မြန်မာ့အရေးတွင် ပါဝင်သူများအားလုံး တူညီသော ဘုံရပ်တည်ချက် ရရှိရန် UNFC ဦးဆောင်သော ဆွေးနွေးပွဲစတင်

မြန်မာ့အရေးတွင် ပါဝင်သူများအားလုံး တူညီသော ဘုံရပ်တည်ချက် ရရှိရန် UNFC ဦးဆောင်သော ဆွေးနွေးပွဲစတင်

ချင်းမိုင်၊ စက်တင်ဘာလ ၂၇ ။          ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ  ကြီးမှူးကျင်းပသော မြန်မာနိုင်ငံအရေးတွင် ပါဝင်ပတ်သက်နေသူများ တိုင်ပင်ဆွေးနွေးခြင်း (Stateholder Consultation ) အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၂၇ ရက်နေ့ စတင်ကျင်းပနေသည်။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများကြားတွင် တူညီသော နိုင်ငံရေး ရပ်တည်ချက် ရရှိရေး၊ ညီညွတ်မှုနှင့် စုစည်းမှု ရရှိရန် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု UNFC ဥက္ကဌ နိုင်ဟံသာက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ ပြင်းပြတဲ့အပေါ်မှာ ခိုင်မာတဲ့ အတိအမြင်သဘောတရားတွေကို ရရှိပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေမှာ ဘယ်လို ချမှတ် လုပ်ဆောင်သွားရင်ကောင်းမလဲ ။ ဒါကို ချမှတ်နိုင်ဖို့၊ အဲဒီလို စုပေါင်းပြီးတော့ အကောင်းဆုံးနည်းလမ်းချမှတ်ပြီးရင် အဖွဲ့တိုင်းမှာ မတူညီတဲ့ အနေအထားရှိနေပေမဲ့ ချမှတ်ထားတဲ့ မူအပေါ်မှာ ကျနော်တို့ အားလုံး ခိုင်ခိုင်မာမာနဲ့ ရပ်တည်လုပ်ဆောင်သွားဖို့ တိုက်ပွဲဝင်သွားဖို့ လိုပါတယ်၊ အဲဒီလို လုပ်ဆောင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ ဦးတည်ချက်ကတော့ အများကြီး ထိရောက်၊ အောင်မြင်မယ်။ နီးစပ်လာမယ်လို့ အကြံပြုလိုပါတယ်။ အဲဒီလို ဦးတည်ချက်နဲ့ ဒီအစည်းအဝေးကို ကျင်းပရတာ ဖြစ်ပါတယ်”ဟု သူက မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

လက်ရှိ အခြေအနေအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် အန်စီအေ လက်မှတ် ရေးထိုးထားသည့် အဖွဲ့အစည်း ၈ ဖွဲ့၊ UNFC ၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့၊ တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်းများမှ နိုင်ငံရေးပါတီမှ ယူအန်အေ၊ အန်စီအက်ဖ် ဟူ၍ ကွဲပြားမှုများ ရှိနေခြင်း၊ အားနည်းချက်များ ရှိသော်လည်း အားလုံးစုပေါင်း တွေ့ဆုံညှိနှိုင်း တိုင်ပင်ခြင်းဖြင့် ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

“ဒီနေ့ ကျွန်တော်တို့ နိုင်ငံရေးအခြေအနေဟာ ပြောမယ်ဆိုရင်တော့ တော်တော်လေး အရေးကြီးတဲ့အချိန် ဖြစ်နေပါတယ်။ အဲဒီလို အရေးကြီးတဲ့အချိန်မှာ ကျွန်တော်တို့ အချင်းချင်း တွေ့ဆုံညှိနှိုင်းတိုင်ပင်ပြီးတော့မှ အကောင်းဆုံးလုပ်ရပ်တွေကို ကျွန်တော်တို့ လုပ်ဆောင်အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးပါတယ်”ဟု နိုင်ဟံသာက ပြောသည်။

ထိုဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးရေးဆိုင်ရာကိစ္စ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စ၊ ဖက်ဒရယ်နှင့် ပြည်ထောင်စု အခြေခံဥပဒေကိစ္စနှင့် တရားရေးပဏ္ဍိုင်ပြုပြင်ပြောင်းလဲရေးကိစ္စတို့ကို တတ်သိပညာရှင်များက ဆွေးနွေးတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

UNFC တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလ၊ ဆက်စပ်အဖွဲ့ဝင်များ၊ တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ တိုင်းရင်းသား နိုင်ငံရေးပါတီ၊ အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB၊ တတ်သိပညာရှင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၁၀၀) ကျော် တက်ရောက်နေသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၇ ရက်မှ ၃၀ ရက်နေ့ထိ လေးရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags