မေးခွန်းကို တွေ့ရှိရပါတယ်။ သူမေးထားတဲ့ မေးခွန်းကတော့ မင်္ဂလာပါဆရာတဲ့။ ကျွန်တော် ထိုင်းမှာ နေပါတယ်။ သူကလည်း မကြာခန ခါးနာတဲ့သူပါပဲ။ ဆေးရုံပြကြည်တော့ ကျောက်ကပ်မှာ ကျောက်တည်ပြီး အသည်းလည်း ရောင်နေတယ်လို့ ပြောပါတယ်။ ကျနော် ခါးနောက်ကြောက နာပြီး ဆီးခုံတွေပါ အရမ်းအောင့်တယ် အောင့်ရင်လည်း မနေနိုင် မထိုင်နိုင် ဖြစ်ရပါတယ်။ အဲဒါ ဘယ်လိုသောက်ဆေးမျိုး သောက်ရမလဲ ညွှန်ပြပေးပါတဲ့။

ဖြေ - အဲတော့ ဒီမှာ ဆီးလက္ခဏာနဲ့ ပတ်သက်ပြီးတော့ ကျွန်တေ်ာတို့က ကျောက်ကပ်ရှိတယ်။ ကျောက်ကပ်ကနေပြိးတော့ ဆီးပြွန်နှစ်ခု ဆင်းတယ်။ အဲဒီ ဆီးပြွန်နှစ်ခုသည် နောက်ဆုံး ဆီးအိမ်ထဲကို ဝင်သွားတယ်။ အဲတော့ ဒီနေရာမှာလည်း ကျောက်ကပ်မှာ ကျောက်တည်တယ်။ သို့မဟုတ် ကျောက်ကပ်လမ်းကြောင်း ပိတ်တယ် တစ်ခုခုဆိုရင် ခါးမှာနာတယ်ပေါ့။ တကယ်လို့များ ဒီ ကျောက်ပိတ်တာသည် ဆီးပြွန်ထဲမှာ ဖြစ်တယ်ဆိုရင်တော့ ဒီ ဆီးပြွန်အပေါ်မှာ ကျောက်ရှိတဲ့နေရာ အနိမ့်အမြင့်ပေါ် မူတည်ပြီးတော့ သူ့ရဲ့ လက္ခဏာပေါ့ နာတဲ့လက္ခဏာကလည်း အောက်ကိုဆင်းတယ်။ အဲဒါကို ကျွန်တော်တို့က ဘာလို့ခေါ်လဲဆိုတော့ နာတဲ့အနာသည် ခါးမှာနာတယ် ပြီးလို့ရှိရင် အရှေ့ကို ထိုးဆင်းလာတယ်။ ခါးကိုပတ်ပြီးတော့ အရှေ့ကိုထိုးဆင်းလာတဲ့ ဘယ်လိုခေါ်မလဲ ချက်နားအထိ နာတယ် သို့မဟုတ် ချက်အောက်ကို ဆင်းသွားတယ်။ အဲဒါတွေသည် ဆီးပြွန်ထဲမှာ ကျောက်ပိတ်တဲ့ လက္ခဏာပဲပေါ့။ ဒီလိုယူဆတယ်။ အခု သူဖြစ်တဲ့ပြဿနာကလည်း ခါးနာတယ် ဟုတ်တယ် ဆီးပြွန်ထဲမှာ ကျောက်ပိတ်ရင်လည်း ခါးနာတယ်။ ပြီးတော့မှ သူက အရှေ့ကို ထိုးပြီးတော့ ဆင်းလာတာပေါ့။ ဆီးခုံထိဆင်းတယ်။ ဆိုတော့ဒါသည် ဆီးပြွန်ထဲမှာ ကျောက်တည်ပြီတော့ ကျောက်ပိတ်နေတဲ့ လက္ခဏာနဲ့ နည်းနည်းဆင်တူတယ်။ ကျွန်တေ်ာ ဒါလေးနဲ့တော့ ဘာရောဂါလဲဆိုတာ အတိအကျ မပြောချင်ဘူး။

မေး - သူကတော့ ဆေးရုံပြကြည့်တဲ့အခါမှာ ကျောက်ကပ်မှာ ကျောက်တည်နေတယ်လို့ ပြောပါတယ်။

ဖြေ - အဲလိုပြောပေမယ့်လည်း ခါးနောက်ကြောကနေ ဆီးခုံတွေပါ ပြန်အောင့်နေတယ်။ အဲလိုလေးပြောထားတော့ ဆီးခုံတွေပါ အရမ်းအောင့်ပြီဆိုရင်တော့ ဆီးပြွန်ထဲမှာ ကျောက်ရှိနေပြီလို့ ကျွန်တော်ယူဆတယ်။ ဒါ ကျွန်တော့်အယူအဆ ပေါ့လေ။ မှားရင်လည်း မှားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချက်အလက်လေးပေါ် မူတည်ပြီး မှတ်ချက်လေးပေးတော့ အဲတော့ မလွယ်ဘူး။ အဲတော့ ပိတ်ရင်လည်း ခါးပါနာတယ်။ ဆီးပြွန်ထဲမှာ ပိတ်ရင်လည်း ခါးလည်းနာတယ်။ နောက်ပြီးတော့ အောက်ထဲထိလည်း ဆင်းပြီးနာတယ်။ အခုတော့ ကျွန်တော်က ဒီလက္ခဏာအရဆိုရင်တော့ ဆီးပြွန်ထဲမှာ ကျောက်တည်ပြီးတော့ ပိတ်နေတယ်။ ပိတ်တဲ့အတွက် နာနေတယ်ပေါ့။ ဆေးသောက်ရင်တော့ ခနတော့ သက်သာမယ်ဗျ။ ဆိုလိုတာက အကိုက်အခဲပျောက်ဆေး အမျိုးမျိုး ပေးလို့ရပါတယ်။ ဒါပေမယ့် ဆေးအရှိန်ရှိတုန်းပဲ သက်သာမယ်။ ဖြစ်နိုင်ရင်တော့ ဒီကျောက်ကို လမ်းကြောင်းကနေ ဖယ်ပစ်လိုက်ရင် ကောင်းတယ်။ ဖယ်လိုက်တယ်ဆိုတာက ခွဲစိတ်ပြီးတော့လည်း ဖယ်လိုက်နိုင်တယ် မှန်ပြောင်းကြည့်ပြီးတော့ ချေလို့လည်းရတယ်။ ဒါတွေကတော့ အကုန်လုံး ပြောရရင်တော့ ကျွန်တော်တို့ မြန်မာပြည်နဲ့ ထိုင်း။ ဆီးကျောက်ကပ် ရောဂါခွဲစိတ်ဖို့ အရှေ့တောင်အာရှပေါ့ ဒီဟာတွေမှာ ကျွန်တေ်ာတို့ မြန်မာပြည်က ဆရာဝန်တွေလည်း အများကြီး သွားရောက် ဆွေးနွေး ပူးပေါင်းပြီး လုပ်ကိုင်နေတယ်ပေါ့။ ပြောရရင်တော့ မြန်မာပြည်မှာ ကျွန်တော်တို့ ကုနေတဲ့ ကုထုံးတွေကလည်း International Standard ပဲ။ ရှင်းရှင်းပြောရရင်တော့ Europe Guidelines America Guidelines တွေရှိတယ်။ ကျွန်တော်တို့ ဒီမှာ လုပ်နေတာသည် ဒီ Guidelines နဲ့ပဲ အလုပ်လုပ်နေတာ။ ဒီပညာရှင်တွေသည် အကုန်လုံး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပြောဆိုဆွေးနွေးလို့ရနိုင်တဲ့ အခြေအနေမှာပဲ။ ဒီအရဆိုရင်တော့ ကျွန်တော် အခု သိချင်တာကတော့လေ ဓါတ်မှန် ရိုက်ကြည့်ဖို့လိုတယ်။ ဓါတ်မှန်မှာ ကျောက်ကလေး ဘယ်နားမှာ ရှိသလဲ အဲဒါဆိုရင်တော့ ဘာလုပ်လို့ရသလဲပေါ့။ အခုကတော့ အကိုက်အခဲပျောက်ဆေးလေးတော့ အနာပျောက်အောင်တော့ သောက်ရမှာပဲ။ ဒါပေမယ့် အဲဒါသည် ရေတိုအတွက်ပဲ သက်သာမယ် ရေရှည်ကောင်းသွားဖို့ မဟုတ်ဘူးပော့။

အပိုင်း(၁) အား ကြည့်ရန်-http://www.mizzimaburmese.com/article/32598

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly