လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်ရုပ်သိမ်းသည့်ဥပဒေ သုံးနှစ်ကြာသော်လည်း မပြီးပြတ်သဖြင့် စတုတ္တအကြိမ် ထပ်မံတင်ပြထား

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်ရုပ်သိမ်းသည့်ဥပဒေ သုံးနှစ်ကြာသော်လည်း မပြီးပြတ်သဖြင့် စတုတ္တအကြိမ် ထပ်မံတင်ပြထား

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြုစုထားသည့် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေကြမ်းကို ပြည်ထောင်စုနာယကထံ တင်ပြထားသည်မှာ ၃နှစ်ရှိ ပြီဖြစ်သော်လည်း ပြီးပြတ်အောင် ဆောင်ရွက်ခြင်းမရှိသဖြင့် ထပ်မံတင်ပြထားကြောင်း သိရသည်။

၂၀၁၂ခု သြဂုတ်လ ၂၇ တွင် ပထမဆုံးအကြိမ်အဖြစ် တင်ပြခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုသြဂုတ်လ ၂၈ ရက်တွင် ထပ်မံတင်ပြခဲ့သည်။ သို့သော်ပြီးပြတ်ခြင်း မရှိ၍ ၂၀၁၅ ခုဇူလိုင် ၃ ရက်တွင် တတိယ အကြိမ်နှင့် သြဂုတ် ၁၃ တွင် စတုတ္တအကြိမ်အဖြစ် ထပ်ခါထပ်ခါ တင်ပြခဲ့ရသည်။

ကော်မရှင်၏ စာ၌ ၂၀၀၈ ခု ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၃၈ (ခ)၊ ၃၆၉ (ခ)၊ ၃၉၆ (က) (ခ) ပါ ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များကို "တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်" ဆိုင်ရာပြဋ္ဌာန်း ချက်များအား ကိုးကားထားကြောင်း သြဂုတ် ၁၄ ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည်။

ပုဒ်မ ၃၉၇ အရ ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းနှင့် တာဝန်မှပြန် လည် ရုပ်သိမ်းခြင်းဆိုင်ရာ လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရန် တာဝန်ရှိနေသည်။

ရွေးချယ်တင်မြှောက်ပေးလိုက်သည့် မဲဆန္ဒရှင်များက သက်ဆိုင်ရာ ကိုယ်စားလှယ်ကို ထိန်းကျောင်းပေးနိုင်မည့် မဲဆန္ဒရှင်များ၏ မူလအခွင့်အရေးအဖြစ် ဖွဲ့စည်းပုံက ပြဋ္ဌာန်းပေးထားပြီး ဖြစ်သည်။

မဲဆန္ဒရှင်များက ယင်းအခွင့်အရေးကို ကျင့်သုံးဆောင်ရွက်လိုသော်လည်း "တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာဥပဒေ" ကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိသဖြင့် မဲဆန္ဒရှင် များ၏ မူလအခွင့်အရေး ဆုံးရှုံးနေရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ခု ဇူလိုင် ၃ ရက်တွင် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အကျဉ်းချုပ်ကို ပူးတွဲပြီး ထပ်မံတင်ပြခဲ့သည်။ ပြည်ထောင်စုလွှတ်တော်က ၂၀၁၅ ခု ဇူလိုင် ၂၁ နှင့် ၂၃ ရက်များတွင် ယင်းကိစ္စကို ဆွေးနွေးသော်လည်း အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်းမရှိဘဲ ဆိုင်းငံ့ခဲ့ကြောင်း ပြန်ကြားရေးသတင်းစဉ်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly