ပွဲတိုင်းမှာ လူကာကူက အရေးပါတဲ့ ဂိုးတွေသွင်းပေးနေတာပါလို့ ချီးကျူးလိုက်တဲ့မော်ရင်ဟို

ပွဲတိုင်းမှာ လူကာကူက အရေးပါတဲ့ ဂိုးတွေသွင်းပေးနေတာပါလို့ ချီးကျူးလိုက်တဲ့မော်ရင်ဟို

စက်တင်ဘာ ၂၈၊ မန်ချက်စတာ။            ။ CSKA မော်စကိုအသင်းကိုအနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းမှတ်တမ်းကိုဆက်လက်ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးလူကာကူဟာ အသင်းအတွက်အရေးပါတဲ့ဂိုးတွေကိုသွင်းပေးနေသူပါလို့ မန်ယူနည်းပြမော်ရင်ဟိုက ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။

နွေရာသီတုန်းက အဲဗာတန်ကနေ ပေါင် ၇၅ သန်းနဲ့ပြောင်းလာတဲ့အဲဒီတိုက်စစ်မှူးဟာ CSKA မော်စကိုအသင်းကို အဝေးကွင်းမှာ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းဖော်မာရှယ်နဲ့ မစ်ကီတာယန်တို့က တစ်ဂိုးစီသွင်းယူခဲ့ကြပါတယ်။

ရုရှမြို့တော်မှာ ၄-၁ ဂိုးနဲ့နိုင်ပွဲရပြီးနောက် မန်ယူအသင်းဟာ အုပ်စု (က)မှာ နှစ်ပွဲကစား ၆ မှတ်ရထားပါတယ်။ ၉ ပွဲကစား ၁၀ ဂိုး သွင်းထားတဲ့ဘယ်လ်ဂျီယံတိုက်စစ်မှူးကိုလည်း မော်ရင်ဟိုက ချီးကျူးခဲ့ပါတယ်။

“ပွဲတိုင်းလိုလိုမှာ သူကအရေးကြီးတဲ့ဂိုးတွေသွင်းပေးနေတယ်ဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ သူက သိပ်ကောင်းတဲ့ကစားသမား ဆိုတာကို ကျွန်တော်တို့သိထားပါတယ်။

သူကဂိုးတွေအများကြီးသွင်းနိုင်စွမ်းရှိသူဖြစ်ပြီး အရည်အသွေးမြင့်ကစားသမားတွေနဲ့တွဲကစားလိုက်တဲ့အခါ ဂိုးသွင်းရတာ ပိုတောင်လွယ်သွားပါသေးတယ်” လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။

လူကာကူကလည်း သူ့အနေနဲ့ ကြိုးကြိုးစားစားကစားနေကြောင်း၊ အသင်းဖော်တွေအတွဲညီညီနဲ့ကစားနေကြတဲ့ပုံစံကို ဆက်ထိန်းထားရမှာဖြစ်ကြောင်းနဲ့ ဆုဖလားတွေရယူလိုကြောင်း ပြောဆိုခဲ့ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags