ဂီရော့ဒ်ဂိုး ၁၀၀ ပြည့်ရန် မိမိဟက်ထရစ်ရမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ဟု ဝဲလ်ကော့တ်ဆို

ဂီရော့ဒ်ဂိုး ၁၀၀ ပြည့်ရန် မိမိဟက်ထရစ်ရမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ဟု ဝဲလ်ကော့တ်ဆို

စက်တင်ဘာ ၂၉၊ လန်ဒန်။            ။ ယူရိုပါလိဂ်ပွဲတွင် BATE အသင်းကို ၄-၂ ဂိုးဖြင့်အနိုင်ရသည့်ပွဲ၌ အသင်းဖော်ဂီရော့ဒ်ရာပြည့်ဂိုးသွင်းနိုင်ရန်အတွက် ပင်နယ်တီ ပေးကန်ခဲ့သည်ဟု ဝဲလ်ကော့တ်ကပြောသည်။

အသက် ၂၈ နှစ်အရွယ် ဝဲလ်ကော့တ်သည် ပွဲချိန် ပထမပိုင်းတွင် နှစ်ဂိုးသွင်းယူထားပြီး ပင်နယ်တီရသည့်အခါတွင်လည်း ဟက်ထရစ်ရမည့်အခွင့်အရေးရှိခဲ့သော်လည်း အသင်းဖော်ဂီရော့ဒ် ဂိုး ၁၀၀ ပြည့်စေရန်အတွင် ပေးကန်ခဲ့ခြင်းဖြစ်သည်။

ပွဲအပြီးတွင် ဂီရော့ဒ်နှင့်တွဲရိုက်ထားသည့်ပုံကို အင်စတာဂရမ်တွင်တင်ခဲ့သည့် ဝဲလ်ကော့တ်က “ဂိုး ၁၀၀ ပြည့်ကို ကြိုဆိုပါတယ်” ဟုလည်းရေးထားပြီး ယင်းပို့စ်မှာ မိနစ်ပိုင်းအတွင်း like ၃၀, ၀၀၀ ကျော်သွားခဲ့သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလက အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အဖြစ် ဆပ်တန်အသင်းကိုအနိုင်ရသည့်ပွဲတွင် ဂိုး ၁၀၀ ပြည့်ခဲ့သည့် ဝဲလ်ကော့တ်အနေဖြင့် အသင်းဖော်ဂီရော့ဒ်ကိုလည်း ဂိုး ၁၀၀ ပြည့်စေရန်ဆန္ဒပြင်းပြခဲ့ခြင်းဖြစ်သည်။

ပွဲအပြီးတွင်ဝဲလ်ကော့တ်က “တိုက်စစ်သမားတစ်ယောက်အနေနဲ့ ဂိုးတွေသွင်းနိုင်သမျှသွင်းဖို့လိုပါတယ်။ ပင်နယ်တီကန်ပြီး ဟက်ထရစ်ရဖို့အခွင့်အရေးရှိခဲ့ပေမယ့် ၉၉ ဂိုးသွင်းထားတဲ့ ဂီရော့ဒ်ကိုပေးကန်သင့်တယ်လို့ ခံစားလိုက်မိပါတယ်။

အာဆင်နယ်ကစားသမားဘဝ ဂိုး ၁၀၀ ပြည့်သွားတဲ့အခိုက်အတန့်ဟာ သိပ်ကောင်းပါတယ်။ ကျွန်တော်လည်းရောက်ခဲ့ပြီးပြီမို့ အဲဒီခံစားချက်ကို သိတာပေါ့”ဟု ဆိုခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly