ဂိုးကံခေ၍ တရုတ်ကို ရှုံးနိမ့်ခဲ့ရဟု မြန်မာယူ-၁၆ နည်းပြ ဦးညီညီလတ်ပြော

ဂိုးကံခေ၍ တရုတ်ကို ရှုံးနိမ့်ခဲ့ရဟု မြန်မာယူ-၁၆ နည်းပြ ဦးညီညီလတ်ပြော

စက်တင်ဘာ ၂၅ ။           ။ အာရှယူ-၁၆ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာယူ-၁၆ အသင်းသည် တရုတ်ယူ-၁၆ အသင်းအား ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ထိုပွဲစဉ်တွင် မြန်မာအသင်းသည် တရုတ်အသင်းကို သူတင်ကိုယ်တင်ကစားနိုင်ခဲ့ပြီး ပထမပိုင်းပြီးချိန်အထိသရေကျနေခဲ့သော်လည်း ပွဲချိန် ၅၈ မိနစ်တွင် အဖွင့်ဂိုးစတင်ပေးခဲ့ရသည်။ မြန်မာတို့ ချေပဂိုးရရန် ကြိုးစားသော်လည်း ၇၆ မိနစ်တွင် တရုတ်အသင်းကပဲ ဒုတိယဂိုးကို ထပ်သွင်းခဲ့သည်။ မြန်မာအသင်းအတွက် ချေပဂိုးကိုမူ ပွဲချိန် ၈၇ မိနစ်ရောက်မှ ရရှိခဲ့ပြီး ရွှေကိုက သွင်းယူပေးခဲ့သည်။

ထိုပွဲအပြီးတွင် မြန်မာယူ-၁၆ နည်းပြ ဦးညီညီလတ်က သူ၏ကစားသမားလေးများမှာ မှာကြားထားသည့်အတိုင်း ကစားနိုင်ခဲ့သည်ဟု ဆိုသည်။

"တရုတ်အသင်းကို ရှိသမျှအင်အားနဲ့အကောင်းဆုံးရင်ဆိုင်ခဲ့ပါတယ်။ ကျွန်တော့်ကစားသမားတွေရဲ့ခြေစွမ်းကို သံသယမရှိပါဘူး။ ဂိုးကံခေခဲ့လို့သာ ဒီရလဒ်ဖြစ်သွားခဲ့ရတာပါ။ တိုင်ထိခဲ့တဲ့တစ်လုံးနဲ့ ဂိုးစည်းပေါ်က ဖျက်ထုတ်လိုက်တဲ့တစ်လုံးသာ ဂိုးဝင်ခဲ့ပြီး ဦးဆောင်ဂိုးရခဲ့မယ်ဆိုရင် ရလဒ်က ပြောင်းလဲသွားနိုင်ပါတယ်။ လက်ကျန်ပွဲတွေကိုလည်း ဒီနေ့လိုပဲ အစွမ်းကုန်တိုက်ပွဲဝင်သွားမှာပါ။ ခြေစစ်ပွဲအောင်မြင်ဖို့ကတော့ ခက်ခဲသွားပါပြီ။ အနိုင်အရှုံးရလဒ်အတွက် အာမခံချက်မပေးနိုင်ပေမယ့် နောက်ဆုံးမိနစ်အထိ ရေကုန်ရေခမ်းကစားသွားမယ်ဆိုတာကိုတော့ အာမခံပါတယ်" ဟု ဦးညီညီလတ်က ပြောဆိုခဲ့သည်။

ယနေ့ပွဲတွင် တောင်ကိုရီးယားအသင်းက ဖိလစ်ပိုင်ကို ၈ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး တရုတ်က မြန်မာအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် တောင်ကိုရီးယားနှင့်တရုတ်တို့က အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိသည်။

မြန်မာအသင်းသည် လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဒုတိယပွဲစဉ်အဖြစ် တောင်ကိုရီးယားအသင်းနှင့်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly