မိ်မိကိုယ်ကို သတ်သေလိုခြင်းမှ ကျော်လွှားနိုင်ဖို့ နည်းလမ်း (၅)ချက်

မိ်မိကိုယ်ကို သတ်သေလိုခြင်းမှ ကျော်လွှားနိုင်ဖို့ နည်းလမ်း (၅)ချက်

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

လူသားတိုင်းရဲ့ဘဝတွင် စိတ်ခံစားချက်နှင့် အတွေးအခေါ်တွေအပေါ် သက်ရောက်စေသော အကြောင်းအရင်းများစွာရှိတယ်။ လုပ်ငန်းခွင်ပြဿနာ၊ အိမ်ထောင်ရေးအဆင်မပြေမှုနှင့် ငွေကြေးပြဿနာတွေက လူတွေကို သတ်သေလိုစိတ်ဖြစ်စေနိုင်ပါတယ်။ ဒီဆောင်းပါးက လူတွေကို သတ်သေလိုတဲ့စိတ်ခံစားမှုနဲ့ အတွေးအခေါ်တွေကို ကျော်လွှားနိုင်အောင် ကူညီပါလိမ့်မယ်။

သင့်ရဲ့စိတ်ကို သန်မာအောင် ပျိုးထောင်ပါ။

ကြံ့ခိုင်သန်မာတဲ့ စိတ်ဓါတ်နှင့် ကိုယ်ခန္ဓာက သင့်ကို သတ်သေချင်တဲ့ အတွေးအခေါ်၊ ခံစားချက်နှင့် အပြုအမူတွေကနေ ကာကွယ်ပေးလိမ့်မယ်။ သင့်ရဲ့ ခံနိုင်ရည်နှင့် သည်းခံနိုင်မှုကို အောက်တွင်ပြထားတဲ့အချက်တွေက ကူညီနိုင်ပါလိမ့်မယ်။
• သင့်ကို ထောက်ပံ့ပေးနိုင်တဲ့ ခိုင်မာတဲ့အဖွဲ့တည်ဆောက်ပါ။ သင့်မိသားစုဝင်များ သူငယ်ချင်းများနှင့် ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ပါ။ သင့်ကို ကူညီထောက်ပံ့နေတဲ့သူတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။ သင်ဟာ တခြားလူတွေနှင့် ဝေးကွာနေတယ်လို့ ခံစားနေရပါက ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားပါ။ သင်အကူအညီလိုပါက သူတို့က သင့်ကို ကူညီနိုင်ပါလိမ့်မယ်။
• လိုအပ်ပါက အကူအညီတောင်းပါ။ သင်ပျော်ရွှင်စေမယ့် အရာတွေလုပ်ဆောင်ပါ။ သင့်ပြဿနာဖြေရှင်းတဲ့ စွမ်းရည်ကို တိုးတက်အောင်လုပ်ပါ။
• သင်ဟာ ဆေးကုသမှုခံယူဖို့လိုအပ်ပါက မငြင်းဆန်ဘဲ ဆေးကုသမှုခံယူပါ။
• သင့်စိတ်ရော ကိုယ်ပါကျန်းမာအောင်ထားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာတဲ့အစားအသောက်တွေ စားပါ။ လုံလောက်စွာ အိပ်စက်အနားယူပါ။

သင့်မှာသတ်သေလိုတဲ့စိတ်ပေါ်လာလျှင် ကိုယ့်ကိုယ်ကို သိပါ။

သတိပေးအချက်တွေကို သိရှိခြင်းက သင့်ကို သတ်သေခြင်းကနေ လွတ်ကင်းစေနိုင်ပါတယ်။ တကယ်လို့ သင်ဟာဒီအချက်တွေကို သတိထားမိလျှင် အကူအညီချက်ချင်းရှာဖွေပါ။ သတိထားရမယ့် အချက်တွေကတော့
• သင်ဟာ အရက်၊ ဆေးဝါးများနှင့် ဆေးလိပ်ကို ပိုသုံးစွဲလာလျှင်
• သင်ဟာ စိုးရိမ်ပူပန်မှု၊ မိမိကိုယ်ကို အပြစ်တင်မှုနှင့် စိတ်ဖိစီးမှုကို ခံစားရလျှင်
• အသက်ရှင်ဖို့အတွက် အကြောင်းရင်းမရှိတော့ဘူးလို့ မျှော်လင့်ချက်မဲ့ ခံစားရလျှင်
• သင်ဟာ အကူအညီမဲ့နေပြီး အသုံးမဝင်တော့ဘူးလို့ ခံစားရလျှင်၊ သင့်ပြဿနာအတွက် ပိုကောင်းလာစရာမရှိဘူးလို့ခံစားလာရလျှင်
• အမြဲစိတ်တိုနေလျှင်
• အဆိုးဆုံးအခြေအနေမှာ ပိတ်မိနေပြီး ထွက်ပေါက်မရှိသလိုခံစားရလျှင်၊ ဘဝကိုအဆုံးသတ်မှ ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်လျှင်
• သင်ဟာ မိသားစု၊ သူငယ်ချင်းများနှင့် မနေလိုဘဲ တစ်ဦးတည်းနေလိုလျှင်
• သင်ဟာ အိပ်မရလျှင် (သို့ ) အိပ်လွန်းလျှင်
• သင်ဟာတခြားသူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ခံစားနေရလျှင်
• သတ်သေဖို့ တွေးနေလျှင်
• သတ်သေဖို့နည်းလမ်းတွေ ရှာဖွေနေလျှင်

ထိရောက်သော ကုသနည်းများ

ဒီအချက်တွေက သင့်ကိုသတ်သေမယ့် အခြေအနေတွေကနေ ကယ်တင်နိုင်မယ့် နည်းလမ်းတွေဖြစ်တယ်။ သင်ဟာ သင့်ရဲ့ဘဝနေနည်းတွေကို မြှင့်တင်ပြီး သတ်သေမယ့် အခြေအနေကို လျှော့ချနိုင်တယ်။ ဒီနည်းလမ်းတွေကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။
• သင့်ကိုယ်ကို ပိုပြီးဂရုစိုက်ပါ။ ဈေးဝယ်ထွက်ပြီး အလှကုန်ပစ္စည်းတွေကိုဝယ်ပါ။
• တခြားလူတွေနှင့် ပိုမိုဆက်သွယ်ပါ။
• သင့်စိတ်ဖိစီးမှုနှင့် ပူပန်မှုတွေကို စနစ်တကျဖြေရှင်းပါ။
• သင့်ဒေါသတွေကို ထိန်းချုပ်ပါ။သင်ဟာ ဘယ်အခြေအနေမှာမဆို စိတ်တိုနိုင်ပါတယ်။ ဒါဟာ ထိခိုက်မှုကို တုံ့ပြန်တဲ့ သဘာဝနည်းလမ်းဖြစ်တယ်။ ဒါပေမယ့် ဒေါသကို မလွှတ်ပေးတာက သင့်ဘဝအတွက် ပိုမိုကောင်းမွန်စေပါတယ်။
• သင့်ငွေရေးကြေးရေးကို စနစ်တကျအစီအစဉ်ချ ကိုင်တွယ်ပါ။ ငွေကြေးပြဿနာတွေက သတ်သေမှုကိုဖြစ်စေတဲ့အတွက် သင့်ငွေကြေးကို ဘယ်လိုထိန်းချုပ်ရမလဲ သင်ယူပါ။
• တခြားလူတွေနှင့် ဆက်ဆံပါ။ လိုအပ်လျှင် အကူအညီတောင်းခံပါ။
• အနားယူဖို့ သင်ယူပါ။ ကြိုက်နှစ်သက်တဲ့ သီချင်းနားထောင်ပါ။ ကြိုက်နှစ်သက်တဲ့ စာအုပ်ဖတ်ပါ။ အပြင်ကိုထွက်လည်ပါ။

ကုသမှုခံယူပါ။

ကုသမှုကို မငြင်းဆန်ပါနဲ့။ တချို့ဆေးတွေ ကုထုံးတွေက သင့်ကို သတ်သေလိုတဲ့အတွေးတွေကနေ ကူညီနိုင်ပါတယ်။ ဆရာဝန် သို့ ကုထုံးတစ်မျိုးမျိုးကို ရှာဖွေပါ။ ဒါတွေက သင့်ကိုသတ်သေလိုမှု လျော့ကျစေပါလိမ့်မယ်။ သင်ဟာ သင့်ပြဿနာတွေကို အသိဆုံးလူတစ်ယောက်ဖြစ်တဲ့အတွက် သင့်ကုသမှုကို အမြဲချိန်ဆပါ။

အကောင်းမြင်စိတ်မွေးပါ။

သင်ဟာ အကူညီမဲ့တယ်လို့ခံစားရချိန်၊ မျှော်လင့်ချက်မဲ့နေတဲ့အချိန်တွေမှာ အကောင်းမြင်ဖို့ခက်ပါတယ်။ ဒါပေမယ့် ရှေ့မှာတောက်ပတဲ့ အနာဂါတ်ရှိတာကို ယုံကြည်ပါ။ ဘဝကိုရှင်သန်သင့်တဲ့အချက်တွေကို ရှာဖွေပါ။ သင့်ဘဝက အမြဲတန်ဖိုးရှိတယ်လို့ နားလည်ပါ။ သင့်မိသားစုနှင့် သူငယ်ချင်းတွေက သင်နှင့်အတူအမြဲရှိပါတယ်။ သင်မလုပ်ဖူးသေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်တွေလည်း ရှိနေပါသေးတယ်။ ဘဝရဲ့စိန်ခေါ်မှုတွေက သင့်ကိုပိုပြီးသန်မာစေပါတယ်။ ကောင်းမွန်သော အကူအညီရပြီး မကြာမီမှာ သင်ပိုပြီးကောင်းမွန်တာကို ခံစားရနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly