ရခိုင်မှာ အစိုးရရဲ့ စစ်ဆင်ရေး ဆောင်ရွက်ချက်တွေ ရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ ၀င်ရောက်ခွင့် ပေးဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆို

ရခိုင်မှာ အစိုးရရဲ့ စစ်ဆင်ရေး ဆောင်ရွက်ချက်တွေ ရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ ၀င်ရောက်ခွင့် ပေးဖို့ ကုလအတွင်းရေးမှူးချုပ် တောင်းဆို

စက်တင်ဘာ ၂၉ ။             ။ ရခိုင်ပြည်နယ်မှာ ဘင်္ဂလီ (ရိုဟင်ဂျာ) မွတ်ဆလင်တွေ ကြုံတွေ့နေရတဲ့ လူသားဘေးဒုက္ခခံစားမှု ဖြစ်စဉ်တွေ နဲ့ပတ်သက်လို့ များစွာ စိတ်မကောင်းဖြစ်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၂၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ယင်းဒေသမှာ မြန်မာအစိုးရရဲ့ စစ်ဆင်ရေးရှင်းလင်း ဆောင်ရွက်ချက်တွေ ရပ်ဆိုင်းပြီး လူသားချင်းစာနာမှုအကူအညီတွေ ဝင်ရောက်ခွင့် ဖွင့်လှစ်ပေးဖို့ တောင်းဆိုကြောင်း ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။

" အခြေအနေက ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖြစ်ပေါ်နေတဲ့ ဒုက္ခသည်အရေးပေါ်အခြေအနေတစ်ရပ်အဖြစ်ကို ရောက်ရှိနေပါတယ်၊ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ   ကြောက်မက်ဖွယ်အတွေ့အကြုံတစ်ခုပါ" ဆိုပြီး ဂူတာရက်စ်က ကုလ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာထည့်သွင်းပြောကြားသွားပါတယ်။

ဘင်္ဂလီ ဒုက္ခသည် ငါးသိန်းကျော်လောက်ဟာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အလုံးအရင်းနဲ့ ထွက်ပြေးရောက်ရှိထားတယ်လို့ ဂူတာရက်စ် က ပြောပါတယ်။  ပြီးခဲ့တဲ့လက ဘင်္ဂလီစစ်သွေးကြွတွေက လုံခြုံရေးရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နောက်ပိုင်း မြန်မာစစ်တပ်က ရှင်းလင်းဆောင်ရွက်ခဲ့ရပြီး ယင်းနောက်ပိုင်း ယခုလို အလုံးအရင်းနဲ့ ထွက်ပြေးမှုတွေ ဖြစ်ရတာဆိုပြီးတော့လည်း ၎င်းက ပြောပါတယ်။

ခုချိန်မှာ နေရပ်တွေကို စွန့်ခွာထွက်ပြေးသွားသူ ဦးရေ အတိအကျကို မသိရသော်လည်း ခန့်မှန်းခြေအားဖြင့် ၎င်းတို့ထဲက ၉၄ ရာခိုင်နှုန်းလောက်ဟာ ဘင်္ဂလီ တွေဖြစ်ကြတယ်လို့ ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။

လက်ရှိ ဖြစ်နေတဲ့အခြေအနေတွေဟာဆိုရင် ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်က ARSA အဖွဲ့က မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း တစ်ဖြည်းဖြည်း ပိုဆိုးလာခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ ယင်းတိုက်ခိုက်မှုတွေအပေါ်လည်း ပြစ်တင်ရှုတ်ချကြောင်း ယခု မိန့်ခွန်းပြောကြားမှုမှာ ဂူတာရက်စ်က ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် လက်လွတ်စပယ် လက်နက်သုံး ပစ်ခတ်မှု၊ အရပ်သားတွေကို ထိခိုက်စေနိုင်တဲ့ မြေမြုှပ်မိုင်းတွေ အသုံးပြုမှု၊ လွန်လွန်ကဲကဲ အကြမ်းဖက်မှု၊ လူသားအခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုတို့နဲ့ ဒုက္ခသည်တွေ ရင်ဆိုင်ကြုံတွေ့ထားရတယ်ဆိုတဲ့ အထောက်အထားသတင်းတွေ ကုလသမဂ္ဂဘက်က လက်ခံရရှိထားကြောင်း  ဂူတာရက်စ်က ပြောပါတယ်။

"ဒါဟာ လက်သင့်ခံနိုင်စရာမရှိသလို ချက်ချင်း ရပ်တန့်ရမှာဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် အဆိုပါ ကုလအစည်းအဝေး မိန့်ခွန်းပြောကြားမှုမှာ မြန်မာအာဏာပိုင်တွေကို အချက်သုံးချက် ချက်ချင်းလုပ်ဆောင်ပေးဖို့ တောင်းဆိုပါကြောင်း ဂူတာရက်စ်က ပြောပါတယ်။ ယင်းသုံးချက်ကတော့ စစ်ဆင်ရေးဆောင်ရွက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်းထောက်ပံ့ကူညီမှုအတွက် အတားအဆီးမရှိ လွတ်လပ်စွာ ဝင်ထွက်ခွင့်ပြုဖို့၊ ဒုက္ခသည်တွေကိုလည်း သူတို့တွေရဲ့ မူလ နေရာတွေကို ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိသွားနိုင်အောင် လုပ်ဆောင်ပေးဖို့ တို့ ဖြစ်ပါတယ်။

" တကယ့် မြေပြင်မှာ ဖြစ်နေတဲ့ ပကတိအခြေအနေအရ ဆိုရင် လူတွေကို ကာကွယ်ပေးဖို့၊ သူတို့ခံစားနေရတဲ့ ဒုက္ခတွေကို ပြေငြိမ်းသက်သာသွားစေဖို့၊ နောက်ထပ် မတည်ငြိမ်မှုတွေ ထပ်မဖြစ်မလာစေဖို့၊ အခြေအနေရဲ့ တကယ့်ဇစ်မြစ်ပြဿနာကို ရှာဖွေကိုင်တွယ်ဖို့၊ ခိုင်မာတဲ့ ဖြေရှင်းချက်နည်းလမ်း ရှာဖွေဖို့ အားချင်း လုပ်ဆောင်သွားဖို့ တောင်းဆိုပါတယ်" လို့လည်း ၎င်းက ပြောပါတယ်။

အကြမ်းဖက်လုပ်ဆောင်မှုတွေကြောင့် ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသမှာ မတည်ငြိမ်မှုတွေ ဖြစ်သွားစေနိုင်သလို မွတ်ဆလင် ၂၅၀,၀၀၀ လောက် နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးသွားရနိုင်သေးကြောင်း ၎င်းက မှတ်ချက်ပြုပြောသွားပါသေးတယ်။

ယခု အခြေအနေတွေမှာ အာဏာပိုင်တွေရဲ့ အင်အားအသုံးပြုမှုနဲ့ပတ်သက်လို့  ပြောကြားရာမှာတော့ နိုင်ငံတကာဥပဒေတွေအောက်မှာ မြန်မာအစိုးရလက်ခံထားပြီးဖြစ်တဲ့ လူ့အခွင့်အရေး ကတိကဝတ်တွေအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တည်ရှိပြီးဖြစ်တဲ့ လူ့အခွင့်အရေး စံနှုန်းတွေအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း ဂူတာရက်စ် က ပြောပါတယ်။

စက်တင်ဘာ ၅ ရက်နောက်ပိုင်း ရခိုင်မှာ အစိုးရရဲ့ လုံခြုံရေးရှင်းလင်းဆောင်ရွက်ချက်တွေ ရပ်ဆိုင်းထားတယ်လို့ မြန်မာအာဏာပိုင်တွေဘက်က ပြောထားတယ်ဆိုပေမယ့် နေရပ်စွန့်ခွာထွက်ပြေးမှုတွေကတော့ ဆက်ဖြစ်နေသေးကြောင်း၊ မွတ်ဆလင်ကျေးရွာတွေမှာ မီးလောင်မှုသတင်းတွေ၊ လုယက်မှုနဲ့ ခြိမ်းခြောက်မှု လုပ်ရပ်သတင်းတွေ ဆက်ကြားနေရသေးကြောင်း ၎င်းက ပြောပါတယ်။

လက်ရှိအခြေအနေမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့အကြားလည်း ပိုမိုပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားသွားသလို မြန်မာဘက်က အဆင့်မြင့်တာဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်ဆီ သွားရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်လို့လည်း ကြိုဆိုပါကြောင်း ၎င်းက ပြောပါတယ်။

အခြေအနေတွေကို ထိရောက်စွာ ဖြေရှင်းနိုင်ဖို့အတွက် မြန်မာအာဏာပိုင်တွေရဲ့ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း ဂူတာရက်စ်က ဆိုပါတယ်။

အလားတူ လက်ရှိအချိန်မှာ လူမျိုးရေးအမုန်းတရားတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာအောင် သွေးထိုးလှုံ့ဆောင်နေမှုတွေကိုလည်း ပြစ်တင်သွားပြီး လူ့အသိုင်းအဝိုင်းတွေအကြား တင်းမာမှုတွေကို လျော့ပါးပြေပျောက်စေဖို့ လုပ်ဆောင်ပေးကြဖို့ကိုလည်း မြန်မာခေါင်းဆောင်တွေ ကို  တောင်းဆိုကြောင်း ၎င်းက ပြောသွားပါသေးတယ်။

ဒါ့အပြင် ယခုအစည်းအဝေးမှာ မြန်မာရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဦးသောင်းထွန်း ပူးပေါင်းပါဝင်တက်ရောက်လာတာကိုလည်း ကြိုဆိုပါကြောင်း ၎င်းက ပြောသွားပါသေးတယ်။

လက်ရှိ ဖြစ်နေတဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး နီးနီးကပ်ကပ် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ၎င်းက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ပြောကြားချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ သမ္မတရုံးကတော့ တစုံတရာပြောဆိုထုပ်ပြန်တာမျိုးမရှိသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly