အီရန်တို့ ဒုံးပျံအသစ်စမ်းသပ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း အမေရိကန်သတင်းဌာနများငြင်းဆန်

အီရန်တို့ ဒုံးပျံအသစ်စမ်းသပ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း အမေရိကန်သတင်းဌာနများငြင်းဆန်

 

ဝါရှင်တန်၊ စက်တင်ဘာ ၂၆ ။                         ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင် ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချထားသော အီရန်တို့၏ဒုံးပျံအသစ် စမ်းသပ်မှုသည် မည်သည့်အခါကမှ ဖြစ်ပေါ်လာခဲ့ခြင်းမရှိကြောင်းနှင့် သတင်းဌာနများက တင်ပြခဲ့သော ဒုံးပျံ ပစ်လွှတ်နေသည့် ဓာတ်ပုံများသည် လွန်ခဲ့သော ၇လခန့်က လုပ်ဆောင်ခဲ့သည့် ဒုံးပျံစမ်းသပ်မှုမှ ဓာတ်ပုံများ ဖြစ်ကြောင်း အမေရိကန်သတင်းဌာန Fox News မှ တနင်္လာနေ့က တင်ပြခဲ့သည်။

Fox သတင်းဌာနက အမည်ထုတ်ဖော် မပြောကြားလိုသည့် အမေရိကန်အရာရှိနှစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ အီရန်တို့သည် ဒုံးပျံအသစ်ကို စမ်းသပ်နိုင်ခဲ့သည်ဆိုသော သတင်းများမှာ အတုအယောင်များ ဖြစ်ကြောင်းနှင့် အီရန်တို့ထုတ်ဖော်ပြသခဲ့သော ဗီဒီယိုမှတ်တမ်းမှာ လွန်ခဲ့သော ဇန်နဝါရီလက မအောင်မြင်ခဲ့ သော ဒုံးပျံစမ်းသပ်မှုတစ်ခု၏ မှတ်တမ်းဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

ပြီးခဲ့သော စနေနေ့ညနေက ဒေါ်နယ်ထရမ့်သည် အီရန်တို့၏ ပဲ့ထိန်းတပ်ဒုံးပျံစမ်းသပ်မှုကို တွစ်တာမှတဆင့် ဝေဖန်ခဲ့ပြီး “ အီရန်တို့ဟာ အစ္စရေးအထိရောက်ရှိနိုင်တဲ့ ပဲ့ထိန်းတပ်ဒုံးပျံတစ်ခုကို ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။ သူတို့ဟာ မြောက်ကိုရီးယားတို့နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကျနော်တို့ ဘာသဘောတူညီချက်မှ မရရှိသေးပါဘူး” ဟုလည်း ပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက လက်ရှိအချိန်တွင် အမေရိကန်အစိုး ရအနေဖြင့် ပြီးခဲ့သောသောကြာနေ့က အီရန်တို့၏ ပဲ့ထိန်းတပ်ဒုံးပျံစမ်းသပ်မှုနှင့် ပက်သက်သော အစီရင်ခံစာ များကို ဆန်းစစ်နေကြောင်းပြောခဲ့ပြီး ထောက်လှမ်းရေးလုပ်ငန်းနှင့် သက်ဆိုင်သောကိစ္စများကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သည်။

CNN သတင်းဌာနကလည်း ထရမ့်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၏အဆိုအရ အမေရိကန်ထောက်လှမ်းရေး ရေဒါများနှင့် အာရုံခံကရိယာများ၌ အီရန်တို့၏ဒုံးပျံစမ်းသပ်မှုနှင့် သက်ဆိုင်သော လက္ခဏာများကို ဖမ်းမိခဲ့ခြင်း မရှိကြောင်း သတင်းတင်ပြခဲ့သည်။

ထို့ကြောင့် အီရန်သတင်းဌာနမှတင်ပြခဲ့သည့် အကွာအဝေးကီလိုမီတာ ၂၀၀၀ခန့်အထိ အောင်မြင်စွာ ပစ်လွှတ် နိုင်ခဲ့သည်ဆိုသော ၎င်းတို့၏ Khorramshahr ပဲ့ထိန်းတပ်ဒုံးပျံကြီးနှင့် ပက်သက်သော သတင်းများမှာမဟုတ် မှန်ကြောင်း CNN သတင်းဌာနက ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly