တက္ကသိုလ်လူငယ်အသင်း မြန်မာနေရှင်နယ်လိဂ်-၂ လူငယ် ပြိုင်ပွဲဝင်ရန် စီစဉ်

တက္ကသိုလ်လူငယ်အသင်း မြန်မာနေရှင်နယ်လိဂ်-၂ လူငယ် ပြိုင်ပွဲဝင်ရန် စီစဉ်
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ဧရာဝတီအသင်းနှင့် တက္ကသိုလ်အသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ်။ (ဓာတ်ပုံ- ဧရာဝတီယူနိုက်တက်)

တက္ကသိုလ်လက်ရွေးစင်အသင်းသည် လာမည့် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်-၂ လူငယ်အမှတ် ပေးပြိုင်ပွဲသို့  မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ကျောင်းများမှ လူငယ်ကစားသမားများ ရွေးချယ်ဖွဲ့စည်း ၍ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်ဟု တက္ကသိုလ် လက်ရွေးစင်ကစားသမား ရွေးချယ်ရေး ကော်မတီဝင် ဦးဇော်မြင့်က ပြောသည်။ တက္ကသိုလ် လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် ၂၀၁၄ဘောလုံး ရာသီ မှ စတင်ကာ မြန်မာနေရှင်နယ်လိဂ်-၂ တွင် ယှဉ်ပြိုင်ကစားနေသော်လည်း အောင်မြင် မှု မရရှိသလို အသက် ၁၉ နှစ် အောက် လိဂ်-၂ လူငယ်အသင်းပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင် နိုင်ခြင်း မရှိသေးပေ။

“ တက္ကသိုလ်လူငယ်အသင်းကို လာမယ့် ၂၀၁၆ ဘောလုံးရာသီမှာ လူငယ်လိဂ်မှာ ဝင်ပြိုင်ဖို့ အသင်းဖွဲ့ဖို့ စီစဉ်နေပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ကျောင်းသား လူငယ်တွေ ကိုရွေးချယ်သွား မှာပါ။ အခုလက်ရှိ တက္ကသိုလ် အသင်းကြီးကလည်း မြန်မာနေရှင်နယ်လိဂ်-၂ မှာ ဝင်ပြိုင်နေပါတယ်။ ဒီလာမယ့် စက်တင်ဘာလထဲမှာ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွေကနေ လည်းရွေးထုတ်သွား မှာပါ။ ဒီကလေးတွေကို နိုင်ငံတကာ တက္ကသိုလ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် နိုင်ဖို့ထိ မွေးထုတ်ပေးနိုင်အောင် ကြိုးပမ်းသွားမှာပါ ” ဟု ဦးဇော်မြင့် က ပြောသည်။

တက္ကသိုလ်လက်ရွေးစင်အသင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် ၁၄ ကစား ပြီးချိန်၌ တစ်ပွဲနိုင် လေးပွဲသရေ ကိုးပွဲထိ ရှုံးနိမ့်ထားပြီး ရမှတ် ခုနစ်သာရရှိကာ အမှတ်ပေးဇယား အဆင့်ကိုးနေရာထိ ကျရောက်နေလျက်ရှိသည်။ တက္ကသိုလ်အသင်းသည် ၂၀၁၆ အာဆီယံ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲအတွက် လက်ရွေးစင် ကစားသမားရွေးချယ်မှု ပြုလုပ်လျက်ရှိပြီး လာမည့် စက်တင်ဘာ၌ တက္ကသိုလ်ပေါင်းစုံဇုန်အလိုက် ပြိုင်ပွဲများလည်း ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly