အောက်စဖို့ဒ်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကို ဖယ်ရှား

အောက်စဖို့ဒ်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကို ဖယ်ရှား

 

ယခင်က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဘွဲ့ပေးအပ်ခဲ့သည့် အောက်စဖို့ဒ်တက္ကသိုလ်က ဘင်္ဂလီများနှင့် ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်မှုများကို ဝေဖန်မှုများ ရှိနေစဉ် ၎င်း၏ ပန်းချီကားအား တက္ကသိုလ်မှ ဖယ်ရှားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကို ဂျပန်ပန်းချီကားတစ်ချပ်နှင့် အစားထိုး ထားရှိသွားမည်ဖြစ်ကြောင်း အောက်စဖို့ဒ်တက္ကသိုလ် St Hugh’s ကောလိပ်က ကြေညာသည်။

 အောက်စဖို့ဒ်တက္ကသိုလ်တွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီ။ Photo - theguardian

ဂျပန်ပန်းချီဆရာ Yoshihiro Takada ၏ ပန်းချီကားတစ်ချပ်နှင့် အစားထိုးသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားကို ဖယ်ရှားရခြင်း အကြောင်းရင်းအား သေချာမသိရသေးပေ။

Takada ၏ ပန်းချီကားကို အချိန်ကာလတစ်ခုအထိ ထားရှိချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ပန်းချီကားအား လုံခြုံသည့်နေရာတွင် ထားထားမှာဖြစ်ကြောင်း ပြည်သူ့ဆက်ဆံရေးမန်နေဂျာ Benjamin Jones က ပြောသည်။

ဂျပန်ပန်းချီကားသစ်သည် ယခုလအစောပိုင်းတွင် ကောလိပ်က လက်ဆောင်အဖြစ် ရရှိခြင်းဖြစ်ပြီး ကောလိပ်ပင်မအဆောက်အအုံ ဝင်ပေါက်ခန်းမဆောင်တွင် လက်ရှိထားရှိ ပြသထားသည်။

ယခင်က နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲအနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂလီအရေးတွင် နိုင်ငံံတကာ၏ ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားသော မိန့်ခွန်းတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချခဲ့သော်လည်း စစ်တပ်အပေါ် အပြစ်ပြောဆိုခြင်း မရှိခဲ့ကြောင်း ဘီဘီစီသတင်းက ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၆၇ ခုနှစ်က St Hugh’s ကောလိပ်မှ ဘွဲ့ရခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရသည်။ အောက်စဖို့ဒ်တက္ကသိုလ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ထူးဆောင်ဘွဲ့အား ပြန်လည်ရုပ်သိမ်းဖို့ မရှိကြောင်း ပြောသည်။

၁၈၈၆ ခုနှစ်အတွင်းက တည်ထောင်သည့် St Hugh’s ကောလိပ်သည် အောက်စဖို့ဒ်တက္ကသိုလ်တွင် အကြီးဆုံးကောလိပ်များမှ တစ်ခုဖြစ်ပြီး ကျောင်းသားပေါင်း ၈၀၀ နီးပါး ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly