မင်းသား လီဆောင်ဂီ နှင့် Girl's generation အဖွဲ့ဝင် ယွန်နတို့၏ ချစ်ဇာတ်လမ်း တစ်ခန်းရပ်

မင်းသား လီဆောင်ဂီ နှင့် Girl's generation အဖွဲ့ဝင် ယွန်နတို့၏ ချစ်ဇာတ်လမ်း တစ်ခန်းရပ်

နာမည်ကျော် ကိုရီးယား စုံတွဲဖြစ်သည့် မင်သားလီဆောင်ဂီ နှင့် Girl's generation အဖွဲ့မှ သရုပ်ဆောင် အဆိုတော် ယွန်နတို့ နှစ်ဦးမှာ မကြာသေးမီက လမ်းခွဲပြတ်စဲခဲ့ကြသည်ဟု ၎င်းတို့၏အေဂျင်စီများက သြဂုတ်လ ၁၃ ရက်တွင် ပြောကြားသည်။

" သူတို့ နှစ်ဦးက အနုပညာအလုပ်တွေ အများကြီးလုပ်ဖို့ ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူတို့ လမ်းခွဲလိုက်တာပါ။ ဒါပေမယ့် အရင်းနှီးဆုံး မိတ်ဆွေတွေအဖြစ် ဆက်ရှိနေကြ မှာပါ" ဟု ယွန်န၏ အေဂျင်စီဖြစ်သော SM အင်တာတိန့်မန့်က ထုတ်ပြန်ပြောကြားသည်။

၎င်းတို့နှစ်ဦးသည် ၂၀၁၃ အောက်တိုဘာလနောက်ပိုင်း ချစ်သူများဖြစ်ခဲ့ကြကြောင်း ယခုနှစ် အစောပိုင်းက အတည်ပြုပြောကြားသည်။ ထင်ရှားသည့် အဆိုပါ ကိုရီးယားစုံတွဲသည် ကေပေါ့ ဖန်များ ကြားတွင်လည်း အထူးရေပန်းစားသူများ ဖြစ်သည်။

ယခုနှစ်အစပိုင်းနောက်ပိုင်း ယွန်နသည် တရုတ်ဒရာမာ ကားဖြစ်သည့် " God of War Zhao Yun" ဇာတ်ကား ရိုက်ကူးနေခဲ့ပြီး မင်းသားလီ မှာလည်း "Love Forecast" ဇာတ်ကားဖြင့် အလုပ်များနေခဲ့ကြ သည်။ များပြားလှသည့် ရိုက်ကူးရေး အစီအစဉ်များကြောင့် နှစ်ဦးသားအကြား ချစ်ဇာတ်လမ်း တစ်ခန်းရပ်ဖို့ အကြောင်းဖန်လာခဲ့ခြင်းလည်း ဖြစ်သည်။

၎င်းတို့ နှစ်ဦး ပြတ်စဲကြောင်း ကောလာဟလသတင်းများ ယခုနှစ်အစောပိုင်းကတည်းက ထွက်ပေါ်နေခဲ့သော်လည်း ယင်းအချိန်က ကာယကံရှင်နှစ်ဦးစလုံးက ငြင်းဆိုခဲ့ကြသည်။  

၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့သည့် " Because You're My Girl" သီချင်းဖြင့် အောင်မြင်မှုများ ရရှိထားခဲ့သည့် အဆိုတော်မင်းသားလီသည် လက်ရှိအချိန်တွင် ဆုတံဆိပ်ပေါင်းများစွာ ရရှိပိုင် ဆိုင်ထားသူဖြစ် သည်။

အလားတူ နာမည်ကျော် Girl's Generation အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ယွန်နသည်လည်း ၂၀၀၇ ခုနှစ်က ထွက်ရှိသည့် သီချင်းများဖြင့် အောင်မြင်ကျော်ကြားလာခဲ့ပြီး သရုပ်ဆောင်မှု အပိုင်း တွင်လည်း "Love Rain" ၊ "Prime Minister and I" ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူသိများခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly