လွှတ်တော်တွင် ဖြေကြားမှုများမှာ အားရကျေနပ်စရာမရှိသောကြောင့် အပြောင်းအလဲဖြစ်ရန်မရှိဟု ဆို

လွှတ်တော်တွင် ဖြေကြားမှုများမှာ အားရကျေနပ်စရာမရှိသောကြောင့် အပြောင်းအလဲဖြစ်ရန်မရှိဟု ဆို

 

ရန်ကုန်၊စက်တင်ဘာလ ၃၀ ။             ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေးခွန်းများပြန်လည်ဖြေကြားရာမှာ အားရကျေနပ်စရာမရှိသဖြင့် အပြောင်းအလဲဖြစ်လာရန်မရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်က ဆိုသည်။

လတ်တလောပြုလုပ်ခဲ့သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ စက်တင်ဘာ၂၉ရက်တွင် ဦးနေဘုန်းလတ်မှ မြို့နယ်များတွင်ရှိနေသည့် လမ်းကျူး၊ မြောင်းကျူးများကို နည်းလမ်းသစ်၊ အတွေးအခေါ်သစ်များဖြင့် ပြေလည်အောင်ဖြေရှင်းပေးရန် မေးမြန်တင်ပြခဲ့ခြင်းဖြစ်သည်။

“စုပေါင်းစီမံချက်ရေးဆွဲ၍ ဖြေရှင်းရမှာဖြစ်ပါကြောင်း၊ ရှင်းလင်းဆောင်ရွက်ဖို့အတွက် YCDC အနေနဲ့လွယ်ကူပြီး ထပ်မံမဖြစ်ပေါ်စေရေးအတွက် တာဝန်ယူ၊ တာဝန်ခံမှု လိုအပ်မည် ဖြစ်ပါကြောင်း”ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့သည်။

"လွှတ်တော်မှာမေးခွန်းတွေမေးတယ်ဆိုတဲ့ကိစ္စက အပြောင်းအလဲဖြစ်စေချင်လို့ ရွေးကောက်ပွဲဝင်လာတယ်ဆိုလဲ Change ပြောင်းလဲရမယ်ဆိုပြီးဝင်လာခဲ့တာ လာဖြေတဲ့အဖြေပေါ်မှာ အားရကြေနပ်မှု လုံးဝမရှိဘူး ဒီအဖြေတစ်ခုတည်းမဟုတ်ဘူး အရင်မေးခွန်းတွေဖြေသွားတုန်းကလည်း အဲဒီအတိုင်းပဲ ဘာမှလုပ်ငန်းစဉ်မပါဘူး ဘယ်လိုလုပ်မယ်ဘယ်လိုဆောင်ရွက်မယ်မပါတဲ့အခါကျတော့ အရင်အဟောင်းတွေပဲ လာဖြေတဲ့အခါမှာ ဘာမှChangeကိုဖြစ်လာမှာမဟုတ်ဘူး"ဟု သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်က   ပြောပြသည်။

ထိုကျုးကျော်ကိစ္စရပ်နှင့်ပတ်သတ်၍ ရပ်ကွက်တိုင်း၌အုပ်ချုပ်ရေးမှူးရှိသကဲ့သို့ စည်ပင်ဝန်ထမ်းများမှာလည်းရှိနေသဖြင့် အများပိုင်မြေကျုးကျော်မှုများကို မသိရှိသည်မှာဖြစ်နိုင်ခြေမရှိဟု ၎င်းမှဆိုသည်။

စည်ပင်တစ်ခုတည်းတင်မကဘဲ အုပ်ချုပ်ရေးပိုင်းအပါအဝင် အားလုံးပူးပေါင်းဆောင်ရွက်မှုတစ်ခုဖော်ဆောင်ဖြေရှင်းရမည်ဟုလည်း ဦးနေဘုန်းလတ်မှဆက်ပြောသည်။

ထို့အပြင် ပြည်သူများအား အများပိုင်နေရာများတွင် ဆိုင်ခန်း၊အိမ်ခန်များ ချဲ့ထွင်ကျုးကျော်မှုမပြုလုပ်ရန် ပညာပေးအစီစဉ်များဆောင်ရွက်သင့်သည်ဟု ဦးနေဘုန်းလက်က ဆိုသည်။

စက်တင်ဘာ၂၉ရက်နေ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် နယ်လိုင်စင်ကားများအတွက် ညအိပ်ခွန်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ လမ်းကျုး၊မြောင်းကျုးကိစ္စ၊ လမ်းချိုင့်ခွက်များကိုစက်ယန္တရားများဖြင့်ပြင်ဆင်ပေးရန်၊ မြေယာစီမံခန့်ခွဲမှုကို One Stop Service လုပ်ဆောင်ပေးရန်၊ ဗားကရာချောက်အားအလှဆင်ပေးရန်၊ လမ်းဖာထေးရာတွင် စံနူန်းပြည့်မှီအောင်ဆောင်ရွက်မှု၊ ထန်းတပင်မြို့နယ်မှ သုသာန်အဖြစ်တရားဝင်သတ်မှတ်ထားမှုမရှိသည့်မြေနေရာတွင်လာရောက်မြှပ်နှံသူများကိုအရေးယူမှုရှိ၊မရှိ၊နှင့် ရန်ကုန်တိုင်းအတွင်း ဦးစားပေးနယ်မြေသတ်မှတ်ကာ စိမ်းလမ်းဧရိယာ၊ ပန်းဥယျာဉ်နှင့် အဆောက်အဦဟောင်းများသစ်လွင်အောင် ဆောင်ရွက်ဖို့ရှိမရှိတို့ကို တင်ပြခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly