အစိုးရစစ်ကြောင်းက တလကျော်ကြာ ဖမ်းဆီးထားသည့် ဦးအုန်ဆောင်းတူးဂျာ ပြန်မလွတ်လာ၍ အမှုဖွင့်တိုင်ကြား

အစိုးရစစ်ကြောင်းက တလကျော်ကြာ ဖမ်းဆီးထားသည့် ဦးအုန်ဆောင်းတူးဂျာ ပြန်မလွတ်လာ၍ အမှုဖွင့်တိုင်ကြား

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် ကားမိုင်းမြို့မှ အသက် ၄၂ နှစ်အရွယ် ဦးအုန်ဆောင်းတူးဂျာအား အစိုးရ စစ်ကြောင်းတစ်ကြောင်းက ဖမ်းဆီးခဲ့ရာမှ တစ်လကျော်ကြာသည်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသဖြင့် ရဲစခန်းသို့ သြဂုတ်လ ၁၀ ရက်က အမှုဖွင့် တိုင်ကြားလိုက်သည်ဟု အမှုအားကူညီဆောင်ရွက်ပေးနေသူ ဦးဂျီမာခါးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် ညနေ ၅ နာရီဝန်းကျင်တွင် အစိုးရ၏ စစ်တပ် ခလရ ၂၅၀ စစ်ကြောင်းက ကားမိုင်းမြို့ ဇီးကျွန်း (la Mawng)ရပ်ကွက်မှ ဦးအုန်ဆောင်းတူးဂျာနှင့် အတူ သုံးဦးအား ကြိုးတုတ်၍ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ယနေ့ထိ လွတ်မြောက်လာခြင်း မရှိသဖြင့် ကားမိုင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားလိုက်ခြင်း ဖြစ်သည်။

“အမှုဖွင့်တာ ရဲစခန်းက လက်ခံပြီ။ သူတို့ တိုင်စာတွေ ကောင်းကောင်းရေးပြီးတော့ လက်မှတ်ထိုးလိုက်ပြီ။ ကျနော်က ရဲစခန်းကို ဒီအမှုကို တရားမျှတအောင် လုပ်ပေးရမယ်။ အဲဒီလို မလုပ်ဘဲ စစ်တပ်က လုပ်နေတာကို လိုက်ဖုံးကွယ်နေရင် ပြည်သူလူထုရဲ့ ယုံကြည်မှုရမှာ မဟုတ်ဘူး။ ဒီအမှုမှန်ပေါ်အောင် မလုပ်ပေးဘူးဆိုရင် စစ်တပ်မက အစိုးရ တခုလုံးကို လူထုက ယုံကြည့်မှု မဲ့လာမယ်ဆိုပြီး ပြောထားတယ်။ ရဲစခန်းက သေချာအောင် ကျနော်တို့ ဆောင်ရွက်မယ်လို့တော့ ပြောတယ်။ အခုက လူပျောက်မှုနဲ့အရင် ရှာမယ်လို့ ပြောတယ်”ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

သူတို့ကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသည်ကို မသိရသော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ဝင်များ ဖြစ်သည်ဟု သံသယဖြင့် ဦးအုန်းဆောင်းတူးဂျာ၏ နေအိမ်မှ မိသားစုရှေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။  

“သူတို့ကို ဇွန် ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲလောက်မှာ သူနဲ့အတူ အိမ်နီးနားချင်း ရှမ်းလူမျိုးလူငယ်တစ်ဦးနဲ့ သန်းလွင် ဆိုတဲ့ လူ ၃ ဦးကို တူးဂျာအိမ်မှာနေနေတာ။ စစ်တပ်က သူတို့ အိမ်ရဲ့အထက်က မောင်ကျိုင်အိမ်မှာ အရင် ဝင်ပြီးတော့မှ ဦးတူးဂျာတို့ အိမ်မှာ ပြန်ဝင်ပြီးတော့ သူတို့ သုံးဦးကို ဖမ်းဆီးသွားတယ်။ မောင်ကျိုင်ကိုတော့ ကြိုးမတုတ်ဘူး။ သူတို့ သုံးဦးကိုတော့ အဝတ်လှမ်းတဲ့ နိုင်လွန်ကြိုးနဲ့ တုတ်ပြီး ဖမ်းဆီးသွားတယ်။ ဘာကြောင့်ဆိုတာ ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ သူတို့ကို ကေအိုင်အိုလူဘဲဆိုပြီး မသင်္ကာလို့ ဖမ်းသွားတာ”ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

သူနှင့်အတူ ဖမ်းဆီးခံခဲ့ရသော ရှမ်းတိုင်းရင်းသား လူငယ်တစ်ဦး နှင့် ဗမာတိုင်းရင်းသား ဦးသန်းလွင်တို့ နှစ်ဦးမှာ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်က ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။ သို့သော်  ဦးဘုန်ဆောင်းတူးဂျာမှာ ယနေ့ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးခြင်း ဖြစ်သည်။

လွတ်မြောက်လာသူများ ပြောပြချက်အရ ၎င်းတို့အား ကယားပြည်နယ် စကခ (၇) လက်အောက်ခံ တပ်ရင်း ခလရ ၂၅၀ က ဖမ်းဆီးခဲ့ပြီး သူတို့ကို ကားမိုင်းမြို့ရှိ တပ်စခန်းတွင် ဖမ်းဆီးချုပ်နှောင်စဉ် ငြင်းပန်းနှိပ်စက်မှုများရှိခဲ့ပြီး ဦးအုန်ဆောင်းတူးဂျာသည် သေဆုံးသွားပြီဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

“သူတို့ကို ကားမိုင်းက တပ်စခန်းမှာဘဲ ဖမ်းထားတာ။ ကျနော်တို့ စုံစမ်းတလောက် ဦးတူးဂျာက သေပြီ မရှိတော့ဘူး ဆိုပြီး လွှတ်လာတဲ့ လူတွေ ပြောလို့ သိရတယ်။ သူတို့ကို အရမ်း နှိပ်စက်တယ်။ ရေလည်း ကောင်းကောင်း မတိုက်ဘူး။ ထမင်းလည်း အသိုးတွေ ကျွေးတယ်။ အလင်းမရှိတဲ့ အခန်းမှာ ချုပ်ထားတယ်လို့ ပြောတယ်။ ကျနော်တို့ အသေးစိတ်စုံစမ်းရဦးမှာပါ”ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ယနေ့ထိ လွတ်မြောက်လာခြင်း မရှိသေးသော ဦးအုန်ဆောင်းတူးဂျာတွင် သားသမီး ၆ ဦးရှိပြီး ဇနီးသည် ဖောင်ယမ်လုအောန်သည် သူ၏ အမျိုးသား ဦးအုန်ဆောင်းတူးဂျာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသဖြင့် ကားမိုင်း ရဲစခန်းသို့ ပြီးခဲ့သည့် ဇူလိုင်လက သွားရောက် တိုင်ကြားခဲ့သော်လည်း အရေးယူပေးခြင်း မရှိခဲ့ကြောင်း သူက ပြောသည်။

ထို့ကြောင့် အမှုမှန်ပေါ်ပေါက်စေရေးနှင့် တရားမျှတမှု ရရှိရန်အတွက် ဖော်ထုတ်သွားမည် ဖြစ်ကြောင်းနှင့် အစိုးရ တပ်မတော်က ယခုအမှုအား အမှန်တရားဘက်မှ ဖော်ထုတ်ပေးသင့်ကြောင်း သူက ပြောသည်။

ဖမ်းဆီးခံရသူများသည် KIO အဖွဲ့ဝင်များလည်း မဟုတ်သလို၊ လက်ရှိ ကားမိုင်းမြို့ပေါ် ရပ်ကွက်တွင် အစိုးရ အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့များ အခြေချသည့်ထားသည့် နေရာတွင် စစ်တပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။

ဦးအုန်ဆောင်းတူးဂျာ ပျောက်ဆုံးမှုနှင့် ပတ်သက်၍  အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ကားမိုင်း ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

"သူတို့လူပျောက်မှုနဲ့ အမှုဖွင့်ထားတာ အခုစုံစမ်းမှုတွေ လုပ်နေပါပြီ”ဟု သူက မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly