နောက်ဆုံးပိတ်လက်ကျန် ဓာတုလက်နက်များကို ရုရှားတို့ဖျက်ဆီးပစ်မည်ဟု ပူတင်ကြေညာ

By AFP
28 September 2017
နောက်ဆုံးပိတ်လက်ကျန် ဓာတုလက်နက်များကို ရုရှားတို့ဖျက်ဆီးပစ်မည်ဟု ပူတင်ကြေညာ

 

မော်စကို၊ ရုရှား၊ စက်တင်ဘာ ၂၈ ။                     ။ ရုရှားနိုင်ငံသည် သမိုင်းဝင်ပြယုဂ်အဖြစ် ၎င်းတို့၏နောက်ဆုံးပိတ်လက်ကျန် ဓာတုလက်နက်များကို ဖျက်ဆီးပစ် တော့မည်ဟု ရုရှားသမ္မတဗလက်ဒီမာပူတင်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပြီး ယင်းကဲ့သို့လုပ်ဆောင်ခြင်းမရှိသည့် အမေရိကန်ပြည်ထောင်စုအား  သူကပြစ်တင်ဝေဖန်ခဲ့သည်။

“ရုရှားလက်နက်တိုက်ထဲမှာ သိုမှီးထားတဲ့ နောက်ဆုံးပိတ်ဓာတုလက်နက်တွေကို ယနေ့မှာပဲ အပြီးတိုင်ဖျက်ဆီး ပစ်တော့မှာဖြစ်ပါတယ်” ဟု ပူတင်က ရုပ်သံမှတဆင့် ကြေညာခဲ့သည်။

“ဒါဟာတကယ့်ကို သမိုင်းဝင်ပြယုဂ်တစ်ခုပါပဲ။ ပညာရှင်တွေယုံကြည်ထားတဲ့အတိုင်းပဲ သက်ရှိအားလုံးကိုဖျက် ဆီးပစ်နိုင်စွမ်းရှိတဲ့ ဆိုဗီယက်ခေတ်က လက်နက်တွေကို ကျနော်တို့အမွေဆက်ခံခဲ့ရတာပါ” ဟု ပူတင်က ဖြည့် စွက်ပြောကြားခဲ့သည်။

ဆက်လက်ပြီး သူက “ ယနေ့ခေတ်သစ်ကမ္ဘာကြီးကို ပိုမိုဘေးကင်းပြီး တည်ငြိမ်မှုရှိသွားအောင် ကြိုးပမ်းရာမှာ ယခုလိုလုပ်ဆောင်ခြင်းဟာ ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ပါပဲ” ဟု ပြောခဲ့သည်။

ရုရှားသမ္မတပူတင်က ရုပ်သံမှတဆင့် ထုတ်လွှင့်ခဲ့သော သူ၏မိန့်ခွန်းထဲ၌ ဝါရှင်တန်အစိုးရကို ဝေဖန်မှုပြုလုပ်ခဲ့ ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်းတို့လုပ်ဆောင်ရမည့် အပြည်ပြည်ဆိုင်ရာတာဝန်များကို ပြည့်ဝစွာ ထမ်းဆောင်ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။

“ဓာတုလက်နက်တွေကို ဖျက်ဆီးရမယ့်အချိန် ရောက်လာတဲ့အခါမှာ ကံမကောင်းစွာနဲ့ပဲ အမေရိကန်တို့ဟာ သူတို့လုပ်ဆောင်ရမယ့် တာဝန်ကိုကျေပွန်းခြင်း မရှိပါဘူး။ ယခုလို လက်နက်ဖျက်ဆီးရမယ့် တာဝန်ကို သူတို့ လုပ်ဆောင်ဖို့ငြင်းဆန်ခဲ့တာ အခုဆိုရင်သုံးကြိမ်တိတိရှိပါပြီ” ဟု ပူတင်က ပြောခဲ့သည်။

ဒါ့အပြင်ပူတင်က ဝါရှင်တန်အစိုးရသည် ၎င်းတို့၏ဓာတုလက်နက် ဖျက်သိမ်းရမည့်အစီအစဉ်ကို ရန်ပုံငွေမလုံ လောက်မှုအား အကြောင်းပြ၍ နောက်ဆုတ်ခဲ့သည်ဟုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“ရပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အခြားနိုင်ငံတွေလိုပဲ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်မှာပါတဲ့ အတိုင်း သူတို့ထမ်းဆောင်ရမယ့် တာဝန်အားလုံးကို ကျေပွန်အောင်ထမ်းဆောင်မယ်လို့ ကျနော်တို့မျှော်လင့်ပါ တယ်” ဟု ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags