ကာဒစ္စတန် လွတ်လပ်ရေး ဆန္ဒခံယူပွဲ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံ

ကာဒစ္စတန် လွတ်လပ်ရေး ဆန္ဒခံယူပွဲ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံ

 

ကာဒစ္စတန်၊ စက်တင်ဘာ ၂၈ ။               ။ အီရတ် ကာ့ဒ်လူမျိုးအများစုက အီရတ်မှ ကာဒစ္စတန်ဒေသ ခွဲထွက်သည့် လွတ်လပ်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေါင်း ၉၂ မဲကျော် ပေးခဲ့ကြကြောင်း စက်တင်ဘာ ၂၇ ရက်က ပထမဆုံးတရားဝင် ရလဒ်ကို ထုတ်ပြန်သည်။

အငြင်းပွားမှုများ ရှိနေသော အဆိုပါ လူထုဆန္ဒခံယူပွဲအပြီး နှစ်ရက်မြောက်တွင် ဒေသ မြို့တော် အာဘေးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက မဲပေးသူဦးရေ ၇၂ ဒဿမ  ၆၁ ရာခိုင်နှုန်း ရှိသော စက်တင်ဘာ ၂၅ ရက်က ဆန္ဒခံယူပွဲတွင် ပြည်သူပေါင်း ၃၃၀၅၉၂၅ ဦးရေ၏ ၉၂ ဒဿမ ၇၃ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြောင်း ကြေညာသည်။

၇ ဒဿမ ၂၇ ရာခိုင်နှုန်းက လွတ်လပ်ရေးကို ကန့်ကွက်ပြီး ပယ်မဲက ၁ ဒဿမ ၂၁ ရာခိုင်နှုန်း ရှိသည်။ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ ဟန်ဒါရင်းမိုဟာမက်က ရွေးကောက်ပွဲသည် အနှောင့်အယှက် တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ပြီးစီးပြီး နိုင်ငံတကာစောင့်ကြည့်သူများကလည်း ရွေးကောက်ပွဲအောင်မြင်မှုကို မြင်တွေ့ကြခဲ့ကြောင်း ပြောသည်။

ယခု ရလဒ်သည် ကာဒစ္စတန် အယူခံခုံရုံးတွင် အတည်ပြုရမည်ဖြစ်ပြီး ခိုင်မာသော ရလဒ်ဖြစ်လာမည်ဟု ၎င်းက ပြောသည်။ အယူခံရုံးအတည်ပြုမည့် ရက်ကိုမူ ၎င်းက ကြေညာခြင်း မရှိပေ။

ကာဒစ္စတန် အာဏာပိုင်များက အစောပိုင်းက ပြောထားသည်မှာ ရလဒ်ကြေညာပြီးသော်လည်း လွတ်လပ်ရေးကို မကြေညာသေးဘဲ အဓိကကိစ္စရပ်များအတွက် အီရတ်နှင့် ဆွေးနွေးသွားရေး တံခါးဖွင့်ထားမှာဖြစ်ကြောင်း ပြောခဲ့သည်။

စက်တင်ဘာ ၂၇ ရက်တွင် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအဘာဒီက ကာဒစ္စတန် အာဏာပိုင်များအနေဖြင့် လူထုဆန္ဒခံယူပွဲကို ပယ်ဖျက်ပြီး အီရတ်ဖွဲ့စည်းပုံကို အခြေခံကာ ဆွေးနွေးကြရန် တိုက်တွန်းထားခဲ့သည်။

အဆိုပါ ဆန္ဒခံယူပွဲကို တူရကီနှင့် အီရန်ကဲ့သို့ ဒေသတွင်း အင်အားကြီးနိုင်ငံများကလည်း ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly