သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကို ဘယ်လိုရင်ဆိုင်မလဲ

သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကို ဘယ်လိုရင်ဆိုင်မလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

သွေးဆုံးချိန်မှာဖြစ်တတ်တဲ့လက္ခဏာတွေကို ဘယ်လိုရင်ဆိုင်မလဲ

သွေးဆုံးတယ်ဆိုတာက ကျွန်မတို့အမျိုးသမိးတိုင်းမလွဲမသွေတွေ့ကြုံခံစားကြရမယ့် အတွေ့အကြုံတစ်ခုပါ။ သွေးဆုံးတယ်ဆိုတာက ဘယ်ချိန်မှာသွေးဆုံးမလဲ ကြိုတင်တွက်ချက်ပြင်ဆင်ထားလို့မရပါဘူး။ ဒါပေမယ့် သွေးဆုံးတာက နေ့ချင်းညချင်းဖြစ်ပေါ်လာတာမျိုးမဟုတ်ဘဲလပိုင်း ဒါမှမဟုတ် နှစ်ပိုင်း အလိုလောက်ကတည်းကလက္ခဏာတွေကြိုတင်ပြသတတ်ပါတယ်။ လက္ခဏာတွေကို သိရှိပြီး ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် သွေးဆုံးတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

သွေးဆုံးတယ်ဆိုတာ

ကိုယ်ဝန်ရှိတာလည်းမဟုတ်၊ ဖျားနာတာလည်းမဟုတ်ဘဲနဲ့  ၁၂ လဆက်တိုက် ရာသီသွေးမဆင်းဘူးဆိုရင်တော့ သွေးဆုံးပြီလို့ဆို လို့ရပါတယ်။ အမျိုးသမီးတော်တေ်ာများများက အသက် ၄၀ ကနေ ၅၀အရွယ်လောက်မှာ သွေးဆုံးတတ်ကြပါတယ်။ သားအိမ်ထုတ်တဲ့ ခွဲစိတ်မှု တစ်ရပ်ခံယူဖူးရင်ပဲဖြစ်ဖြစ် ကင်ဆာလိုမျိုးရောဂါတစ်ရပ်ရပ်ကြောင့် သားအိမ် (သို့) မျိုးဥအိမ်ထုတ်တဲ့ ခွဲစိတ်မှုကို ခံယူဖူးရင်ပဲဖြစ်ဖြစ် သွေးဆုံးချိန်မှာ ခံစားရတဲ့လက္ခဏာတွေကို ခံစားရမှာမဟုတ်ပါဘူး။

ပုံမှန်အားဖြင့် သွေးဆုံးတဲ့ အသက်က ၅၁ နှစ်ဆိုပေမယ့် အချို့မှာ အသက် ၃၀ အရွယ်လောက်မှာဖြစ်တတ်ပြီး အချို့မှာတော့ အသက် ၆၀ နောက်ပိုင်းလောက်မှာဖြစ်တာမျိုးတွေလည်းရှိပါတယ်။အမျိုးသမီးတစ်ဦးဘယ်အရွယ်မှာသွေးဆုံးမလဲဆိုတာကို ခန့်မှန်းတွက်ချက် ပေးနိုင်တဲ့ စမ်းသပ်မှုတွေတော့ အခုချိန်ထိမရှိသေးပါဘူး။

အမျိုးသမီးတစ်ဦးရဲ့ အပျိုဖော်ဝင်ချိန်က ဘယ်အချိန်မှာ သွေးဆုံးမလဲဆိုတာနဲ့ ဆက်စပ်မှုမရှိပါဘူး။ ရာသီသွေးဆုံးတဲ့လက္ခဏာတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီသွေးဆင်းတာ၊ မျက်နှာတွေနီမြန်းတာ၊ အမျိုးသမီး အင်္ဂါနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ခံစားရတာ နဲ့ စိတ်ခံစားချက်အခြေအနေပြောင်းလဲတာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

နောက်ဆက်တွဲရောဂါအနေနဲ့ သွေးဆုံးပြီးချိန်မှာ osteoporosis အရိုးပွရောဂါနဲ့ နှလုံးရောဂါ heart disease တွေခံစားရနိုင်ပါတယ်။

အမျိုးသမီးတစ်ဦးချင်းစီအတွက် သွေးဆုံးရောဂါနဲ့ပတ်သက်ပြီး ကုသမှုပုံစံတွေကွဲပြားနိုင်ပါတယ်။

သတိထားမိနိုင်မယ့် ပြောင်းလဲလာတဲ့အချက်အလက်တွေ

သွေးဆုံးဖို့ လပိုင်းအလို (သို့) နှစ်ပိုင်းအလိုလောက်မှာ သင့်အနေနဲ့ အောက်မှာဖော်ပြထားတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။

  •     ရာသီသွေး မမှန်တာ
  •     အမျိုးသမီး အင်္ဂါခြောက်သွေ့တာ
  •     ပူစပ်ပူလောင်ဖြစ်ပြီးနီမြန်းတာ
  •     ချမ်းတုန်တာ
  •     ညဘက်ကို ချွေးထွက်တာ
  •     အိပ်စက်မှုပိုင်းဆိုင်ရာမှာ ပြဿနာရှိတာ
  •     စိတ်အခြေအနေတွေပြောင်းလာတာ
  •     ကိုယ်အလေးချိန်တက်လာပြီး ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုတွေ နှေးကွေးလာတာ
  •     ဆံပင်တွေပါးလာပြီး အရေပြားခြောက်သွေ့လာတာ
  •     ရင်သားတွေလျော့ရဲလာတာ

ရာသီသွေးဆင်းမှုပြောင်းလဲလာတာ အပါအဝင် လက္ခဏာတွေက အမျိုးသမီး တစ်ဦးနဲ့တစ်ဦး မတူတာမျိုးတွေဖြစ်နိုင်ပါတယ်။ အမျိုးသမီး အများစုကတော့ သွေးမဆုံးခင်မှာ ရာသီသွေးဆင်းမှုမမှန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

သွေးမဆုံးခင်အကြိုကာလအတွင်းမှာ ရာသီသွေးထိမ်သွားတာမျိုးတွေဖြစ်ပေါ်စားရနိုင်ပါတယ်။ တခါတလေမှာ ရာသီသွေးက တစ်လလောက် ထိမ်သွားပြီး ပြန်ဆင်းတာမျိုးရှိသလို လအတော်ကြာထိမ်ပြီးမှ  ရာသီသွေးပြန်ပေါ်တာမျိုးတွေရှိပါတယ်။ ရာသီသွေးဆင်းတဲ့ ကာလက တိုတောင်းသွားပြီး ရာသီသွေးဆင်းချိန် တအားကပ်သွားတာမျိုးတွေလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ရာသီသွေးဆင်းတာ ပုံမှန်မဟုတ်တာက ကိုယ်ဝန်ရှိနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

သွေးဆုံးချိန် အစောပိုင်းကာလမှာ ဘာတွေဖြစ်ပေါ်ခံစားရနိုင်သလဲ။

ဆေးကုသမှု နဲ့ ခွဲစိတ်ကုသမှု အခြေအနေတွေက ရာသီသွေးဆုံးတဲ့ ကာလအပေါ်မှာ သက်ရောက်မှုရှိနေနိုင်ပါတယ်။

သားဥအိမ် ခွဲစိတ်ဖယ်ရှားခြင်း

သားဥအိမ်ကို ခွဲစိတ်ဖယ်ရှားတဲ့ ခွဲစိတ်မှုက ရာသီသွေးဆုံးမှုအပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။ surgical menopause လို့လည်းခေါ်ကြပါတယ်။ သွေးဆုံးမငအပေါ်မှာ သက်ရောက်မှုရှိပါတယ်။

ကင်ဆာ ဓာတုကုထုံး (သို့) ဓာတ်ရောင်ခြည်ကုထုံး

ကင်ဆာအမျိုးအစားနဲ့ ကင်ဆာဖြစ်ပွားတဲ့နေရာပေးမှာ မူတည်ပြီး ကင်ဆာကုထုံးပုံစံက ကွဲပြားနိုင်ပါတယ်။ အဆိုပါ ကုထုံးတွေကို မျိုးဥအောင်တဲ့ အမျိုးသမီးတွေမှာ လုပ်ဆောင်မယ်ဆိုရင် သွေးဆုံးမှုအပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ကင်ဆာကုထုံးခံယူနေစဉ်အတွင်းမှာ သွေးဆုံးလက္ခဏာတွေဖြစ်ပေါ်လာနိုင်သလို ကုသမှုခံယူပြီးနောက်ပိုင်းမှာ သွေးဆုံးမယ့် လက္ခဏာတွေပေါ်ပေါက်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။

သွေးဆုံးချိန် စောလွန်းခြင်း

သွေးဆုံးချိန်စောလွန်းတယ်ဆိုတာက အသက် ၄၀ မတိုင်မှာ သွေးဆုံးတာကိုခေါ်တာပါ။ ဒီအခြေအနေမျိုးက အမျိုးသမီးတွေအားလုံးရဲ့ ၁ ရာခိုင်နှုန်းလောက်မှာဖြစ်လေ့ဖြစ်ထရှိတာဖြစ်ပါတယ်။ ရောဂါတွေကြောင့် ဖြစ်နိုင်သလို မျိုးရိုးလိုက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်သလဲ

သွေးဆုံးပြီးတဲ့ အခါ ရောဂါအချို့ဝင်ရောက်လာနိုင်သလို ဖြစ်ပေါ်ခံစားရနိုင်ခြေလည်းတိုးလာတတ်ပါတယ်။

နှလုံး နဲ့ သွေးကြောဆိုင်ရာရောဂါ

ခန္ဓာကိုယ်တွင်းမှာ အက်စထရိုဂျင် ပမာဏကျဆင်းလာတဲ့ အခါ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေခံစားရနိုင်ပါတယ်။နှလုံးရောဂါက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ အသက်ဆုံးရှုံးတဲ့အထိဖြစ်ပေါ်ခံစားရစေနိုင်တဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေမဖြစ်အောင် အဓိကလုပ်ဆောင်ရမယ့်အချက်က လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသောက်တာ နဲ့ ပုံမှန်ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာပဲဖြစ်ပါတယ်။ ကိုလက်စထရော ပမဏနဲ့ သွေးဖိအားတအားမြင့်တက်နေတယ်ဆိုပါကလည်း သွေးတွင်း ကိုလက်စထရောနဲ့ သွေးပေါင်ချိန်ကျအောင်ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်ရယူနိုင် ပါတယ်။

အရိုးတွေ ကြွပ်ဆတ်ပြီး အားနည်းလာခြင်း

သွေးဆုံးတဲ့အခါ အမျိုးသမီးတွေအနေနဲ့ အရိုးတွေကြွပ်ဆတ်ပြီး အားနည်းလာတာမျိုးတွေခံစားရနိုင်ပါတယ်။ အဆိုပါအခြေအနေက အရိုးကျိုးနိုင်ခြေကိုတိုးစေနိုင်ပါတယ်။ သွေးဆုံးပြီးနောက် ပထမအစောပိုင်းနှစ်တွေအတွင်းမှာ အရိုးသိပ်သည်းဆတေါ အလျင်အမြန်ကျဆင်းသွားတာကိုတွေ့ကြုံခံစားရနိုင်ပါတယ်။ အရိုးပွရောဂါ ဖြစ်ပေါ်ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။ အရိုးပွရောဂါခံစားနေရတဲ့ သွေးဆုံးပြီးအမျိုးသမီးတွေမှာ ကျောရိုး၊တင်ပါးဆုံရိုးနဲ့ လက်ကောက်ဝတ်ရိုးကျိုးတာမျိုးတွေ အဖြစ်များပါတယ်။

ဆီးမထိန်းနိုင်ခြင်း

ဆီးလမ်းကြောင်းနဲ့ မွေးလမ်းကြောင်းက တစ်ရှုးတွေကကျုံဆန့်အားလျော့သွားတဲ့အချိန်မှာ မကြာခဏဆီးသွားတာ၊ ရုတ်တရက်ဆီးတအားသွားချင်တာ၊ ဆီးမထိန်းနိုင်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆီးလမ်းကြောင်းက တစ်ရှုးတွေရဲ့ ကျုံ့ဆန့်အား လျော့ကျသွားတဲ့အခါ ချောင်းဆိုးရင်ပဲဖြစ်ဖြစ် ရယ်မောတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် အလေးအပင်တစ်ခုခုကိုမတာမျိုးပဲဖြစ်ဖြစ်လုပ်တဲ့အခါမျိုးမှာ ရုတ်တရက် ဆီးထွက်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေတောင်ခံစားရနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ်မှာ ထိခိုက်မှုရှိလာခြင်း

အစိုဓာတ်ထုတ်လုပ်နိုင်စွမ်းကျဆင်းလာတာကြောင့်အမျိုးသမီးအင်္ဂါခြောက်သွေ့လာနဲ့ ကြွက်သားတွေအားနည်းလာတာက မသက်မသာဖြစ်စေတာမျိုးတွေ ခံစားရစေနိုင်သလို လိင်ဆက်ဆံတဲ့ အခါ သွေးဆင်းလာတာမျိုးတွေခံစားရနိုင်ပါတယ်။ အဆိုပါမသက်မသာခံစားမငတွေခံစားလာရတဲ့အခါ သင့်အနေနဲ့ လိင်ဆက်ဆံလိုစိတ်တွေ ကျဆင်းတာမျိုးဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။

ရေကိုအခြေခံပြီးထုတ်ထားတဲ့ မိန်းမကိုယ်သုံးအစိုဓာတ်ထိန်းဆေးတွေ၊ ချောဆီတွေကိုသင့်ကို အကူအညီပေးပါလိမ့်မယ်။ တကယ်လို့  မိန်းမကိုယ်ပြင်ပမှာလူးရတဲ့ ဆေးတွေက ထိရောက်မှုမရှိဘူးဆိုရင် အတွင်းပိုင်းအတွက်အသုံးပြုရတဲ့ ခရင်ခ်တွေလူးပေးတာ၊ဆေးပြားထည့်တာနဲ့ ကွင်းထည့်တာမျိုးတွေလုပ်ဆောင်ပေးလို့ရပါတယ်။

ကိုယ်အလေးချိန်တိုးလာခြင်း

သွေးဆုံးပြီးအမျိုးသမီးတွေမှာ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်တွေနှေးကွေးသွားတာကြောင့် သွေးဆုံးချိန်ကာလအတွင်းနပြ သွေးဆုံးပြီးချိန်ကာလတွေအတွင်းမှာ ကိုယ်အလေးချိန် တက်လာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အစားကိုသင့်တင့်ရုံစားသုံးပြီး ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ပေးရင်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့လိုပါတယ်။

သွေးဆုံးတာကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ

ကံကောင်းတာတစ်ချက်က သွေးဆုံးတာနဲ့ပတ်သက်တဲ့ လက္ခဏာတွေက ခဏတာလောက်ပဲဖြစ်တာဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေက သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အခြေအနေတွေကို ကာကွယ်ရာမှာ အထေက်အကူရစေနီုင်သလို သွေးဆုံးချိန်ခံစားရနိုင်တဲ့ လက္ခဏာတွေကို လျော့ပါးသက်သာစေနိုင်မှာဖြစ်ပါတယ်။

ပူစပ်ပူလောင်ဖြစ်တာကို သက်သာစေဖို့ ချည်သားခပ်ပါးပါးလေးတွေကိုပဲ ဝတ်ဆင်ပေးပါ။ ရေအေးအေးတစ်ခွက်လောက်သောက်သုံးပေးပါ။ အေးတဲ့နေရာမှာနေပေးပါ။ ပူစပ်ပူလောင်ဖြစ်ရတဲ့ အကြောင်းရင်းခံကိုရှာဖွေပါ။ အမျိုးသမီးအများစုကတော့ လက်ဖက်ရည်၊ကော်ဖီတို့လိုမျိုး ပူပူနွေးနွေးသောက်စရာတွေကိုသောက်သုံးတာ၊ ကဖင်းဓာတ်ပါတာတွေကို စားသုံးတာ၊ ပူစပ်တဲ့အစားအသောက်တွေကိုစားသုံးတာ၊အရက်သောက်တာ၊စိတ်ဖိစီးတာ၊ ရာသီဥတုပူတာ၊ အခန်းအပူချိန်မြင့်တာတွေကြောင့် ပူစပပူလောင်ဖြစ်တာကို ခံစားရတာဖြစ်ပါတယ်။

မိန်းမကိုယ်မှာ မသက်မသာဖြစ်တာကိုလျော့ပါးသက်သာစေဖို့အတွက် ရေကိုအခြေခံပြီးထုတ်ထားတဲ့ ချောဆီကိုအသုံးပြုတာ၊ ဆီလီကွန်အခြေခံထုတ်ထားတဲ့ ချောဆီတွေ (သို့) အစိုဓာတ်ထိန်းခရင်ခ်တွေကို အသုံးပြုပေးလို့ရပါတယ်။ အလှဆီမပါတဲ့ ထုတ်ကုန်တွေကို ရွေးချယ်အသုံးပြုပါ။ ဓာတုပစ္စည်းနဲ့ဓာတ်မတည့်သူတွေမှာ ပူစပ်ပူလောင်ဖြစ်တာ နဲ့ ယားယံတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

အိပ်ရေးဝအောင် အိပ်စက်ပေးပါ။ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ကဖင်းဓာတ်ကိုလုံးဝနီးပါးရှောင်ပေးတာ၊ အရက်အလွန်အကျွံသောက်သုံးတာကိုရှောင်ကြဉ်တာက အိပ်ရေးဝဝအိပ်ပျော်စေမှာဖြစ်ပါတယ်။ မအိပ်ခင်မှာလေ့ကျင့်ခန်းလုပ်တာမျိုးမလုပ်ဘဲ နေ့လည်နေ့ခင်း အချိန်မှာ လေ့ကျင့်ခန်းလုပ်ပေးပါ။ မအိပ်ခင်မှာ အိပ်ရေးဝစေမယ့်နည်းလမ်းကို၇ှာဖွေပါ။

ခန္ဓာကိုယ်ကို အပန်းပြေစေမယ့် နည်းလမ်းတွေဖွေရှာပါ။ အသက်ကိုရှိုက်ရှုတာ၊ ဝင်သက်ထွက်သက်မှတ်တာ၊ အနှိပ်ခံတာ၊ ကြွက်သားတွေကို ပြေေလျော့စေမယ့် အကြောလျော့လေ့ကျင့်ခန်းတွေလုပ်တာမျိုးက သွေးဆုံးရောဂါလက္ခဏာတွေကို သက်သာစေမှာဖြစ်ပါတယ်။ စာအုပ်တွေ၊ စီဒီခွေတွေ နဲ့ အွန်လိုင်းကနေတဆင့် ခန္ဓာကိုယ်အတွက် အပန်းပြေစေမယ့် လေ့ကျင့်ခန်းတွေကို ရှာဖွေကြည့်ရှုလုပ်ဆောင် ပေးပါ။

တင်ပါးဆုံကြွက်သားသန်စွမ်းစေမယ့် လေ့ကျင့်ခန်းတွေလုပ်ဆောင်ပေးပါ။ (Kegel) ကျီဂဲလ် လို့ခေါ်တဲ့ တင်ပါးဆုံးကြွက်သားသန်စါမ်းစေမယ့်လေ့ကျင့်ခန်းတွေလုပ်ဆောင်တာက ဆီးမထိန်းနိုင်တာကို သက်သာအောင်အထောက်အကူပြုနိုင်ပါတယ်။

အာဟာရကို သင့်တင့်မျှတအောင်စားသုံးပေးပါ။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ကောက်နှံ တွေပါဝင်အောင်စားသုံးပေးပါ။ လိုအပ်ပါက နေ့စဉ်စားသုံးရမယ့် အာဟာရဓာတ်တွေ ပြည့်ဝစေဖို့အတွက် ဗီတာမင် နဲ့ ကယ်လ်ဆီယမ် ဖြည့်စွက်ဆေးတွေမှီဝဲပေးပါ။

ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်တာက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အရိုးပွဝေဒနာ၊ကင်ဆာနဲ့ အခြားသော ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်သလို ပူစပ်ပူလောင်ဖြစ်တာကို ခံစားရနိုင်ခြေပိုများစေပါတယ်။ ဒါ့အပြင် သွေးဆုံးချိန်ကို ပုံမျန်ထက်စောတာမျိုးလည်းဖြစ်စေနိုငပါတယ်။

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာ (သို့) တစ်ပတ်ကို ၄- ၅ ရက်လောက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာက နှလုံးရောဂါ၊ဆီးချိုရောဂါ၊ အရိုးပွရောဂါ နဲ့ အသက်အရွယ်ကြီးရင့်တာကြောင့် ခံစားရနိုင်တဲ့ အခြားရောဂါဝေဒနာတွေကို ကာကွယ်ရာမှာလည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly