မန္တလေး ဘုရားပွဲ ဆိုင်ကယ်ပေါက်ကွဲမှု သမာရိုးကျ ပေါက်ကွဲခြင်းမဟုတ်

မန္တလေး ဘုရားပွဲ ဆိုင်ကယ်ပေါက်ကွဲမှု သမာရိုးကျ ပေါက်ကွဲခြင်းမဟုတ်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် စိတ္တရမဟီရပ်ကွက် (၇၄)လမ်း၊ (၂၈)လမ်း နှင့် (၂၉)လမ်းကြား သုံးဆယ်ဝင်းဓမ္မာရုံ ဘုရားပွဲတော်အတွင်း (၂၀၁၇)ခုနှစ် စက်တင်ဘာ(၂၈)ရက် ညပိုင်းက ရပ်ထားသော ဆိုင်ကယ် ပေါက်ကွဲမှုသည် သမားရိုးကျ ပေါက်ကွဲခြင်းမဟုတ်သဖြင့် လက်သည်ပေါ်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယနေ့ နေ့လည်(၁)နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အတွင်းရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့သော ရှင်းလင်းပွဲမှ သိရသည်။

'' ဈေးပေါတဲ့ ကီးပတ်ဖုန်းတစ်လုံးတွေ့ခဲ့တယ်၊ အဲဒီဖုန်းက ဆက်သွယ်ရေးလုပ်ဖို့ သုံးတဲ့ ဖုန်းမဟုတ်ဘဲ ဝါယာကြိုး နှစ်ပင်ထွက်နေတယ်၊ ဒီဖုန်းကို တစ်နေရာကနေ ဖုန်းခေါ်ဆိုလိုက်တာနဲ့   ပေါက်ကွဲသွားစေနိုင်တဲ့ ရီမုတ်သဘောမျိုးပေါ့၊ ဒါမှမဟုတ်ရင် ဒီဖုန်းကို အချိန်တစ်ခုပေးထားလို့ ပေါက်ကွဲတဲ့ ပုံစံမျိုးပေါ့၊ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုဖြစ်စဉ်တွေ အများကြီးဖြစ်ခဲ့ဖူးတယ်၊ ဒီကိစ္စက ရိုးရိုးသားသားဖြစ်စဉ်မဟုတ်ဘူး။ တစ်စုံတစ်ရောက်က ဖန်တီးထားတယ်ဆိုတာ ပေါ်လွင်ပါတယ်၊ လူတိုင်း သုံးသပ်နိုင်ပါတယ်၊ လက်သည်ဖော်ထုတ်ဖို့ မခက်ပါဘူး၊ လက်သည်ကတော့အချိန်ပိုင်းအတွင်း ပေါ်လာမှာပါ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလဲ  ဆောင်ရွက်နေပါတယ်၊ အမြန်ဆုံး ဖမ်းမိနိုင်ဖို့ ဆောင်ရွက်နေပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်တင်က ပြောသည်။

သုံးဆယ်ဝင်းဓမ္မာရုံ ဘုရားပွဲတော်အတွင်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ  လုံခြုံရေးဆောင်ရွက်နေစဉ် ပန်းလေပြေ ရှမ်းထမင်းဆိုင်ေ့ရှတွင် ဆိုင်ကယ်(၁)စီး ပေါက်ကွဲမီးလောင်ကျွမ်းပြီး လူတစ်ဦးလဲကျသွားသည်ကို မြင်တွေ့ရခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါ ဆိုင်ကယ်ပေါက်ကွဲသည့် နေရာသို့ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ဆိုင်ကယ်အနီးတွင်ရှိသော ဇော်ဟိန်း(၂၈)နှစ်  သည် ဝဲပေါင်၊ ဝဲလက်၊ ရင်ဘတ် နှင့် မျက်နှာတို့တွင် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရ ရှိခဲ့ရာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိသည်။

'' အစိုးရကလဲ ဒီမျိုးကိစ္စတွေကို မလိုလားပါဘူး၊ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားပါတယ်၊ အခုက ဘုရားပွဲနဲ့ဆက်စပ်ပြီး ဖြစ်သွားတယ်၊ နောင်ဆိုရင် လူစည်ကားတဲ့ ဈေး၊ ဘူတာ၊ ကျောင်း စတဲ့ နေရာတွေမှာ ပြဿနာ အသေးအဖွဲသေးတောင် မဖြစ်အောင် လုံခြုံရေးတိုးမြှင့်ထားတယ် '' ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်တင်က ပြောသည်။

အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ နှင့် နယ်မြေ တာဝန်ရှိသူများ သတင်းရရချင်း ရောက်ရှိလာခဲ့ပြီး စစ်ဆေးရာ ဆိုင်ကယ်ပေါက်ကွဲခဲ့သော နေရာအနီး (၇)ပေခန့်အကွာတွင် MICR ကီးပတ် အဖြူ / မဲရောင် ဖုန်းတစ်လုံးအား ဝါယာကြိုး နီ/ နက်နှစ်ပင်ထွက်လျှက် တိပ်ပတ်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဆိုင်ကယ်ပေါက်ကွဲမှု အသေးစိတ် အကြောင်းအရာများ စုံစမ်းဖော်ထုတ်နိုင်ရန် ခေါ်ယူထားသော ကျွမ်းကျင်ပညာရှင်များသည် အခင်းဖြစ်နေရာသို့ ရောက်ရှိလာ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အသေးစိတ်စစ်ဆေးနိုင်ရန် ပေါက်ကွဲခဲ့သော ဆိုင်ကယ်အား အမှတ်(၈) မြို့မရဲစခန်းသို့ ပို့ဆောင်ကာ ဆက်လက်စစ်ဆေးလျက်ရှိသည်။

ဆိုင်ကယ်ပိုင်ရှင်အား စုံစမ်းစစ်ဆေးခဲ့ရာ ကျော်ဇေယျ(၂၆)နှစ်သည် ၎င်း၏ ဇနီးဖြစ်သူ တင်တင်အိမ်(၂၆)နှစ်နှင့်အတူ ပန်းလေပြေ ရှမ်းထမင်းဆိုင်ေ့ရှတွင် ရပ်ထား၍ ပွဲဈေးတန်းတွင် မုန့်စားခဲ့ပြီး နာရီဝက်အကြာ ပေါက်ကွဲသံကြားရ၍ သွားရောက်ကြည့်ရှုသောအခါ ပေါက်ကွဲသောဆိုင်ကယ်မှာ ၎င်းဆိုင်ကယ်ဖြစ်နေကြောင်း စစ်ဆေးသိရှိခဲ့ရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ပေါက်ကွဲမှုဖြစ်စေခဲ့သူအား ဥပဒေအရ စုံစမ်းဖော်ထုတ်အရေးယူပေးရန် (၂၀၁၇)ခုနှစ် စက်တင်ဘာ(၂၉)ရက် နံနက်(၁၂)နာရီ (၁၀)မိနစ်က ရဲအုပ် ကျော်လင်းက တရားလို ပြုလုပ်တိုင်တန်းသဖြင့် မြို့မရဲစခန်း အမှတ်(၈) (ပ)၄၅၇/၁၇၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃ ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly