ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းပြဿနာများ အတွက် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းခွဲစိပ်ကု ဆရာဝန်ကြီး၊ ပါမောက္ခ ဌာနမှူး ဦးဘုန်းမြင့် နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းပြဿနာများ အတွက် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းခွဲစိပ်ကု ဆရာဝန်ကြီး၊ ပါမောက္ခ ဌာနမှူး ဦးဘုန်းမြင့် နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

ကျွန်တော်တို့ရဲ့ ဒီအစီအစဉ်ကတော့ ကျန်းမာရေးရာ အဖြေရှာ အစီအစဉ် ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ပရိတ်သတ်တွေကို တိုက်ရိုက်ဖြေကြားပေးဖို့အတွက် စီစဉ်ထားပါတယ်။ ဒီတစ်ပတ် ကျွန်တော်တို့ အစီအစဉ်မှာ ပါဝင်မယ့် ဆရာဝန်ကြီးကတော့ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းခွဲစိပ်ကု ဆရာဝန်ကြီး ပါမောက္ခဦးဘုန်းမြင့် ဖြစ်ပါတယ်။ ဆရာဝန်ကြီးဟာဆိုရင် သင်္ကန်းကျွန်း စံပြဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေပြီးတော့ ရန်ကုန်ဆေးတက္ကသိုလ်(၂)မှာ ပါမောက္ခဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါတယ် ခင်ဗျ။

မဇ္ဈိမ - ဒီ 4R Health Talk အစီအစဉ်ကို ကူညီပံ့ပိုးပေးတဲ့ Mr. Ravindra Jain ပြောသွားတာတွေကို ကျွန်တော် အကျဉ်းချုပ်ပြီး ဘာသာပြန်ပေးပါ့မယ်။ ပထမဆုံးကတော့ ဆရာဝန်ကြီး ပါမောက္ခဦးဘုန်းမြင့်ကို ဒီအစီစဉ်မှာ အချိန်ပေးတဲ့အတွက် အလုပ်အရမ်းများတယ်ဆိုတာလဲ သိပါတယ်တဲ့။ အဲဒီအချိန်ကြားထဲကနေပြီးတော့ ဒီအစဉ်မှာ ပါဝင်အားဖြည့်ပေးတဲ့အတွက် ကြောင့်မို့ ကျေးဇူးသိပ်တင်ပါတယ်ဆိုပြီး Mr. Ravindra Jain က ပြောပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ကို Mr. Ravindra Jain က ကောင်းတဲ့ သတင်းစကားတစ်ခုပေါ့နော်။ အဲဒါက ဘာလဲဆိုရင် ကျွန်တော်တို့ စက်တင်ဘာ လဆန်းအတွင်းမှာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မြန်မာပြည်လာတဲ့ ခရီးစဉ်မှာ မြန်မာပြည်သူ ပြည်သားတွေ အိန္ဒိယကို သွားမယ်ဆိုရင် Free Visa ဆိုပြီးတော့ သူက ပြောခဲ့တယ်ပေါ့နော်။ အဲဒါဟာ 24.9.2017 ရက်နေ့မှာ အသက်ဝင်ပါပြီတဲ့။ အဲလိုမျိုး Free Visa ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာတွေက အိန္ဒိယ သံရုံးသွားပြီးတော့ Visa ကြေးတွေ ပေးစရာ မလိုတော့ဘူး။ ဆိုတော့ Visa ကင်းလွတ်ခွင့်တွေ ရသွားပြီ။ အဲတော့ ဗုဒ္ဓဂါယာကို သွားပြီးတော့လည်း ဘုရားဖူးလို့ ရသလို အိန္ဒိယနိုင်ငံကို အလည်အပတ်တွေလည်း သွားလို့ ရတယ်။ ဆေးဝါးကုသမှုနဲ့ ပတ်သက်ပြီးတော့ medical tourism ပေါ့နော်။ သူတို့လည်း အဓိက ဝန်ဆောင်မှု ပေးနေတာပါ။ ဆိုတော့ medical tourism အနေနဲ့လည်း သွားရင် Visa ပေးစရာလည်း မလိုတော့ဘူးပေါ့။ ဆိုလိုချင်တာက ဘယ်လိုပုံစံမျိုးနဲ့မဆို မြန်မာလူမျိုးတွေ မြန်မာနိုင်ငံသားတွေ သွားရင် ရက်ပေါင်း ၃၀ တစ်လအတွင်းမှာ Free Visa အနေနဲ့ ကင်းလွတ်ခွင့် ရပြီပေါ့နော်။ ဆိုတော့ နောက်တစ်ခုက သူရဲ့ တာဝန်ယူထားတဲ့ 4R Consultancy ဆိုတာက မြန်မာပြည်မှာ မှတ်ပုံတင် ထားတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါလည်း မိဘပြည်သူများ သိပြီးသား ဖြစ်ပါတယ်။ သူတို့ကတော့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ပေးနေတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ ဆိုတော့ ဒီ 4R Consultancy စင်္ကာပူတို့ ၊ ဒူဘိုင်းတို့ ၊ မလေးရှား ပြီးရင် ထိုင်းပေါ့နော်။ အဲလို နိုင်ငံတွေမှာလည်း အကောင်းဆုံးဆေးရုံတွေနဲ့ ချိတ်ဆက်ပြီးတော့ ဝန်ဆောင်မှု ပေးနေတယ်ဆိုတာလည်း သူက ပြောသွားပါတယ်။ အဲတော့ လက်ရှိမှာ ဗီဇာအနေနဲ့ မြန်မာတွေက ကင်းလွတ်တဲ့ အတွက်ကြောင့်မို့လို့ ဒီလက်ရှိမှာ လုပ်ကိုင်နေတဲ့ ကုန်ကျစရိတ်တွေက ဥပမာ ဆိုပါစို့ ဒေါ်လာ ၅၀၀ ဆိုရင် အခုဆိုရင် ၃၀၀ လောက်ပဲ ကုန်ကျတော့မယ်ပေါ့နော်။ နောက်ဆုံး ပြောသွားတာကတော့ အသည်းအစားထိုးကုသတာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆိုရင်လည်း သူတို့နိုင်ငံမှာ ခွဲစိပ်ကုသတာက အခုဆိုရင် သိန်း ၂၀၀ လောက်ပဲ ပေါ့နော်။ ဒီဝန်ဆောင်မှုတွေ ပေးသွားနိုင်တယ်ဆိုပြီးတော့ ဒီ ဗီဇာကင်းလွတ်ခွင့်ကြောင့် အကျိုးကျေးဇူးတွေ ရနိုင်တယ်လို့ ပြောသွားပါတယ်။

မဇ္ဈိမ - အရင်ဆုံးတော့ ဆီးနဲ့ ကျောက်ကပ်အတွက် ကျွန်တော့်မှာ မေးခွန်းတစ်ချို့ ရှိတယ်ခင်ဗျ။ ကျွန်တော် ကြားဖူးတယ်လေ ငယ်ငယ်လေးကတည်းက ယောက်ျားမှာ ဆီး မိန်းမမှာ မီး ဆိုပြီးတော့ ပြောကြတယ်လေ။ ဆိုတော့ ယောက်ျားမှာ ဆီး မိန်းမမှာ မီးဆိုတာက ဘာကို ဆိုလိုချင်တာလဲ။ ဆီးဆိုတာ ဆီးလမ်းကြောင်းကို ပြောတာလား။ ပြီးတော့ ဘယ်လောက်ထိ ကျန်းမာရေးက အရေးပါလဲပေါ့နော်။ အဲဒါကို ဆရာကြီး ရှင်းပြပေးပါအုံး။

Prof: UBM - မှန်ပါတယ်ခင်ဗျာ။ ယောကျ်ားဆီး မိန်းမ မီးဆိုတာ ဟိုရှေးဆိုင်ရာ သုံးခဲ့တဲ့ ကျန်းမာရေးဆိုင်ရာ သတိပေးချက်ထဲက တစ်ခုပါပဲ။ ဒီမှာလည်း ယောကျ်ားများသည် အသက်ကြီးလာလို့ ရှိရင် ဆီးနဲ့ပတ်သက်တဲ့ ပြဿနာလေးတွေ ပိုများလာတယ်ပေါ့။ ထို့အတူ မိန်းမတွေဟာလည်း အသက်ကြီးလာလို့ ရှိရင် မီးယပ်ဆိုင်ရာ ရောဂါလေးတွေ ပိုပြီးတော့ ဖြစ်လာတယ်။ ဆိုလိုတာက အသက်ကြီးလာရင် ကျွန်တော်တို့ ဆေးပညာ အလိုအရလည်း ကြီးလာတဲ့ အသက်နဲ့လိုက်ပြီးတော့ ရောဂါတွေ အဖြစ်များလာတာပေါ့နော်။ အဲဒီမှာ ရောဂါ ဖြစ်နှုန်းတွေမှာ ဆီးနဲ့ ပတ်သက်တဲ့ ရောဂါတွေမှာ ရိုးရိုးရောဂါတွေ ဖြစ်လာတတ်သလို ကင်ဆာနဲ့ နှီးနွယ်နဲ့ ရောဂါတွေလည်း ဖြစ်လာတတ်တယ်။ ယောက်ျားရော မိန်းမရော အသက်ကြီးလာပြီဆိုရင် ရိုးရိုးဆီးရောဂါ ရိုးရိုးမီးယပ်ရောဂါတွေ အပြင်ကို ကင်ဆာနဲ့ ဆက်နွယ်သော ဆီးရောဂါ ကင်ဆာနဲ့ ဆက်နွယ်သော မီးယပ်ရောဂါတွေ ပိုပြီး အဖြစ်များလာတယ်ပေါ့။ ဥပမားအားဖြင့် ယောက်ျားတွေ အသက် ၅၀ ကျော်ပြီဆိုရင် ဆီးကျိတ် စကြီးလာပြီ။ ဒီ ဆီးကျိတ်ကြီး ပြီဆိုရင် ဆီးကျိတ်ရဲ့ လက္ခာလေးတွေ ပေါ်လာပြီ။ ဆီးသွားရ ခက်တယ်။ နောက် ဆီးခဏ ခဏ ပေါက်ရတယ်။ ဆီးသွားချိန်တွေ ညပိုင်း ပိုများတဲ့အတွက် အိပ်ရေးတွေ ပျက်လာတယ်။ အနိမ့်ဆုံး ဒါကနေ စတာပေါ့။ ဒီဟာတွေသည် ရိုးရိုးဆီးကျိတ်ကြီးတာကြောင့် ဖြစ်နိုင်သလို ကင်ဆာကြောင့် ဆီးကျိတ်ကြီးတာလဲ ဖြစ်နိုင်တယ်။ ဒါတွေကြောင့် ဒီလို လက္ခဏာလေးတွေ ပေါ်လာတယ်။ ထို့အတူ မိန်းမတွေမှာလည်း အသက်ကြီးလာတယ်။ သူတို့ရဲ တင်ပါးဆုံက ကြွက်သားတွေ ပုံမှန်လောက် အားမရှိတော့ဘူး။ အားပျော့လာပြီ။ အဲလို အားပျော့လာတဲ့ အတွက်ကြောင့် ဆီးလမ်းကြောင်းဆိုရင် မီးယပ်ရောဂါလေးတွေ စပြီးတော့ ဖြစ်လာပြီပေါ့။ အဲတော့ ဒါတွေကလည်း အသက်အရွယ်နဲ့ လိုက်ပြီးတော့ ဖြစ်တဲ့နှုန်းတွေက ပိုများလာတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မြန်မာတွေကလည်း ကျန်းမာရေး ဗဟုသုတ ကျန်းမာရေးပညာမှာ အနောက်တိုင်းကို လိုက်မီတယ်ပေါ့နော်။ ဒီ ရှေးတုန်းကတည်းက လက်ခံလာတဲ့ စကားလေးတစ်ခွန်းပေါ့။ ယောက်ျားမှာဆီး မိန်းမမှာ မီး ဆိုတာ အခုထက်ထိ ဒီဟာသည် ခေတ်မီနေဆဲပဲ။ ဆက်လည်း ဒီတိုင်းပဲသွားမှာပဲ ဆိုတော့ ကျွန်တော်တို့ မြန်မာတွေရဲ့ ရှေးတုန်းကတည်းက ဆေးပညာဟာ အနောက်တိုင်းထက်တော့ မနိမ့်ကျခဲ့ပါဘူး။ ဒီစကားလုံးလေးကို ကြည့်ပြီးတော့ ခန့်မှန်းလို့ ရပါတယ်။

မဇ္ဈိမ - ဆရာကြီး ပြောသွားတဲ့ အထဲမှာ ယောက်ျားမှာရော မိန်းမမှာရော ဆီးနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေး ပြဿနာတွေက အသက်အရွယ်ပေါ်မှာ မူတည်ပြီးတော့ ဖြစ်လာတယ်ပေါ့။ အဲဒါ တစ်ပိုင်းပေါ့နော်။ နောက်တစ်ခု ကျွန်တော် သိချင်တာက လူတစ်ယောက်ရဲ့ စားသောက်ပြုမှု နေထိုင်ပုံနဲ့ အပေါ်မှာရော ဒီ ဆီးလမ်းကြောင်း ပြဿနာတွေ ရှိတတ်လား ဆရာ။

Prof: UBM - အဲဒါကတော့ ကျွန်တော်တို့ မြန်မာစကား ရှိတယ်ပေါ့နော်။ တန်ဆေး လွန်ဘေးပေါ့နော်။ သူ့ဟာသူ ချင့်ချိန်ပြီးတော့ တန်ယုံလေးတင် လုပ်နေရင်တော့ ဒီဟာတွေကြောင့် ဆိုးကျိုးနည်းတာပေါ့။ သို့သော် လူရဲ့သဘော သဘာဝအရ ဒီအစားစာတစ်ခုကို သူက ပိုနှစ်သက်တယ်ဆိုရင် များများစားတယ်။ အဆီများများစားရင် ကိုယ်ခန္ဓာမှာ အဆီများများ တက်တယ်။ ဆီနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်လာတာပေါ့နော်။ ထို့အတူ လက်ဖက်ရည် များများကြိုက်တဲ့သူ လက်ဖက်ရည်များများ သောက်တဲ့သူ သို့သော် အသက်ငယ်ငယ်တုန်းကတော့ ဒီအစားသောက်တွေရဲ့ ကိုယ်ခန္ဓာ လွှမ်းမိုးမှုကို ကိုယ်ခန္ဓာရဲ့ ကိုယ်တွင်းဖြစ်စဉ် ဒါတွေက ပြန်ပြီးတော့ ပြုပြင်ထိန်းကျောင်းနိုင်တယ်။ အသက်အရွယ်တစ်ခု ရောက်လာတော့ ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ ကလီဇာတွေရဲ့ လုပ်ငန်းတာဝန်တွေကလည်း အတိုင်းအတာ တစ်ခုထိ လျော့ကျလာတယ်။ လျော့ကျလာရင် ဒီအစားအသောက်ကြောင့် အပြောင်းအလဲမှု ဖြစ်ပေါ်လာတဲ့ ကိုယ်ခန္ဓာအတွင်း ဖြစ်စဉ်တွေကို ကိုယ့်ရဲ့ ကိုယ်ခန္ဓာထဲက ကလီဇာတွေက ပြန်မထိန်းနိုင်တော့ဘူး။ အဲအချိန်မှာ ပြဿနာလေးတွေ စလာပြီပေါ့နော်။ ဥပမာ ကျွန်တော်တို့ လက်ဖက်ရည် ကော်ဖီထဲမှာ ပါတဲ့ ကဖိန်းဓာတ်သည် ဆီးအိမ်ကြွက်သားတွေ နည်းနည်း လှုပ်တာကို ပိုပြီး ညှစ်စေတယ်ပေါ့။ မငြိမ်တာ ဖြစ်စေတယ်။ အဲတော့ ဒီမှာလည်း ကော်ဖီတို့ လက်ဖက်ရည်တို့ကို အလွန်အကျွံသောက်ခြင်းအားဖြင့် ဆီးသွားတဲ့ အကြိမ်သည် ပိုလာနိုင်တယ်ပေါ့။ ဒါမျိုးလေးတွေပေါ့။ အဲလိုမျိုး အဆက်အစပ်လေးတွေ ရှိလာတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ကွမ်းစားတဲ့ ထုံးတွေ ပါတယ်။ အဲဒါနဲ့ ဆီးကျောက်တည်ခြင်းကို တွဲပြီးတော့ ဖြစ်တတ်တယ်။ အဲဒီမှာလည်း ကိုယ်ခန္ဓာရဲ့ ဘယ်လောက် လိုက်ပြီးတော့ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ကွမ်းစားသော်လည်း ကျောက်မဖြစ်တဲ့ သူတွေ ရှိသလို ကွမ်းစားတယ် ကျောက်ဖြစ်တဲ့ သူလည်း ရှိတယ်ပေါ့။ ဒါကြောင့်မို့လို့ ဘယ်အရာမဆို တန်ဆေးလွန်းဘေးဆိုတဲ့ စကားအရ တန်ရုံလေးပဲ သင့်တင့်ရုံ မျှတရုံလေး လုပ်ကြတာ စားကြတာ ပိုကောင်းပါတယ်။ လွန်ရင်တော့ ဘေးဖြစ်တတ်တယ်ပေါ့။

မဇ္ဈိမ - အရက်သေစာ ဘီယာသောက်သုံးမှုကရော ဆီးရောဂါကို ဘယ်လောက်ထိ ထိခိုက်နိုင်လဲဆရာ။

Prof: UBM - ပုံမှန်အားဖြင့် ပြောရရင်တော့ ဘီယာများများသောက်ရင် ဆီးများများ ပေါက်တယ်ပေါ့နော်။ ဒါက သာမန်လူပိန်းအနေနဲ့ပေါ့။ ဒါပေမယ့် အဲလို ဆီးများများပေါက်တဲ့အတွက် ဆီးရောဂါကို ဆီးများများသွားရင် ဆီးရောဂါ ဖြစ်ဖို့ နည်းတယ်ပေါ့နော်။ ဒါပေမယ့် တစ်ပိုင်းကျတော့လည်း သူထဲမှာ ပါတဲ့ အခြားအဟာရ ဓာတ်တွေပေါ့။ ဥပမာ ကယ်လိုရီ ဘယ်လောက် ပါတယ်ဆိုတာ လေးတွေ ရှိတယ်ပေါ့။ နောက်တစ်ခုက သူ့မှာ ပါတဲ့ ပရိုတိန်း ဘယ်လောက် ပါလဲဆိုတာ အဲဒါလေးတွေ ရှိတယ်ပေါ့။ အဲဒါတော့ ကိုယ်ခန္ဓာအတွက်ကို လူငယ်မှာတော့ ဘီယာသောက်ရင် ဝလာတယ်ဆိုတာ လိုတဲ့ စွမ်းအင်တွေရယ်။ လိုတဲ့ ပရိုတိန်းတွေကို ဖြည့်ပေးတဲ့အတွက် ကောင်းတယ်ပေါ့နော်။ တစ်ပိုင်းမှာ မကောင်းတာက ဘာလဲဆိုတော့ ဘီယာမှာ ပါတဲ့ တစ်ချို့ မိုင်နို အက်ဆစ်လေးတွေသည် ယူရစ်အစ်ဆက် နီးနွယ်တဲ့ အပိုင်းကို ပါသွားတယ်။ ဒါကြောင့်မို့လို့ ဘီယာပါတဲ့ အစားအသောက်တွေပေါ့နော်။ အယ်ကိုဟော အတိုင်းအတာပါတဲ့ အစားအသောက်တွေ နောက်တစ်ခုက ပင်လယ်စာ စားတယ်။ ပင်လယ်စာမှာ ပါတဲ့ ဓာတ်တွေ ဒါမျိုးတွေ တော်တော်များများသည် ကိုယ်ခန္ဓာထဲမှာ ယူရစ်အက်ဆစ်ကို တက်စေတယ်။ တက်ပြီဆိုရင်တော့ အခုနက ပြောတဲ့ အဆစ်အမြစ် ရောင်တဲ့ ရောဂါ၊ ကျောက်တည်တဲ့ ရောဂါ အကုန်လုံး ဖြစ်တော့မှာပေါ့နော်။ ဆိုတော့ ဒါက ဘီယာနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေး လုံးဝ မကောင်းဘူးလဲ မဟုတ်ဘူး။ သို့သော် အထောက်အကူမပြုဘူး ရောဂါတွေကြီးပဲ ဖြစ်တယ် အဲလိုမျိုးလည်း မဟုတ်ဘူးပေါ့။ ဘီယာကိုလည်း မတော်မတရား သောက်ရင်တော့ ပြဿနာတွေ လာတော့မှာပေါ့။ သို့သော် သူက သူ့အချင့်အချိန်လေးနဲ့ ဆိုတာလည်း အတိုင်းအတာ တစ်ခုထိ ကျန်းမာရေးလည်း ညီညွတ်တာ ရှိတာပေါ့လေ။ အဲလိုပြောလို့ ကျွန်တော် ဘီယာသောက်ခြင်းကို အားပေးလား အဲလိုလဲ မဟုတ်ပါဘူး။

မဇ္ဈိမ - ကိုကျော်မိုးဆိုတဲ့ တစ်ယောက်က ဘာမေးထားလဲဆိုတော့ ဆီးခဏခဏ သွားပြီးရင် နာတယ် ဖြစ်တာကြာပြီ လိင်ကော်လီယိုနာ နားအတွင်းက နာနေ ပူနေပြီး ခါးလည်း နာပါတယ်။ ကုတာလည်း မရဘူးတဲ့။ တီဗီ စစ်ကြည့်တော့လည်း ဘာမှ မရှိဘူး။ ခါးနာနေတာတော့ သေချာတယ်တဲ့။ အဲဒါ ဘာဖြစ်တာလဲလို့ သူ မေးထားတယ် ခင်ဗျ။

Prof: UBM - ဆီးခဏခဏ သွားပြီးရင် နာတယ်။ ဒါက ကိုကျော်မိုးရဲ့ အသက်ပေါ့နော်။ အသက်ပေါ်လည်း မူတည်တာပေါ့။ ပုံမှန်ဆိုရင်တော့ ဆီးသွားတယ်။ နေ့ခင်းပိုင်းဆိုရင် အနည်းဆုံး သုံးကြိမ်ပေါ့နော်။ တစ်ခါတလေလည်း နှစ်ကြိမ် သုံးကြိမ် တစ်ခါတလေလည်း ငါးကြိမ်လောက်ပေါ့နော်။ ရေသောက်ရင် သောက်သလို သွားတယ်။ ပုံမှန်ဆိုရင်တော့ အဲလို နာလေ့တော့ မရှိဘူး။ နာတယ်ဆိုကတည်းက ကျွန်တော်တို့က တစ်ခု တစ်ခုလေးတော့ စဉ်းစားဖို့ လိုပြီပေါ့။ အဲတော့ ဒီအသက်အရွယ်ပေါ် မူတည်ပြီးတော့ ကိုကျော်မိုးသည် လူလတ်ပိုင်းဆိုတော့ ဆီးလမ်းကြောင်း ပိုးဝင်တာလေးတွေ စဉ်းစားပေးဖို့ လိုတာပေါ့နော်။ ဒါမျိုးလေးတွေ ဖြစ်နိုင်တယ်။ အဲတော့ ဆီးသွားပြီးရင် နာတာနဲ့ အပြင်ကို အခြား ဘာတွေများ တွဲဖြစ်နိုင်သေးလဲပေါ့။ ဆီးသွားချိန် များနေပြီလား။ ဆီးသွားပြီးရင် ဆီးထပ်ပြီးတော့ သွားချင်သလိုပေါ့။ ဒါမျိုးတွေ ဖြစ်လာတယ်။ ဆီသွားပြီးရင် ဆီးမကုန်ဘဲနဲ့ ဆီးကျန်သလို ခံစားရလား။ ဒါတွေသည် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ လက္ခာတွေ ဖြစ်နိုင်တယ်။ ဆီးအိမ်ရောင်တယ်။ ဆီးအိမ်အောက်ခြေသားတွေ ရောင်တယ်ဆိုရင်လည်း ဒီလို လက္ခာမျိုး ပြနိုင်သလို ကိုကျော်မိုးသည် လူလတ်ပိုင်းထက် ကျော်လွန်သွားပြီးတော့ အသက် လေးဆယ်၊ ငါးဆယ်ဝန်းကျင် ဆိုရင်တော့လည်း ဆီးကျိတ်လေး ကြီးတာလည်း ထည့်စဉ်းစားရမှာပေါ့။ ဒါကတော့ ယောက်ျားတွေမှာ ဖြစ်နိုင်တဲ့ ဟာလေးကို စဉ်းစားပြီး ပြောတာပါ။ နောက်တစ်ခု ကိုကျော်မိုးသည် ခဏ ခဏ အလေးအပင်မ များလို့ ခါးနားတယ်ဆိုရင်လည်း ဒါသည် အာရုံကြောနဲ့ ဆိုင်တဲ့ ဆီးအိမ် ရောဂါရဲ့ လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။ ခါးပူတာတွေ ဘာတွေ ဒါတွေကလည်း ဒီဟာနဲ့ ဆက်စပ်သွားတဲ့ လက္ခဏာတွေ ဖြစ်ဖို့ များပါတယ်။ ခါးလည်းနာတယ်။ ကုတာလည်း မပျောက်ဘူးဆိုတော့ အထိုင်များတဲ့ သူတွေ သို့မဟုတ် အလေးအပင်မ များတဲ့ သူတွေ ဒီလိုများတဲ့ သူတွေသည် ခါးကြော ညှပ်တယ်လို့ ခေါ်တာပေါ့။ ခါးကြောညှပ်တယ်ဆိုတာ ခါးမှာ ရှိတဲ့ ခါးရိုးဆစ်ကြားထဲက ကူရှင် အပြားလေးက ထွက်လာပြီးတော့ အာရုံကြောရဲ့ အထွက်ပိုင်းလေးကို သွားပြီးတော့ ဖိတာပေါ့။ အဲလို ဖိတဲ့ဟာသည် ဆီးအိမ်ကို သွားတဲ့ အာရုံကြော အပိုင်းလေးကို ဖိမိရင်တော့ ဒီလို လက္ခဏာတွေလည်း လာနိုင်တယ်။ ဆိုတော့ လူလတ်ပိုင်း အရွယ်တွေမှာတော့ အခုနက ပြောတဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာ နောက်တစ်ခု ကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကြောင့် အလေးအပင်တွေ မပြီး ခါးကြောညှပ်ပြီး အာရုံကြော ပြဿနာလေးတွေ ရှိလာတယ်။

နောက်တစ်ခုကတော့ ဆီးကျောက်ကိုလည်း ထည့်စဉ်းစားပေးရပါမယ်။ ဆိုတော့ ဒါတွေကတော့ ဒီထက်မက သိချင်တဲ့ အချက်လေးတွေ သေချာပိုပြီးတော့ သိရရင်တော့ ဘာကြောင့် ဖြစ်နိုင်တယ်ဆိုတာ ပိုပြောနိုင်မှာပါ။

မဇ္ဈိမ - ချစ်မိမယ်ဆိုတဲ့ အကောင့်ပိုင်ရှင် တစ်ယောက် မေးထားတာကတော့ ကျွန်တော်ကတော့ ခါးနာပါတယ်။ ဒီခါးနာနေတာကို ဘယ်လို ဆေးမျိုးစားလို့ ပျောက်ကင်းနိုင်မယ်ဆိုတာ လမ်းညွှန်ပေးပါဆရာ။

Prof: UBM - ခါးနာတာကတော့ ကျွန်တော့်ဆီကိုလည်း နိစ္စဒူဝပေါ့နော်။ လူနာကြည့်တဲ့ အချိန်မှာလည်း ခါးနာတဲ့ လူနာတွေ လာပါတယ်။ ခါးနာတဲ့အကြောင်းအရင်းပေါ် မူတည်ပြီးတော့ပေါ့ ဥပမာ ခါးနာတာသည် ကျောက်ကပ်ကြောင့် နာတာလား။ ဆီးလမ်းကြောင်း ပိတ်လို့လား ကျောက်ကပ်ရောင်လို့လား စတဲ့အကြောင်း အမျိုးမျိုးကြောင့်ပေါ့နော်။ ဆီးလမ်းကြောင်းနဲ့ ဆက်နွယ်တဲ့ ခါးနာခြင်းမျိုးလား။ သို့မဟုတ်ရင်လည်း အကြော အရိုးကြွက်သား ဆိုင်ရာ ပြဿနာတွေကြောင့်လား။ အဲဒါလေးကိုတော့ သိအောင် ကျွန်တော်တို့ လုပ်ပေးဖို့ လိုပါတယ်။ အဲဒီဟာမှာလည်း လူနာရဲ့ ရောဂါ ဖြစ်စဉ်လေးကို နားထောင်တယ်။ နားထောင်ပြီးရင်တော့ ဒါကတော့ ဆီးလမ်းကြောင်းနဲ့ ဆက်နွယ်တဲ့ ရောဂါ ဒါကတော့ အာရုံကြောနဲ့ အခုနက အရိုးအကြော ကြွက်သားတွေနဲ့ သက်ဆိုင်တဲ့ ရောဂါ ဒီလိုလေး အကြမ်းဖျင်းနှစ်ခု ခွဲလိုက်တာပေါ့။ အဲတာပေါ် မူတည်ပြီးတော့ ဘာဆေးတွေ သောက်သင့်လဲ ပေးတာပေ့ါ။ အခုကတော့ ဒီခါးနာ ဆိုတဲ့ လက္ခဏာလေးတစ်ခုနဲ့ တော့ ဘာဆေးသောက်ရင် ပျောက်မယ်လို့ အတိအကျပြောဖို့တော့ ကျွန်တော့်အတွက် ခက်ပါတယ်။ ဒီထက် ပိုပြီးတော့ အသေးစိတ်လေး သိရရင်တော့ ပိုပြီးတော့ ခိုင်ခိုင်မာမာဖြစ်တဲ့ အကြံလေး ပေးနိုင်ပါတယ်။

မဇ္ဈိမ -  ကိုကျော်ကျော်ဆိုတဲ့ တစ်ယောက် မေးလာတာကတော့ ဆီးအိမ်ကင်ဆာဖြစ်လို့ တစ်ဝက်လှီးဖြတ်ထားတာ ရက် ၂၀ ရှိပြီ။ လက်ပရိုစကုတ်နဲ့ ခွဲတာ အပြင်ချုပ်ရိုးကတော့ ကျက်ပြီး ဒါပေမယ့် ဆီးသွားတဲ့ အခါမှာ ပြည်တွေ ပါနေတုန်း ဆီးမသွားတဲ့ အချိန်တွေမှာလည်း သူရဲ့ အမျိုးသား အင်္ဂါထိပ်မှာ ပြည်တွေ စိမ့်ထွက်နေတယ်။ အဲဒါကို ဆေးညွှန်းပေးဖို့ အကူညီတောင်းနေပါတယ် ဆရာကြီး။ ဘာဆေး သောက်ရမလဲလို့ မေးထားပါတယ်။

Prof: UBM - ဆီးအိမ်ကင်ဆာကို ဆီးအိမ်တစ်ဝက် လှီးဖြတ်ထားရတယ်။ အခုကော ဆီးပိုက် ရှိနေသေးလား ဆီးပိုက် ဖြုတ်ပြီလားပေါ့နော်။ ပုံမှန်တော့ ရက် ၂၀ ဆိုရင် ဆီးပိုက် ဖြုတ်လိုက်ပြီပေါ့နော်။ တစ်ခါတလေကျရင်လည်း ပြည်လေး ထွက်နေတယ်ဆိုတာ ဒီ ဆီးပိုက်ထည့်ထားတဲ့ အတွက် ပိုးလေးတွယ်သွားတယ်။ အဲဒီကနေပြီးတော့ ပြည်လေးထွက်တာ ဒါက တစ်ခု စဉ်းစားပေးရမှာပေါ့။ နောက် ဆီးအိမ်ကင်ဆာ ခွဲထားလို့ ပြည်ထွက်တယ်ဆိုတာကတော့ နည်းနည်းတော့ ရှားမယ်။ ဖြစ်ရင်လည်း ဒါဟာ ဖြစ်နိုင်ပါတယ်။ အဲဒါဆိုရင်တော့ ပိုးသတ်ဆေး ကောင်းကောင်းတော့ လိုပါမယ်။ နောက်တစ်ခုကတော့ ရေသောက်တာလေးကို နည်းနည်းများစေချင်တယ်။ ရေများများသောက်လိုက်ခြင်းအားဖြင့် ဆီ;ပိုသွားလို့ ရှိရင် ဒီဟာ သဘာဝနည်းလမ်းနဲ့ ရှင်းထုတ်သလို ဖြစ်သွားနိုင်တယ်။ ဆီးပိုးသတ်တဲ့ ဆေးလေး တစ်မျိုးမျိုးပေါ့နော်။ အဲဒါလည်း ဆေးအုပ်စုလေးတွေတော့ သူ့ဟာနဲ့သူ ရှိပါတယ်။ ကျွန်တော်တို့ အွန်လိုင်းမှာ ဘာဆေး ဘာဆေးသောက်ပါလို့ ပြောဖို့အတွက် နည်းနည်းလေး မရဲတာက ဆေးတိုင်းမှာ မတည့်တဲ့ ဓာတ်လေးတွေ ရှိတယ်။ လူပေါ်မူတည်ပြီးတော့ ဒီဆေးသည် ဒီလူနဲ့တည့်သော်လည်း နောက်ဆေး တစ်မျိုးသည် ဆေးမတည့်ဘူး။ ဆေးမတည့်ဘူးဆိုတဲ့ ဟာမှာလည်း ဆေးမတည့်တာ ကျွန်တော်တို့က ဆေးမတည့်တာပေါ့နော်။ သို့သော် လူထုက နောက်ထပ် တစ်မျိုးနဲ့ သုံးတယ်။ ဆေးမှားတယ်ပေါ့။ အဲလို ဆေးမှားတယ် ဖြစ်မှာဆိုးလို့ ကျွန်တော်က ဘာဆေးတွေ သောက်ပါဆိုတာကို အကြံမပေးချင်ပါဘူး။ နည်းစပ်ရာ ဆရာဝန်နဲ့ ဆေးပိုးသတ်ဆေး တစ်မျိုးပေါ့နော်။ ဒါဆိုရင် ဆေးပေးလိုက်တဲ့ ဆရာကလည်း တစ်ခု ခုဆိုရင် လိုတာလေး လုပ်ပေးနိုင်တယ်ပေါ့။ ကျွန်တော်ကတော့ အခု လေထဲက ပြောလိုက်ပြီးတော့ ဟိုမှာ လူနာဆီမှာ ဆေးမတည့်တဲ့ ရောဂါနဲ့ တစ်ခုခုများ ဖြစ်နေခဲ့ရင် ကျွန်တော်ဘာမှ အခုထက်ထိ ကုပေးလို့ မရဘူးပေါ့။ ဒါကြောင့် ဘာဆေးသောက်ပါလို့ ပြောတာထက် စာရင်တော့ ဆီးပိုးသတ်ဆေးလေး တစ်မျိုးမျိုး ကျွန်တော် ကြိုသောက်စေချင်ပါတယ်။ နောက်တစ်ခုကတော့ ဆီးသန့်တဲ့ဆေး ပေါ့။ ဒါပေမယ့် တကယ်တမ်းတော့ ဆီးထဲမှာ ပါတဲ့ ဓာတ်သဘာဝလေး တစ်ချို့ကို ပြောင်းလိုက်ခြင်းအားဖြင့် အခုနက ပြောတဲ့ လက္ခဏာလေးတွေလည်း သက်သာစေတယ်ပေါ့။ Cital syrup ဆိုတာလေးကို သောက်နိုင်ပါတယ်။ နောက်တစ်မျိုးကတော့ ယူရိုစီထရာကေ ဆိုတဲ့ ဆေးလေးတွေပေါ့နော်။ ဟို ဆေးအရည်ကတော့ တစ်နေ့ကို တစ်ဇွန်း သုံးကြိမ် ဇွန်းအသေးနဲပ သုံးကြိမ် သောက်လို့ ရပါတယ်။ နောက် ယူရိုစီထရာကေ ကတော့ မနက်တစ်လုံး နေ့ခင်းတစ်လုံး ညတစ်လုံးပေါ့နော်။ အဲဒါလေးတွေကို ရက်တို တစ်ပတ်စာလောက် သောက်ပါ။ နောက်တစ်ခုကတော့ ဆီးပိုးသတ်ဆေးလေး တစ်ခုခုသောက်ရင် ဒါလေး သက်သာသွားမယ်လို့ ထင်ပါတယ်။

အပိုင်း (၂) ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly