မြန်မာနိုင်ငံတွင်း မူပိုင်ခွင့် ဥပဒေများခိုင်ခိုင်မာမာ မပြဌာန်းနိုင်သေးခြင်းက စီးပွားရေးတိုးတက်ရေးအတွက် အရေးပါသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရေးအတွက် အဟန့်အတားတစ်ခုဖြစ်နေကြောင်း ဥပဒေပညာရှင်များက ပြောကြားလိုက်သည်။
စက်တင်ဘာလ ၂၈ ရက်နေ့က ကုန်သည်၊စက်မှု အသင်းချုပ်ရုံးမှာ ပြုလုပ်တဲ့ မူပိုင်ခွင့် ဥပဒေ(မူကြမ်း)ပါ အချက်အလက်များရှင်းလင်းဆွေးနွေးပွဲတွင် ၎င်းတို့က ထိုသို့ ပြောဆိုခဲ့ကြခြင်းဖြစ်သည်။
“အခုနိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုတွေ ဘာလို့မလာလဲဆိုတာက နိုင်ငံရေးတွေ ဘာတွေ အဓိက မဟုတ်ဘူး။ စီးပွားရေးသမားက စီးပွားရေးအမြင်ပဲမြင်တယ်။ကိုယ့်ရဲ့ ကုန်အမှတ်တံဆိပ်ကြီးခိုးထားတာကို တရားစွဲလို့မရဘူးဆိုရင် ဘယ်လိုလုပ် ဒီမှာဆိုင်ဖွင့်မလဲ၊ ဒီမှာလုပ်ငန်းလာလုပ်ကြမလဲ” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)က ပြောဆိုသည်။
ပြည်ပရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံသို့လာရောက်ရန် စိတ်ဝင်စားကြသော်လည်း မူပိုင်ခွင့်နဲ့ ပတ်သက်သည့် အခြေခံအဆောက်အအုံများ မကောင်းမွန်သေးသောကြောင့် ဝင်ရောက်လာရန် ကြောက်ရွံ့နေကြကြောင်း မြန်မာနိုင်ငံကုန်သည်နှင့် စက်မှုအသင်းချုပ်၊ ဥပဒေရေးရာ ကော်မတီအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းအောင်က ရှင်းပြသည်။
“နိုင်ငံပြောင်းလဲလာတဲ့အခါမှာ ကျွန်တော်တို့ UMFCCI မှာလာဆွေးနွေးတယ် အများအပြားပဲ၊ ဒါပေမယ့် ထင်သလောက် ကိန်းဂဏာန်း(Figure)တွေ မတက်လာဘူး။ဘာကြောင့်လဲ။ ပွင့်ပွင့်လင်းလင်းပြောမယ် IP (Intellectual Property) ဥပဒေတွေအားနည်းနေတယ်။ အကာအကွယ်ပေးမှုတွေက မခိုင်ခံ့ဘူး” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေများကို ပြဌာန်းရန် ကြိုးပမ်းခဲ့ရာ လက်ရှိတွင် ဥပဒေမူကြမ်းများ ရေးဆွဲပြီးကာ လွှတ်တော်သို့ရောက်ရှိနေပြီး ယင်းဥပဒေများပြဌာန်းပြီးပါက တိုင်းပြည်စီးပွားရေးတိုးတက်လာာ အသေးစားအလတ်အစား လုပ်ငန်းများအတွက်လည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
သို့သော် လက်ရှိတွင် အဆိုပါ ဥပဒေများကို စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် ပြည်သူလူထုက စိတ်ဝင်စားမှုနည်းပါးေ နသေးကြောင်း ဥပဒေပညာရှင်များက ထောက်ပြပြောဆိုထားသည်။