လူငယ်များအတွက် သတင်းအချက်အလက်စင်တာတစ်ခု ရန်ကုန်တိုင်းအစိုးရ စီစဉ်နေ

လူငယ်များအတွက် သတင်းအချက်အလက်စင်တာတစ်ခု ရန်ကုန်တိုင်းအစိုးရ စီစဉ်နေ
Photo - Soe Thu Aung

 

ရန်ကုန်၊ စက်တင်ဘာ ၂၈ ။         ။ လူငယ်များအတွက် သတင်းအချက်အလက်စင်တာတစ်ခု တည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေဂုံတိုင်တွင်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ပြုလုပ်သည့် NLD ပါတီတည်ထောင်သည့် ၂၉ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ နန်းသီတာဆိပ်ကမ်းဘေးနားမှာဖြစ်ပါတယ်။ မြေ ၄ ဧကနီးပါးလောက်ရှိပါတယ်။ အဲ့ဒီမှာ လူငယ်တွေအတွက် အင်ဖော်မေးရှင်းစင်တာတစ်ခုလာမှာပါ “ ဟု နော်ပန်းသဉ္ဇာမျိုးကပြောသည်။

အဆိုပါ စင်တာတွင် ရရှိနိုင်သည့် ဝန်ဆောင်မှုများတွင် အလုပ်စတင်လုပ်ရန် ရုံးခန်းမငှားနိုင်သည့် လူငယ်များအတွက် ရုံးခန်းငှားပေးခြင်း၊ နည်းပညာ ဖလှယ်ခြင်းနှင့် လုပ်ငန်းခွင့် Workshop ကဲ့သို့မျိုး လည်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် အင်ဖော်မေးရှင်းစင်တာအတွက် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီး ဒီဇင်ဘာလခန့်တွင် စတင်ရုပ်လုံးပေါ်လာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly