အပလိန်းနိုင်ငံရေး

အပလိန်းနိုင်ငံရေး

နိုင်ငံရေးသည် နက်နဲရှုပ်ထွေးသော သဘောရှိသည်။ ခေတ်မီတိုးတက်ပြီး ဒီမိုကရေစီသဘော တရားကို အသားကျ ကျင့်သုံးနေသော နိုင်ငံများတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များ ကိုပိုင်းခြားထားသဖြင့် ပိုမိုပွင့်လင်း မြင်သာသော်လည်း အာဏာရှင်အစွဲ မကင်းသော ဒီမို ကရေစီသို့ တိုးဝင်စ အကူးအပြောင်းနိုင်ငံများတွင် နိုင်ငံရေးသည် အကွေ့အကောက်၊ အလှည့်အပတ်၊ အညစ် အထေးများသော နိုင်ငံရေး(ဝါ) အပလိန်းနိုင်ငံရေး ဖြစ်သွားသည်။

မြန်မာ့နိုင်ငံရေးသည် အပလိန်းနိုင်ငံရေး ဖြစ်သည်။ ရှင်းရှင်းလင်းလင်း မရှိ၊ လမ်းကြောင်း မှန်မှန်ဖြင့် မဆောင်ရွက်နိုင်ဘဲ အာဏာကိုင်ထားသော လူအုပ်စုတစ်စု(ဝါ) လူတန်းစားတစ်ရပ်က ထင်သလို ကြိုးကိုင်ခြယ်လှယ်နိုင်စွမ်း ရှိနေသည်။ ဒီမိုကရေစီသည် နာမည်ခံသာ ရှိပြီး၊ လွှတ်တော်၊ သမ္မတ ဦးဆောင်သော အစိုးရ၊ စစ်တပ်နှင့် တရားစီရင်ရေးကဏ္ဍများကို ဟန်ပြကတ္တားခြားထား သော်လည်း တစ်လိုင်းတည်းဖြစ်အောင် ကြိုးစားနေသည်ကို တွေ့ရသည်။

ဤတွင် သတင်းစာဆရာများ သို့မဟုတ် စတုတ္ထမဏ္ဍိုင်သည် တိုင်းပြည်ကောင်းကျိုးကို ထောက်၍ ပြောဆို၊ ဖွင့်ချ၊ ထောက်ပြ၊ ရေးသား၊ တင်ဆက်နေကြသော်လည်း အပလိန်းနိုင်ငံရေးဟု ဆိုအပ်သော မာယာ၊ ပရိယာယ်များသော နိုင်ငံရေးကို အလျဉ်မီအောင် မဆုပ်ဖမ်းနိုင်သောကြောင့် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းအချို့သည် မှင်တက်မိစေခဲ့သည်။ တစ်နည်း အာဏာရှင်မှသည် ဒီမိုကရေစီ အကူး အပြောင်းသို့ ဟုဆိုသည့် ခေါင်းဆောင်များအပေါ်တွင် ယုံကြည်မှု ပိုခဲ့ခြင်း ဖြစ်နိုင် သည်။ မြန်မာ့နိုင်ငံရေးကား မရိုးရှင်းကြောင်းကို သတင်းစာဆရာများ သိသော်လည်း ယခုလောက် ရှုပ်ထွေးမှုကိုကား မယုံမကြည် ဖြစ်ကြရသည်။

အပလိန်းနိုင်ငံရေး၏ အနှစ်အသားမှာ အာဏာ ဖြစ်သည်။ အာဏာကို ထိပါးသည်နှင့် မထင် မှတ်သော နိုင်ငံရေးကျားကွက်အရွှေ့အပြောင်းများ ပေါ်လာတော့သည်။ ဆိုချင်သည် မှာမြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် အကန့်အသတ်ရှိသော နိုင်ငံရေး (ဝါ) စစ်ဖနောင့်ချိတ် နိုင်ငံရေး ဖြစ်သည်။ ဒီမိုကရေစီလမ်းဘက် ကျူးကျူးလွန်လွန် ထိုးထောင်ထွက်သည်နှင့် စစ်ဖနောင့်ဒဏ် ခံကြရမည်သာဖြစ် သည်။ ယင်းသို့ဆိုလျှင် မရှင်းလားဟု မေးရမည်သာ။ ရှင်းသည်၊ သို့သော် ထင်သလောက် မရိုးရှင်း လှပါ။

ပြီးခဲ့သည့် တစ်လအတွင်းတွင် မြန်မာနိုင်ငံထက်ဝက်ကျော် ရေဘေးဒုက္ခခံခဲ့ရသည်။ ပြည်သူ သန်းနှင့်ချီ၍ ရေဘေးဒဏ် ခံလိုက်ရသည်။ လူရာကျော် သေဆုံးခဲ့သည်။ ရေဘေးဒဏ် သင့်သူများကို မကြည့် ရက် မမြင်နိုင်၍ ပြည်သူချင်း ထကူကြသည်။ ရေကျစ ပြန်လည်ထူထောင်ရေးဘက် အားသန် ကြရမည့်ကာလတွင် အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) ဥက္ကဋ္ဌ အပြောင်းအလဲ ဖြစ်သွားသည်။ ပါတီခေါင်းဆောင် ပြောင်းလဲခြင်းသည် ပါတီကွန်ဂရက်က တစ်ဆင့် ပြောင်းလဲခြင်းမျိုး အတွေ့ရ များလှသော်လည်း မြန်မာပြည်တွင် ကြမ်းကြမ်းတမ်းတမ်း ရှိလှသည်။

ပြည်ခိုင်ဖြိုးခေါင်းဆောင် အပြောင်းအလဲသည် မြန်မာ့နိုင်ငံရေးတွင် ထိခိုက်မှုများ ရှိလာနိုင် ပေသည်။ ပါတီနိုင်ငံရေးဟု ဆိုနိုင်သော်ငြားလည်း မြန်မာ့နိုင်ငံရေး တစ်စုံလုံးကိုကြည့်လိုက်လျှင် အချိတ်အဆက် များရှိနေပေရာ ဒီမိုကရေစီ နုသစ်သီစတွင် အားလုံး၏စိတ်ကို ချုံးညှိုးကျစေသည်။ အာဏာရှင်များက အမျိုးသားနိုင်ငံရေးကို အထွဋ်တင် ပြောဆိုတတ်ကြသော်လည်း ယခုပါတီတွင်း အပြောင်းအလဲကို ကြည့်လျှင် အာဏာနိုင်ငံရေးမီးစကို တွေ့ရသည်။

တကယ့်အရေးသည် ပြည်သူ့အရေး ဖြစ်သင့်သည်၊ နိုင်ငံအရေး ဖြစ်ထိုက်သည်။ ယခုမူ တိုင်းပြည်နှင့်လူထုကို မျက်နှာမမူဘဲ အာဏာရှင်ချင်းချင်း အာဏာခွဲဝေမှုပြဿနာဖြစ်နေ သည်ကိုတွေ့ရသည်။ ပြည်သူ ကားနောက်၊ သူတို့က ရှေ့ဖြစ်နေကြသည်။ မြန်မာ့နိုင်ငံရေးကား အပလိန်း အနန္တဖြစ်ကြောင်း ရိုးသားသော အခြေခံ မဲဆန္ဒရှင်ပြည်သူများကို သိစေလိုသည်၊ အာဏာနိုင်ငံရေးဘက် သည်းသန်နေ ကြသော အာဏာရှင်များ၊ ခေါင်းဆောင်များအားလည်း ပြည်သူ့ဘက်သို့ မျက်နှာမူ ကြပါမည့်အကြောင်း မဇ္ဈိမက သတိပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags