ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရောက်ရှိနေသူတွေကို စိစစ်ပြီး အမြန်ဆုံး ပြန်လက်ခံမယ်

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရောက်ရှိနေသူတွေကို စိစစ်ပြီး အမြန်ဆုံး ပြန်လက်ခံမယ်
စက်တင်ဘာ ၂၇ရက် ညနေပိုင်းကကျင်းပတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ အစည်းအဝေး (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၂၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး၊ တိမ်းရှောင်နေတဲ့ သူတွေကို စိစစ်ပြီး အမြန်ဆုံး ပြန်လည်လက်ခံဖို့ကို လတ်တလော ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုအဖြစ် မြန်မာအစိုးရက စီစဉ်နေပြီ ဖြစ်ပါတယ်။

“တစ်ဖက်နိုင်ငံကနေ ပြန်လည်လက်ခံမယ့်ကိစ္စနဲ့ ပတ်သက်လို့ကတော့ ကုန်းလမ်းဘက်က လာတဲ့သူကို တောင်ပြိုလက်ဝဲကနေ စပြီးတော့ လက်ခံမယ်။ ရေလမ်းဘက်က လာတဲ့သူက ငါးခူရပေါ့။ အဲ့ဒီဘက်ကနေ စိစစ်မယ်။ စိစစ်ပြီးတော့ ပြန်လည်နေရာချထားရေးကတော့ ဒါးကြီးဇားကျေးရွာလို့ လတ်တလော လျာထားတာပေါ့” လို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောဒေသမှာ ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး တစ်လကျော်အကြာ ဒီကနေ့ စက်တင်ဘာ ၂၇ရက်က နေပြည်တော်မှာ ကျင်းပတဲ့ တတိယအကြိမ်မြောက် ကော်မတီအစည်းအဝေးမှာ ဒီကိစ္စတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး ရေတို၊ ရေရှည်နဲ့ လတ်တလော ဆောင်ရွက်ရမယ့်ကိစ္စတွေကို အစည်းအဝေးမှာ အဓိက ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို စိစစ်ပြီး ပြန်လည်လက်ခံရေးကိစ္စကတော့ လတ်တလောအကောင်အထည်ဖော်မယ့် ကိစ္စဖြစ်တယ်လို့ ကော်မတီအစည်းအဝေးအပြီးမှာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ရက်အတိအကျ မပြောသေးပေမယ့် အမြန်ဆုံး စတင်မယ်လို့ သူက ဆိုပါတယ်။

သတ်မှတ်ချက်အနေနဲ့ကတော့ ၁၉၉၃ခုနှစ်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူထားတဲ့ အခြေခံသဘောတူညီချက်တွေအရပဲ ပြန်လည် လက်ခံမှာ ဖြစ်ပါတယ်။

“၁၉၉၃မှာ ရှိခဲ့တဲ့ အချက်အလက်တွေနဲ့ပဲ လက်ခံမယ်” လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ယေဘုယျအားဖြင့် ၁၉၉၃ခုနှစ်၊ သဘောတူညီချက်အရ မြန်မာနိုင်ငံဘက် ပြန်လာလိုသူတွေဟာ မြန်မာနိုင်ငံမှာ နေခဲ့တဲ့ အထောက်အထားတွေ ခိုင်ခိုင်မာမာတင်ပြရမှာဖြစ်သလို မြန်မာနိုင်ငံမှာ မွေးတဲ့လူတွေ ဖြစ်တယ်လို့ အထောက်အထား ပြနိုင်ရပါမယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေတဲ့သူတွေလည်း မဖြစ်ရပါဘူး။

ရေတို၊ ရေရှည် ဆောင်ရွက်မယ့် ကိစ္စတွေနဲ့ ပတ်သက်လု့ိကတော့ ရခိုင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးလင်းရေးအတွက် အစိုးရက ဦးစားပေးအစီအစဉ်အနေနဲ့ အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းမှာ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်အားလုံး လျှပ်စစ်မီး ရရှိအေင် ဆောင်ရွက်သွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒီကနေ့ အစည်းအဝေးမှာ တင်ပြထားပါတယ်။

ဒါ့အပြင် သတင်းထုတ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတစ်ကာကို ထိုးဖောက်နိုင်အောင် ဝန်ကြီးဌာနအားလုံး Twitter သုံးစွဲနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဦးစားပေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly