သင့်ရင်သားများကို လျော့ရဲစေတဲ့ နေ့စဉ်အမူအကျင့် (၅)ရပ်

သင့်ရင်သားများကို လျော့ရဲစေတဲ့ နေ့စဉ်အမူအကျင့် (၅)ရပ်

ရေးသားသူ Dr. Thant Zin
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win.

အမျိုးသမီးများရဲ့ ရင်သားဟာ အသက်အရွယ်နဲ့အတူ လန်းဆန်းခြင်းတွေ လျော့ပါးသွားတတ်ပါတယ်။ ဆိုးတဲ့အချက်က ရင်သားရဲ့ အသားစိုင်များဟာ ကိုယ်ခန္ဓာရဲ့ တခြားတစ်သျှူးတွေထက် နှစ်နှစ်သုံးနှစ်စောပြီး အိုမင်းရင့်ရော်လာတတ်တယ်လို့ Genome Biology မှာ ဖော်ပြထားပါတယ်။ မျိုးရိုးဗီဇပိုင်းကိုတော့ မပြုပြင်နိုင်ပေမယ့် သင့်ရင်သားတွေ စောစီးစွာ ရင့်ရော်တွဲကျမသွားအောင် ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။

တချို့ အမူအကျင့်တွေကို ရှောင်ရှားခြင်းဖြင့် သင့်ရဲ့ရင်သားတွေကို တတ်နိုင်သမျှ နုပျိုနေအောင် ထိန်းထားနိုင်ပါလိမ့်မယ်။

၁။ မတော်သော ဘရာစီယာဝတ်ဆင်ခြင်း

ဒီအကျင့်ဟာ ထင်ထားတာထက် ပိုပြီး လူကြိုက်များပါတယ်။ ဘရာစီယာအများစုဟာ လျော့လွယ်တင်းလွယ်တဲ့ အရာတွေနဲ့ ချုပ်လုပ်ထားပြီး အချိန်ကြာလာတာနဲ့အမျှ ကျယ်ပြီးလျော့ရဲလာပါတယ်။ ဒါပေမယ့် သူ့ရဲ့အဓိကလုပ်ငန်းက ရင်သားကို ပင့်တင်ထိန်းသိမ်းပေးဖို့ပါပဲ။ သိပ်မတော်တဲ့ ဘရာစီယာတွေ ဝတ်ခြင်းကြောင့် ရင်သားတွေဟာ လျော့ရဲလာပါတယ်။ ရင်သားဟာ တုန်လှုပ်မှုများရင် ရင်သားရဲ့အရေပြားကို ဖိအားဖြစ်စေလို့ ဖြစ်ပါတယ်။ မိမိနဲ့သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ်ပြီး ဘရာစီယာအုံဟာ ရင်သားတွေကို ကောင်းစွာ ပင့်တင်ထိန်းသိမ်းထားနိုင်ရပါမယ်။ ၈၀%သော အမျိုးသမီးများဟာ သူတို့နဲ့မတော်တဲ့ ဘရာစိယာတွေကို ဝတ်ဆင်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆိုင်မှာ သေချာတိုင်းထွာပြီးမှ သင့်တော်တဲ့ ဘရာစီယာကို ဝယ်သင့်ပါတယ်။

၂။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ အရေပြားရဲ့ ကျုံ့နိုင် ဆန့်နိုင်စွမ်းကို လျော့ကျစေပြီး ရင်သားကို တွဲကျစေပါတယ်။ အရေပြားထဲက အသားအရည် တင်းရင်းစေတဲ့ဓာတ်ကို လျော့ကျစေပြီး သွေးလည်ပတ်မှုကို ဆိုးရွားစေပါတယ်။ ဒီအချက်ဟာ အရေပြားကို အားလျော့စေပြီး ရင့်ရော်ခြင်းကို မြန်ဆန်စေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ တခြားကျန်းမာရေးပြသနာမျိုးစုံကိုလည်း ဖြစ်ပေါ်စေပါတယ်။ သင် စီးကရက်အလိပ် ၆၀လောက် သောက်ပြီးချိန် အဆုတ်မှာ ဘာတွေ ပြောင်းလဲသွားတယ်ဆိုတာ လေ့လာစေချင်ပါတယ်။

၃။ အစားအသောက်ပုံစံမမှန်ခြင်း

အစားအသောက်မျှတအောင် စားခြင်းဟာ သင့်ရင်သားတွေ ကျန်းမာသန်စွမ်းရေးအတွက် အလွန်အရေးကြီးပါတယ်။ အစားအသောက်ကို လျှော့စားလိုက် တိုးစားလိုက်လုပ်ခြင်းဟာ ကိုယ်အလေးချိန်အတက်အကျမြန်စေပြီး အရေပြားမှာ အရေးအကြောင်းတွေ ပေါ်စေပါတယ်။ ဒါ့အပြင် ရင်သားကို တွဲကျစေပါတယ်။ အရေပြား တစ်သျှူးဟာ ဝနေချိန်မှာ လိုက်ပါဆန့်ထုတ်ရပေမယ့် ပိတ်သွားချိန်မှာ အရင်လိုပြန်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သင့်တော်တဲ့ စားသောက်မှုပုံစံနဲ့ ကိုယ်အလေးချိန်ထိန်းပေးရပါမယ်။

၄။ နေရောင်ကို မကာကွယ်ခြင်း

ရင်သားနဲ့ ရင်ညွန့်ကြားနေရာဟာ အလွယ်တကူ နေလောင်နိုင်ပြီး နေရာင်ရဲ့ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပါတယ်။ ဒါဟာ အရေပြားကို ထိခိုက်စေပြီး အတွန့်အခေါက်တွေ ဖြစ်ပေါ်စေကာ အရွယ်မတိုင်ခင် ရင့်ရော်စေပါတယ်။ သင့်ကိုယ်သင် နေရောင်ကို ထိတွေ့မှု အလွန်အကျွံမဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ နေရာင်ခြည်ခံ ခရင်မ်များ လိမ်းပေးခြင်းဟာလည်း အကောင်းဆုံးနည်းလမ်း မဟုတ်တာမို့ နေရာင်ခြည်နဲ့ ကြာမြင့်စွာ ထိတွေ့မှု မရှိအောင် ဆင်ခြင်ရပါမယ်။

၅။ လေ့ကျင့်ခန်းမလုပ်ခြင်း၊ ကိုယ်နေဟန်ထား ပုံမကျခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရင်သားတွေကို သန်မာကြံ့ခိုင်စေပါတယ်။ ဒါပေမယ့် ရင်သားများ အရှေ့အနောက် အဖန်တလဲလဲ လှုပ်ရှားနေခြင်း (ဥပမာ ပြေးတဲ့အခါ) ဟာ ကော်လဂျင်ဓာတ်ကို ဖြိုခွဲတတ်လို့ ရင်သားဟာ ပျော့တွဲလာတတ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေ လုပ်ချိန်မှာ ရင်သားကို ကောင်းကောင်း ထိန်းသိမ်းပေးနိုင်အောင် ဝတ်ဆင်ပြီး သင့်တော်တဲ့ပုံစံနဲ့ နေထိုင်ရပါမယ်။ လမ်းကို ဖြောင့်ဖြောင့်လျှောက်ပြီး ရင်ကိုဖွင့်ထားရပါမယ်။ အွန်လိုင်းပေါ်မှာ ကိုယ်နေဟန်ထားပုံစံတွေ ရှာဖွေပြီး လေ့ကျင့်ယူပြီး ရင်သားကို တင့်တယ်လာစေနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly