ရခိုင်ပြည်နယ်၊ အမ်းတွင် ဆူပူအုံကြွအောင်လှုံ့ဆော်ရန် မကွေးတိုင်းအတွင်း ငွေ ၅ သိန်းဖြင့် စည်းရုံး

ရခိုင်ပြည်နယ်၊ အမ်းတွင် ဆူပူအုံကြွအောင်လှုံ့ဆော်ရန် မကွေးတိုင်းအတွင်း ငွေ ၅ သိန်းဖြင့် စည်းရုံး

မကွေး၊ စက်တင်ဘာ ၂၇ ။             ။ ရခိုင်ပြည်နယ်၊ အမ်းတွင် ဆူပူအုံကြွအောင် မကွေးတိုင်းအတွင်းတွင် ငွေပေးလံှုဆော်စည်းရုံးမှုများ ရှိနေသည်ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက စက်တင်ဘာ ၂၆ ရက်နေ့က ပြောသည်။

“ကျွန်တော်တို့ မကွေးတိုင်းထဲမှာ စိုးရိမ်စရာ ဖြစ်ရတာတစ်ခုက ဘာလဲဆိုတော့ လိုက်ပြီး စည်းရုံးတာ၊ တစ်ယောက်ကို လိုက်ပြီး စည်းရုံးတာကို ကျွန်တော်တို့ ကြားသိရတယ် ။ ရခိုင်မှာ ဆူပူအုံကြွအောင် သွေးထိုး လှုံဆော်ဖို့ ငွေကြေးပေးပြီး စည်းရုံးတာတွေ ရှိနေတယ်” ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ လာပြီးစည်းရုံးတယ် ။ ၅သိန်းပေးမယ် အမ်းကိုလိုက်ခဲ့။ လမ်းမှာ စားချင်တာစား သောက်ချင်တာသောက် ရေမီးအပြည့်အစုံတဲ့၊ ဒီလောက်ပြောပြီး စည်းရုံးတယ် သို့သော်လည်းပဲ ၅ သိန်းက တာဝန်ကျေပြီး မကွေး ပြန်ရောက်မှ ပေးမှာ၊အဲ့ဒီ ၅သိန်းက ဘာလုပ်ဖို့လဲ မေးတော့ အမ်းမှာ ဆူပူအုံကြွအောင်လို့ လံှု့ဆော်ပေး ရမှာတဲ့၊ အင်မတန်စိုးရိမ်စရာ ကောင်းတယ်နော်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

အဆိုပါကိစ္စ အောင်မြင်ပါက ငွေသိန်းထောင်ချီရမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း  စစ်ဆေးတွေ့ရှိရသည်ဟု ဝန်ကြီးချုပ်က ပြောခဲ့ပြီး လက်ရှိတွင် စည်းရုံးခံရသူအား စစ်မေးနေပြီး လုံခြုံရေးအရ နာမည်ထုတ်ဖော်ရန် မဖြစ်နိုင်သေးကြောင်း ပြောဆိုသည်။

“ အဲ့ဒီပိုက်ဆံပေးမယ့်သူက ဘယ်လိုပြောစည်းရုံးလဲဆိုတော့ ငါတို့မှာ ငွေရှိတယ် လက်နက်ရှိတယ်။ စစ်တပ် ရှိတယ်။ မရှိတာက အာဏာပဲ မရှိတာ။ အဲ့ဒီတော့ ဆူပူအုံကြွမှုတွေ ဖန်တီးပြီးတော့ အာဏာရအောင် လုပ်ရမှာလို့ ဆိုပြီး အဲ့ဒီလိုပြောတယ်။ ဘယ်သူဘယ်ဝါ ပြောတယ်ဆိုတာလည်း ပါတယ်၊ ဒါတွေနဲ့ ပတ်သက်ပြီး တော့ ကျွန်တော်က သက်ဆိုင်ရာတိုင်းမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို လိုအပ်သလို ညွှန်ကြား ပြောပြီးပြီ” ဟု ဒေါက်တာအောင်မိုးညိုက မီဒီယာများသို့ ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံက ဘဂီါလီများကို ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် နေရာချထားပေးမည်ဟု လူမှုကွန်ယက်မှတဆင့်  သတင်းမှားဖြန့်သူများလည်း ရှိနေကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဆူပူအောင် သွေးထိုးလှုံဆော်နေတယ်ဟု ယူဆကြောင်း ပြောခဲ့သည်။

“ နိင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် ဘင်္ဂလီကုလား တစ်သန်းလောက်ကို နေရာချထားပေးမယ်ဆိုပြီး ပို့စ်တင်သူတွေ ရှိနေတယ်၊ ဒါ ဘယ်သူမှ မယုံပါဘူး။  ဒါ အင်မတန်ကို စိုးရိမ်စရာကောင်းတယ်။ ဒါ ရခိုင်ပြည်နယ်မှာ ဆူပူအောင် သွေထိုးလှုံဆော်နေတယ်လို့ပဲ ကျွန်တော်တို့ ယူဆတယ်၊ဘယ်တုန်းကမှ ဒါမျိုးမကြားဖူးဘူး၊ ပြောခဲ့တာတွေထဲမှာလည်း ဒါတွေလည်း မပါဘူး။  သူတို့ပို့စ်တင်တဲ့သူရဲ့အကောင့်က ဘင်္ဂါလီ ကုလား တစ်သန်းလောက်ကို ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ ထားမယ်လို့တင်တယ်၊ ရခိုင်ပြည်နယ် အလယ်ပိုင်းမှာ ထားမယ်ဆိုလို ရှိရင် ဒီကိစ္စ ရခိုင်ပြည်သူလူထုရဲ့ တိုင်းရင်းသားတွေရဲ့ အသဲနှလုံးကို ဆွဲဆုပ်သလို ဖနှောက်နဲ့ ပေါက်သလို ဖြစ်တာပေါ့၊” ဟု သူက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly