စစ်ပွဲများကို ဂုဏ်သိက္ခာရှိစွာ အဆုံးသတ်နိုင်ရန် NLD ပါတီအစိုးရ ကြိုးပမ်းနေ

စစ်ပွဲများကို ဂုဏ်သိက္ခာရှိစွာ အဆုံးသတ်နိုင်ရန် NLD ပါတီအစိုးရ ကြိုးပမ်းနေ
ဓာတ်ပုံ-သက်ကို
 

ရန်ကုန်၊ စက်တင်ဘာ ၂၇ ။             ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရအနေဖြင့် မြန်မာပြည်သူလူထုဆန္ဒမပါဘဲ ကာလကြာစွာ ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပွဲများကို ဂုဏ်သိက္ခာရှိစွာ အဆုံးသတ်နိုင်ရန် ကြိုးစားနေသည်ဟု ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောဆိုလိုက်သည်။

ယနေ့ (စက်တင်ဘာ ၂၇) တွင် ရန်ကုန်မြို့ရှိ ရွှေဂုံတိုင်ရုံးချုပ်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)တည်ထောင်သည့် (၂၉) နှစ်မြောက်နှစ်ပတ်လည်နေ့ သဘာပတိမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ လက်နက်ကိုင်ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ငြိမ်းချမ်းရေးဆိတ်သုဉ်းမှုတွေကြားမှာ သဟဇာတမဖြစ်မှုတွေဟာ မြန်မာပြည်သူလူထုရဲ့ ဆန္ဒမပါဝင်ဘဲ ကာလရှည်ကြာ မင်းမူနေခဲ့ပါတယ်။ ဒါကြောင့် ရိုင်းစိုင်းကြမ်းကြုတ်တဲ့ စစ်ပွဲတွကို ဂုဏ်သိက္ခာရှိစွာနဲ့ အဆုံးသတ်နိုင်ဖို့ တစိုက်မတ်မတ် ကြိုးစားနေခဲ့ရတာ ဖြစ်ပါတယ် “ ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောသည်။

ထို့အပြင် အမျိုးသားရင်ကြားစေ့ရေးကို မအောင်မြင်ဘဲ  မည်သည့်ပြုပြင်ပြောင်းလဲမှုမှ အောင်မြင်နိုင်မည် မဟုတ်ကြောင်းလည်း NLD ပါတီ   နှစ်ပတ်လည်နေ့ ကြေညာချက်တွင် ရေးသားထားသည်။

လက်ရှိတွင် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ရေးထိုးထားသည့် အဖွဲ့ ၈ဖွဲ့ရှိနေပြီး တချို့အဖွဲ့နှင့် တပ်မတော်တို့ထိ တွေ့မှုတစ်ချို့လည်းရှိနေသည်။ NCA ထိုးထားခြင်းမရှိသေးသည့်အဖွဲ့ဖြစ်သည့် တအောင်း/ ပလောင် အဖွဲ့ TNLA နှင့်လည်း တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေသည်။

သို့သော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်းတို့ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို ဦးတည်ပြီး ခရီးဆက်သွားရမည်ဟု ပြောကြားကြောင်းလည်း သိရသည်။

မြန်မာပြည်သူများကို ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ရရှိအောင်ဆောင်ကျဉ်းပေးသွားဟုလည်း (၂၉) နှစ်မြောက်အဖွဲ့ချုပ် တည်ထောင်ခြင်း နှစ်ပတ်လည်နေ့တွင် သန္ဓိဌာန်ပြုကြောင်း ပါတီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအခမ်းအနားသို့ မကြာသေးမီက ဆေးရုံမှ ဆင်းလာသည့် ပါတီနာယက သူရဦးတင်ဦးပါ တက်ရောက်ခဲ့ သည်။

နှစ်ပတ်လည်နေ့အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ NLD ပါတီဝင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ၊ နိုင်ငံတကာမှ သံတမန်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြားနိုင်ငံရေးပါတီတချို့မှ ကိုယ်စားလှယ်များနှင့် NLD ပါတီဝင်များတက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags