YBS ရ၊ ၁၅၊ ၂၄၊ ၂၆ တို့ အမှန်တကယ်သုံးနိုင်မည့် ဖရီးဝိုင်ဖိုင် တပ်ဆင်

YBS ရ၊ ၁၅၊ ၂၄၊ ၂၆ တို့ အမှန်တကယ်သုံးနိုင်မည့် ဖရီးဝိုင်ဖိုင် တပ်ဆင်

ရန်ကုန်၊ စက်တင်ဘာလ ၂၈ ။            ။ ဝါစိမ်းနီ YBS ၇၊ ၁၅၊ ၂၄၊ ၂၆ တို့တွင် အမှန်တကယ် အသုံးပြုနိုင်မည့် ဖရီးဝိုင်ဖိုင်ကို လာမည့် အောက်တိုဘာလ ၂ ရက်နေ့မှ စတင်ကာ အသုံးပြုနိုင်ပြီဟု YUPT ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က မဇ္ဈိမသို့ ပြောသည်။

“ အားလုံးပေါင်း ၁၉၈ စီးပေါ်မှာ ဝိုင်ဖိုင်တပ်ပြီးပြီ။ အဲ့ဒီကားတွေပေါ်မှာ လိုက်ပါစီးနင်တဲ့ ခရီးသည်တွေအနေနဲ့ လာမယ့် တနလာၤနေ့ကျရင် ဝိုင်ဖိုင်ကို အခမဲ့အသုံးပြုလို့ရပါပြီ။ အစဆိုတော့ ဝိုင်ဖိုင်ကို အပြည့်သုံးလို့ရပါတယ်။ ကန့်သတ်ထားတာမရှိသေးပါဘူး။ ဝိုင်ဖိုင်အသုံးပြုလို့ရတဲ့ ကားတွေပေါ်မှာ စတစ်ကာတွေ ကပ်ထားပါမယ်။ အဲ့ဒီ လို စတစ်ကာကပ်ထားပြီဆိုရင် အဲ့ဒီကားပေါ်မှာ ဝိုင်ဖိုင် အခမဲ့သုံးလို့ရပါပြီ ”ဟု ဦးမောင်မောင်လွင်က ပြောသည်။

ရန်ကုန်မြို့ပြအများပြည်သူသယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ( YUPT) ပိုင် ဘတ်စ်ကားစီးရေ ၁၉၈ စီးပေါ်တွင် ဖရီးဝိုင်ဖိုင်များအား စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း  အတည်ပြုပြောခဲ့ခြင်း ဖြစ်သည်။

သင်္ကန်းကျွန်းကားကြီးဂိတ်မှ ဆူးလေထိ ပြေးဆွဲသော ဝါစိမ်းနီ ၇၊ ဒဂုံတက္ကသိုလ်မှ ဗိုလ်တစ်ထောင်ဘုရားထိ ပြေးဆွဲနေသော YBS ၂၆၊ ဒဂုံမြောက်ပိုင်းမှ ဗိုလ်တစ်ထောင်ဘုရားထိ ပြေးဆွဲနေသော ဝါစိမ်းနီ ၂၄၊ ဒဂုံတက္ကသိုလ်မှ ဒညင်းကုန်းထိ ပြေးဆွဲနေသော ဝါစိမ်းနီ ၁၅ ယာဉ်များပေါ်တွင် Wifi စတစ်ကာများ တပ်ဆင်ပေးထားမည်ဖြစ်ပြီး လက်ရှိတွင် ရွှေပေါက္ကံမှ ဆူးလေအထိ ပြေးဆွဲနေသော ဝါစိမ်းနီ ၃၆ ယာဉ်လိုင်းတွင် တပ်ဆင်ထားပြီး ဖြစ်သည်။

အဆိုပါ ဖရီးဝိုင်ဖိုင်စနစ်မှာ ကြော်ငြာကုမ္ပဏီများနှင့်ချိတ်ဆက်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘတ်စ်ကားစီး ရေ ၂၄ဝ အတွက် ဝိုင်ဖိုင်များတပ်ဆင်သွားမည် ဖြစ်သည်။

“ ရောက်လာတဲ့ ပစ္စည်းတွေနဲ့ ယာဉ်အစီးရေ ၂၄ဝ မှာ ၁၉၈ စီး တပ်ဆင်ပြီးတာပေါ့။ ဝိုင်ဖိုင်ပစ္စည်းက ၂ဝဝ ရောက်လာတော့ ၂ ခုကတော့ ကျွန်တော်တို့က နည်းနည်းမကြိုက်လို့ ၁၉၈ ခုပဲ တပ်လိုက်တာဖြစ်တယ်။ နောက်တစ်သုတ် ဝိုင်ဖိုင်တွေကို ထပ်တပ်ပါမယ်။ လောလောဆယ်မှာ ဆောင်ရွက်နေပါပြီ”ဟု ဦးမောင်မောင် လွင်က ပြောသည်။

YUPT ကုမ္ပဏီမှာ ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ ဘတ်စ်ကားများကို WiFi အခမဲ့စနစ် အပါအဝင် ဘတ်စ် ကားတစ်စီးလျှင် စီစီတီဗီကင်မရာ ၅ လုံး၊ ယာဉ်စီးခ ထည့်ရန် Cash Box ၁ လုံး၊ GPS များကို အဆင့်မြှင့်တပ် ဆင်ခဲ့သည်။

ထို့ပြင် YUPT ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ဘတ်စ်ကားသစ် အစီးရေ ၅ဝဝ ရရှိထားပြီး ယာဉ်လိုင်းနံပါတ် ၆၅၊ ၅၈ ၊ ၃၆ ၊ ၂၈၊ ၂၄ စသည့်ယာဉ်လိုင်းများ အပါအဝင် ယာဉ်လိုင်းပေါင်း ၂၁ လိုင်း အားပြေးဆွဲနေခြင်းဖြစ်ကာ ယခင် မ.ထ.သ မှ အများပိုင်ကုမ္ပဏီသို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly