ကမ္ဘာ့စံချိန်တင် စာချုပ်လျော်ကြေး ယူရိုသန်း ၅၀၀ တန် စာချုပ်သစ်ကို ချုပ်ဆိုတော့မယ့် ရီးယဲလ်လူငယ်ကြယ်ပွင့် အဆန်စီယို

ကမ္ဘာ့စံချိန်တင် စာချုပ်လျော်ကြေး ယူရိုသန်း ၅၀၀ တန် စာချုပ်သစ်ကို ချုပ်ဆိုတော့မယ့် ရီးယဲလ်လူငယ်ကြယ်ပွင့် အဆန်စီယို
(ဓာတ်ပုံ - အီးပီအေ)

အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့မှ ခေါ်ယူရန် စိတ်ဝင်စားခြင်းခံရတဲ့ အသက် ၂၁ နှစ်အရွယ် စပိန်တောင်ပံကစားသမား အဆန်စီယိုကို ရီးယဲလ်မက်ဒရစ်အသင်းက ကာလရှည် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုဖို့ ရှိပါတယ်။

အဆိုပါစာချုပ်ဟာ ၂၀၂၃ ခုနှစ်အထိ ရှိမယ်လို့ မျှော်လင့်ရပြီး ၎င်းရဲ့ တန်ကြေးမှာ စာချုပ်လျော်ကြေးအပါအဝင် ယူရိုသန်း ၅၀၀ (ပေါင် ၄၄၂ သန်း) ဖြစ်ပြီး ပီအက်စ်ဂျီအသင်းက နေမာအတွက် ပေးရတဲ့ ကြေးထက် နှစ်ဆနီးပါးခန့်ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို စာချုပ်သက်တမ်း မပြည့်ခင် ခေါ်ယူလိုရင်တော့ ရီးယဲလ်အသင်းကို ယူရိုသန်း ၅၀၀ ပေးမှ ခေါ်ယူနိုင်မယ့် ကစားသမားဖြစ်မှာပါ။

အဆိုပါ အသက် ၂၁ နှစ်ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ရီးယဲလ်အသင်းမှာ နည်းပြ ဇီဒန်းရဲ့ ပွဲထွက် ၁၁ ဦး စာရင်းမှာ ပုံမှန်ပါဝင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဘာနေဗျူးကလပ်ဟာ အဆန်စီယိုရဲ့ ကလေးဘဝကလပ် မာယော့ကာအသင်းထံ ပေါင် ၃.၅ သန်းပေးပြီး ၂၀၁၄ ခုနှစ်က ခေါ်ယူခဲ့ပြီး သူ့ကို အလျင်အမြန်ပဲ မာယော့ကာအသင်းဆီ အငှားပြန်ချခဲ့ပါတယ်။

သူဟာ ၂၀၁၆ နွေရာသီမှာ ရီးယဲလ်ရဲ့ ပထမအသင်းသို့ မရောက်မီ အက်စ်ပန်ညိုအသင်းထံ တစ်ရာသီ အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။ အဆန်စီယိုဟာ ပြီးခဲ့တဲ့ ရာသီမှာ အသင်းအတွက် လာလီဂါမှာ ၂၃ ပွဲ ကစားခဲ့ပြီး ဒီရာသီမှာတော့ ၆ ကြိမ် ကစားခဲ့ပြီးဖြစ်ပါတယ်။

အခုချိန်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အဆန်စီယိုတို့ဟာ ၂၀၂၂ ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေပေမယ့်လည်း ရီးယဲလ်က နောက်ထပ်တစ်နှစ်စာချုပ် ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးမှာ ဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ နည်းပြဇီဒန်းကို စာချုပ်သစ်ချုပ်ဆိုထားသလို အစ္စကို၊ မာဆယ်လို၊ ကာဗာဂျယ်နှင့် ဘန်ဇီမာတို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။

Ref; talkSPORT

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly