အလှအပအတွက် မုန့်ဖုတ်ဆိုဒါရဲ့ အသုံးဝင်ပုံ ၁၃ ချက်

အလှအပအတွက် မုန့်ဖုတ်ဆိုဒါရဲ့ အသုံးဝင်ပုံ ၁၃ ချက်

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အလှအပအတွက် မုန့်ဖုတ်ဆိုဒါရဲ့ အသုံးဝင်ပုံ ၁၃ ချက်

Baking Soda (မုန့်ဖုတ်ဆိုဒါ သို့မဟုတ် စားဆိုဒါ)

sodium bicarbonate ဖြစ်တဲ့ မုန့်ဖုတ်ဆိုဒါက အသားအရေအတွက် အသုံးဝင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ချိုးမယ့်ရေထဲမှာ နည်းနည်းလောက်ထည့်လိုက်ရုံနဲ့ ခြောက်သွေ့ပြီး အရေခွံကွာတဲ့အသားအရေ၊နဲ့ ယားယံတတ်တဲ့အသားအရေကို သက်သာစေနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကိုရေနဲ့ရောပြီးအသုံးပြုရင် အသားအရေကို ဆဲလ်သေဖယ်ရှားသန့်စင်နိုင်၊ အသားမာတွေကို ပျော့ပျောင်းစေနိုင်၊ရောင်ရမ်းနေတဲ့ အသားအရေကိုသန့်စင်စေနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက သဘာဝချွေးနံ့ပျောက်ဆေးအဖြစ်လည်း အသုံးဝင်ပါသေးတယ်။

အသားအရေအလှအပအတွက် မုန့်ဖုတ်ဆိုဒါရဲ့ အကျိုးကျေးဇူး

၁) ခြောက်သွေ့တဲ့အသားအရေ

သင့်ရဲ့အသားအရေက ခြောက်သွေ့ပြီး အရေခွံတွေကွာထွက်တတ်တယ်ဆိုရင် ရေချိုးတိုင်း မုန့်ဖုတ်ဆိုဒါနည်းနည်းသုံးပေးနိုင်ပါတယ်။ တကယ်တော့ အသားအရေခြောက်သွေ့ကွာထွက်တတ်တဲ့ အရေပြားရောဂါအတွက် ကုထုံးတစ်ခုအဖြစ်တောင် ပညာရှင်တချို့က ညွှန်းပေးတတ်ပါတယ်။ မုန့်ဖုတ်ဆိုဒါက ရေရဲ့ pH  ပမာဏကို မြှင့်တင်ပေးနိုင်တယ်လို့ယူဆရပါတယ်။ အရေခွံကွာလွန်းတဲ့အသားအရေ ရှိသူတွေအတွက် မုန့်ဖုတ်ဆိုဒါထည့်ထားတဲ့ရေချိုးကန်ထဲမှာ မိနစ် ၃၀ ကနေ ၆၀ လောက်အထိ စိမ်ပေးတာမျိုးကို တစ်ပတ် သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ပြီးရင်တော့ အစိုဓာတ်ထိန်း moisturizer လိမ်းပေးပါ။

၂) အရေပြားယားယံခြင်း

အကောင်ကိုက်ခံရတာမျိုး၊ အင်းဆက်ကိုက်ခံရတာမျိုးလို အရေပြားယားယံရတဲ့ဝေဒနာတွေကို လည်း မုန့်ဖုတ်ဆိုဒါထည့်ထားတဲ့ရေ ချိုးရင်းနဲ့ သက်သာစေနိုင်ပါတယ်။

၃) အရေပြားရောင်ရမ်းခြင်း

မုန့်ဖုတ်ဆိုဒါက အသားအရေအတွက် သန့်စင်စေပြီး ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းသတ္တိတွေရှိပါတယ်။ မျက်ခွံရောင်ရမ်းနာ (blepharitis) ဖြစ်နေသူတွေမှာ မျက်ခွံတွေကို သန့်စင်စေဖို့ မုန့်ဖုတ်ဆိုဒါဆေးရည်ကို အသုံးပြုဖို့ ပညာရှင်တချို့က အကြံပြုကြပါတယ်။ ဒီရောဂါရှိသူတွေဟာ မျက်ခွံထောင့်တွေမှာရှိနေတတ်တဲ့ မျက်ဝတ်တွေမှာ ပိုးမွှားတွေရှိနေတတ်တာကြောင့် မျက်ခွံကို အပြင်ဘက်ကနေ ပုံမှန်သန့်ရှင်းပေးဖို့ လိုပါတယ်။ ပိုးသတ်ထားတဲ့ရေသန့် ၁၀၀ မီလီဂရမ်မှာ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းထည့်ပြီး သန့်စင်ဆေးရည်ဖန်တီးနိုင်ပါတယ်။

ဒီနည်းအပြင် ခြင်ကိုက်တာကအစ ကလေးတွေမှာ သေးခံအဝတ်ကြောင့်အရေပြားနီရဲပြီးလောင်တာတွေအထိ အရေပြားရောင်ရမ်းခြင်းအမျိုးမျိုးအတွက်အသုံးဝင်ပါတယ်။

၄) အရေပြားဆဲလ်သေများဖယ်ရှားပေးခြင်း

အရေပြားဆဲလ်သေအလွှာကို ဖယ်ရှားပေးခြင်း(Exfoliation) ကိုလုပ်လိုက်ရင် အသားအရေသွင်ပြင်ကို အမှန်တကယ်သိသာကွဲပြားသွားစေပါတယ်။ဒီလိုလုပ်ဖို့ ငွေကုန်ကြေးကျခံစရာမလိုပါဘူး။ မုန့်ဖုတ်ဆိုဒါကို ပျစ်ပျစ်လေးဖျော် လိမ်းပြီး ရေနွေးနွေးလေးနဲ့ ဆေးကြောပေးရင် ဆဲလ်သေတွေဖယ်ရှားပြီးချောမွေ့တဲ့အသားအရေကို ရရှိနိုင်မှာပါ။

မျက်နှာဆေးတာကို ဘယ်နှကြိမ်လောက်လုပ်ဖြစ်ကြလဲ။ ကိုယ်က ထိခိုက်လွယ်တဲ့အသားအရေ ဒါမှမဟုတ် ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဖြစ်ရင် တစ်ပတ်ကို တစ်ကြိမ် ၊ နှစ်ကြိမ်တော့ မျက်နှာဆေးသင့်ပါတယ်။ အသားအရေထူတဲ့ အဆီပြန်တဲ့သူတွေမှာတော့ ဒီထက်ပိုပြီး မကြာခဏလုပ်ပေးနိုင်ပါတယ်။

၅) အသားအရေကို ဝင်းလက်စေခြင်း

အသားအရေက မွဲခြောက်နေပါသလား။ အသားအရေဝင်းလက်တောက်ပစေဖို့ အသုံးများတဲ့နည်းလမ်းတွေထဲမှာ မုန့်ဖုတ်ဆိုဒါနဲ့ သံပရာရည်ပေါင်းစပ်တဲ့နည်းလည်း ပါဝင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက မွဲခြောက်နေတဲ့အရေပြားအပေါ်လွှာကို ညင်သာစွာဖယ်ရှားသန့်စင်ပေးချိန်မှာ ဗီတာမင်စီက အရေပြားမှာ ညိုမည်းစေမယ့်အရောင် melanin ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ မုန့်ဖုတ်ဆိုဒါအနည်းငယ်ကို သံလွင်ဆီ၊ သံပရာရည်နဲ့ရောပြီး အသားမှာလိမ်းပေးပါ။ ၁၀ မိနစ်ကြာရင် ရေဆေးချလို့ရပါပြီ။

၆) အသားမာတွေကို ပျော့ပျောင်းစေခြင်း

ခြေဖဝါးမှာ အသားမာတွေ ဖြစ်နေလို့စိတ်ရှုပ်နေရပြီလား။ မုန့်ဖုတ်ဆိုဒါက ကူညီပေးနိုင်မှာပါ။ ကြက်သီးနွေး ရေထဲကို မုန့်ဖုတ်ဆိုဒါ လေးဇွန်းထည့်ထားတဲံ့ ရေဇလုံထဲ ခြေထောက်စိမ်ထားပေးပါ။ အသားမာတွေကို ပွတ်တိုက်ဖို့ ကြေးတွန်းကျောက်ကို သုံးနိုင်ပါတယ်။

၇) ချွေးထွက်များတဲ့အသားအရေ

ဓာတုပစ္စည်းတွေပါဝင်မှုများတဲ့ ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးတွေသုံးနေရတာ စိတ်မချဘူးဆိုရင် မုန့်ဖုတ်ဆိုဒါက သဘာဝဆေးဝါးတစ်ခုပါ။ ပိုးသတ်နိုင်တဲ့အာနိသင်ကြောင့် အနံ့အသက်ပြင်းစေတဲ့ဘက်တီးရီးယားကို ရှင်းပေးနိုင်တဲ့အပြင် ချွေးကိုစုပ်နိုင်တာကြောင့် သန့်ရှင်းမှုနဲ့ ခြောက်သွေ့တဲ့ ခံစားမှုကိုရရှိစေမှာပါ။ ချိုင်းကြားကို မုန့်ဖုတ်ဆိုဒါချည်းပဲ အနည်းငယ်လိမ်းနိုင်သလို ကိုယ်လိမ်းပေါင်ဒါအနည်းငယ်နဲ့ ရောလိမ်းလို့လည်းရပါတယ်။

၈) လက်သည်းအတွက် scrub

လက်သည်းအလှအတွက် လက်သည်းပန်းကုံးတွေကို ညှပ်ထုတ်တာ၊ပွတ်တိုက်ပြီးစားပစ်တာတွေလုပ်တာက ပိုးဝင်စေနိုင်ပါတယ်။ လက်သည်းလေးတွေ သန့်စင်လှပပြီး ချောမွတ်နေဖို့ မုန့်ဖုတ်ဆိုဒါကို scrub အဖြစ်သုံးကြည့်ပါ။ မုန့်ဖုတ်ဆိုဒါသုံးဆ၊ ရေတစ်ဆ ရောထားတဲ့ အနှစ်ကို သွားပွတ်တံအနုလေးနဲ့တို့နှစ်ပြီး လက်နဲ့လက်ချောင်းတွေကို စက်ဝိုင်းပုံစံပွတ်တိုက်ပါ။ ရေနွေးနွေးလေးနဲ့ဆေးကြောပေးပါ။ နောက်မှ ပုံမှန်အတိုင်း လက်သည်းအလှဆီ ဆိုးလို့ရပါတယ်။

တခြားအသုံးဝင်ပုံများ

မုန့်ဖုတ်ဆိုဒါကို တခြားဆေးဖက်ဝင်တွေနဲ့ ပေါင်းစပ်ပြီး အသုံးပြုလို့ရပါသေးတယ် –

၉) ပျားရည်နဲ့ မုန့်ဖုတ်ဆိုဒါ Scrub

မုန့်ဖုတ်ဆိုဒါချည်းပဲဆို scrub တစ်မျိုးအဖြစ် ကောင်းကောင်းသုံးလို့ရပေမယ့် သူက အသားနည်းနည်းခြောက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အသားအရေကို အစိုဓာတ်ထိန်းပေးတဲ့ပျားရည်ကို ဆတူရောသုံးတာ ပိုကောင်းပါတယ်။ ပြီးရင် moisturizer  ကောင်းကောင်းသုံးလိုက်ပါ။

၁၀)အုန်းဆီနဲ့ မုန့်ဖုတ်ဆိုဒါ Scrub

မုန့်ဖုတ်ဆိုဒါနဲ့ တွဲဘက်ညီတဲ့ နောက်တစ်မျိုးက အုန်းဆီပါ။ အုန်းဆီက အစိုဓာတ်ကိုထိန်းပေးပြီး ဆေးဖက်ဝင်တဲ့အာနိသင်ရှိပါတယ်။ မုန့်ဖုတ်ဆိုဒါ ၂ဇွန်း၊ ၃ဇွန်းလောက်ကို အုန်းဆီသန့်(စားလို့ရတဲ့) ထဲကို ထည့်မွှေပြီး scrub လုပ်နိုင်ပါတယ်။ မျက်နှာမှာသုံးမယ်ဆိုရင် စက်ဝိုင်းပုံစံညင်သာစွာပွတ်လိမ်းပြီး ရေဆေးချပါ။ မျက်နှာသစ်ဆေးရည်အပျော့စားနဲ့ ထပ်ဆေးပြီးတဲ့အခါ တောက်ပသန့်စင်တဲ့ အသားအရေကို ရရှိမှာပါ။

၁၁) ဆံသားသန့်ရှင်းစေခြင်း

ဆံသားမှာ ပုံသွင်းဆေး၊ အဆီ၊ ဖျန်းဆေးနဲ့ တခြားပစ္စည်းတွေ သုံးတာများလာရင် စေးကပ်ကပ်ဖြစ်ပြီး ဆံပင်ပုံပျက်စေပါတယ်။ ပုံမှန်ခေါင်းလျှော်ရည် တစ်ခါလျှော်ပမာဏထဲကို မုန့်ဖုတ်ဆိုဒါအနည်းငယ်ထည့်ပြီးလျှော်လိုက်ပါ။ ဆံသားပိုတောက်ပြောင်ပြီး လိုသလိုပုံသွင်းလို့ ရလာပါလိမ့်မယ်။

၁၂) ဆံပင်ပုံသွင်းတဲ့ဘီးကို သန့်စင်စေခြင်း

ကိုယ်သုံးနေတဲ့ဘီး၊ ပုံသွင်းတဲ့ဘီးတွေကို သေချာကြည့်ပါ။ ဘီးမှာကပ်တွယ်နေတဲ့ အညစ်အကြေးတွေကို ကလော်ထုတ်၊ ဆေးထုတ်တာထက် ဘီးတွေကို ရေနွေးနွေးထဲ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းထည့်၊ မိနစ် ၂၀လောက်စိမ်ထားလိုက်ပါ။ ပြန်ဆေးကြောပြီး ခြောက်အောင်သုတ် ပြီးမှသုံးပါ။

၁၃) သွားကိုဖြူဖွေးစေခြင်း

သွားဖြူဆေးတွေ၊ ကိရိယာတွေ၊ ဓာတုပစ္စည်းတွေ သုံးစရာမလိုတော့ပါဘူး။လက်ဖဝါးမှာ မုန့်ဖုတ်ဆိုဒါနည်းနည်းဖြူးပြီး သွားတိုက်တံနဲ့ပွတ်ယူပါ။ သွားကို တစ်မိနစ်လောက် တိုက်ပေးပါ။ သတိထားရမယ့်အချက်ကတော့ ဒီနည်းကို သွားတိုက်ဆေးလို သုံးလို့တော့ မသင့်တော်ပါဘူး။ သွားတိုက်ဆေးမှာက သွားထိခိုက်မှုကိုကာကွယ်ပေးမယ့် ဖလူအိုရိုက် ပါရှိပြီးဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါက အများအားဖြင့်တော့ အရေပြားမှာပြဿနာမရှိတတ်ပါဘူး။ ဒါပေမယ့် တချို့လူတွေမှာ ဓာတ်မတည့်သလိုဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အရေပြားမှာမသုံးခင် ကိုယ်နဲ့တည့်မတည့် လက်မှာဖြစ်ဖြစ် အနည်းငယ်စမ်းသပ်ကြည့်သင့်ပါတယ်။ ထိခိုက် ကွဲရှ ဒဏ်ရာရှိတဲ့အရေပြားမှာဆို ဆရာဝန်နဲ့ အရင်ဆုံးမစစ်ဆေးဘဲ မုန့်ဖုတ်ဆိုဒါကိုမသုံးပါနဲ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly