ကျား/မ တန်းတူ အခွင့်အရေးရရှိမှု အယူအဆနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ ပြုလုပ်

ကျား/မ တန်းတူ အခွင့်အရေးရရှိမှု အယူအဆနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာလ ၂၈ ။            ။ ကျား/မ တန်းတူ အခွင့်အရေး ရရှိမှု အယူအဆ Feminism နှင့် ပတ်သက်ပြီး မိမိတို့ ကိုယ်တိုင် Feminist တစ်ယောက် ဟုတ်ခြင်း ၊ မဟုတ်ခြင်းနှင့် ဖန်းမနစ်၏ ဆိုလိုရင်း အဓိပ္ပါယ်ကို ဆွေးနွေးကြသည့် ဆွေးနွေးပွဲတစ်ခုကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် Rainfall Gender Study Organization မှ ဦးဆောင်ပြုလုပ်သည်၊

ဆွေးနွေးပွဲတွင် နယ်ပယ်အသီးသီးမှ အမျိုးသမီး အမျိုးသား ၁၂ ဦးတို့က မိမိတို့ နားလည်ထားကြသည့် Feminist ကျား/မ တန်းတူရေး ရှုထောင့်ကနေ ဆိုလိုရင်း အဓိပ္ပါယ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ တိုင်းရင်းသာများ၏ ရိုးရာဓလေ့ထုံးတမ်းတို့တွင် ခွဲခြားခြင်း မရှိဘဲ ကျား/မ တန်းတူ အခွင့်အရေး ရရှိမှုကို အခြေတည်ပြီး ဆွေးနွေးခဲ့ပြီး ဖန်းမနစ်ဆိုသည်မှာ မတူညီခြင်း မညီမျှခြင်းများကို ညီမျှစေသည့် အရာသာဖြစ်ပြီး လူများ၏ အကန့်အသတ်နှင့် အဓိပ္ပါယ်ဖွဲ့ဆိုမှု၊ ဖန်းမနစ်ကို အဓိပ္ပါယ်အမျိုးမျိုး သတ်မှတ်လိုက်ခြင်းကြောင့် လူတွေရဲ့ အမြင်များကို တစ်မျိုးဖြစ်သွားစေသည်ဟု အခရာ အဖွဲ့၏ ဒါရိုက်တာ ဒေါ်ထားထားက ဆွေးနွေးခဲ့သည်။

" Feminist ဖန်းမနစ်ဆိုတာ မတူညီတာကို ညီမျှချင်တာ၊ ဖန်မနစ် စကားလုံးကို လူတွေက အကန့်အသတ်နဲ့ အဓိပ္ပါယ်ဖွဲ့ကြတယ်၊ ဖန်းမနစ်ကို အဓိပ္ပါယ် အမျိုးမျိုး သတ်မှတ်လိုက်ကြလို့ အမျိုးသားတွေက သူတို့နဲ့ မသက်ဆိုင်သလို ဖြစ်နေတယ်၊ မတူညီတာတွေ တူညီလာဖို့ မမျှတတာတွေ မျှတလာဖို့ ဆိုရင် အမျိုးသားတွေက ပိုလို့တောင် ဖန်းမနစ် ဖြစ်သင့်တယ်"ဟု ဒေါ်ထားထားက ပြောသည်။

ဒီမိုကရေစီစနစ် အားကောင်းစွာ လည်ပတ်နိုင်အောင် ထူထောင်နိုင်မည်ဆိုပါက ကျား/မ တန်းတူ အခွင့်အရေး ရရှိမှု အယူအဆ Feminism ဝါဒသည်လည်း အထိုက်အလျောက်ရရှိလာမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောသည်။

"လူတွေက တစ်ယောက်နဲ့တစ်ယောက် တွန်းမိတိုက်မိဖြစ်ကြတယ်၊ အဲဒီအချိန်မျိုးမှာ အားနည်းတဲ့သူ အားကြီးတဲ့သူ၊ identity အရ အားသာတဲ့သူ အားနည်းတဲ့သူ၊ အဲဒီဟာတွေကို ညီမျှဖို့ စနစ်တစ်ခု ထူထောင်ပေးရတယ်၊ အဲစနစ်ကို ထူထောင်နိုင်ရင်တော့ တရားမျှတမှုမရှိတာတို့ အထိုက်အလျှောက် လျှော့ချနိုင်မယ်၊ ဒီမိုကရေစီစနစ် လည်ပတ်နိုင်တဲ့ စနစ် ကောင်းကောင်း တည်ဆောက်နိုင်ပြီးဆိုလို့ရှိရင် ဖန်မနစ်တွေ မျှော်မှန်းတဲ့ ညီမျှခြင်း တရားမျှတခြင်း အနေအထားတစ်ခု ရောက်မှာပေါ့လေ"ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
ဖန်မနစ်နှင့် ပတ်သက်သည့် စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ The Phayre's Gastronomy စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပြီး အမျိုးသား အမျိုးသမီး လိင်စိတ်ခံယူမှုကွဲပြားသူများ ပါဝင်ပြီး လူဦးရေ ၁၀၀ နီးပါး တက်ရောက်ခဲ့ကာ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly