သံဂဟေဆက်ရာမှ ရေနံလက်ယက်တွင်း မီးလောင်ခဲ့မှုအား အရေးယူအမှုဖွင့်ထား

သံဂဟေဆက်ရာမှ ရေနံလက်ယက်တွင်း မီးလောင်ခဲ့မှုအား အရေးယူအမှုဖွင့်ထား

မကွေး၊ စက်တင်ဘာ ၂၆ ။        ။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် လက်ပံတို ရေနံလုပ်ကွက်တွင် သံဂဟေလုပ်ငန်းလုပ်ကိုင်ရာမှ မီးပွားလွင့်စင်ကာ ရေနံလက်ယက်တွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် သံဂဟေလုပ်ငန်း လုပ်ကိုင်သူ သူရကျော်အား ပေါက်မြို့နယ် ရေပြာနယ်မြေစခန်းတွင် (ပ)၁၀၁/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၂၈၅/၃၃၇ဖြင့် အရေးယူထားကြောင်း စက်တင်ဘာ ၂၆ရက်နေ့က မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စက်တင်ဘာလ ၂၅ရက်နေ့ မနက် ၈ နာရီ ၅၀ မိနစ် အချိန်တွင် ပေါက်မြို့နယ် လက်ပံတိုရေနံ လုပ်ကွက်တွင် သံဂဟေလုပ်ငန်းလုပ်ကိုင်ရာမှ မီးပွားလွင့်စင်၍ ရေနံလက်ယက်တွင်းအား မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူ (၄)ဦး ဒဏ်ရာရရှိခဲ့သည်ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုးံမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ် လွိုင်လင်းမြို့နယ်နေသူ ဦးထွန်းဝင်း ပိုင်ဆိုင်သည့် ရေနံလက်ယက်တွင်း အနီး၌ ပခုက္ကူမြို့ အမှတ်(၃)ရက်ကွက်နေ သံဂဟေလုပ်ငန်း လုပ်ကိုင်သူ သုရကျော်(၃၅)နှစ်မှ သံဂဟေ လုပ်ငန်းလုပ်ကိုင်ရာ မီးပွားလွင့်စင်၍ ရေနံလက်ယက်တွင်းအား မီးလောင်ကျွမ်းခဲ့ပြီး လူ(၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နေ့လည် ၁၁နာရီ၁၀မီနစ် အချိန်တွင် မီးညွန့်ကျိုးပြီး ၁၁ နာရီ၂၀ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

မီးလောင်မှုကြောင့် အနီးရှိ ရေနံစိမ်းပေပါ (၂၃)လုံး (ရေနံစိမ်း ၉၅၈ ဂါလံ)ခန့် တန်းဖိုး(၁၁၅၀၀၀၀)ခန့်၊ တရုတ်အင်ဂျင်စက်(၄)လုံး တန်ဖိုး (၈၀၀၀၀၀)၊ စုစုပေါင်းတန်ဖိုး (၁၉၅၀၀၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး သူရကျော်တွင် ဝဲ/ယာခြေသလုံး မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)၊ မီးလောင်ရာတွင် ဝိုင်းဝန်းငြိမ်းသတ်သည့် ကိုဦး (၃၅)နှစ် ရေနံလုပ်သား၊ ပခုက္ကူမြို့နယ် ရွှေကုန်းကျေးရွာနေသူတွင် ဝဲလက်မောင်းမီးလောင် ဒဏ်ရာ(မစိုးရိမ်ရ)၊ ကိုရွှေဝါထွန်း (၂၉)နှစ် ရေနံလုပ်သား ပခုက္ကူမြို့နယ် ရွှေကုန်းကျေးရွာနေသူတွင် ဝဲ၊ ယာ ခြေသလုံးမီးလောင် ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကိုဇော်နိုင် (၃၀)နှစ်ရေနံလုပ်သား ပခုက္ကူမြို့နယ် နရီတောကျေးရွာ နေသူတွင်ရင်ဘတ် မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ)တို့ အသီးသီး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၁၇ခုနှစ် စက်တင်ဘာလ ၂၅ရက်နေ့ နေ့လည် ၁နာရီ ၂၀မိနစ်အချိန်တွင် ပေါက်မြို့နယ် လက်ပံတိုကျေးရွာနေသူ ရာအိမ်မှူး ဦးဖိုးဌေးမှ တရာလိုပြုလုပ် တိုင်တန်းသဖြင့် သူရကျော်အား ပေါက်မြို့နယ် ရေပြာနယ်မြေစခန်းတွင် (ပ)၁၀၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇ဖြင့် အရေးယူစစ်ဆေးလျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly