ဟိန္ဒူဘာသာဝင်များ မြှုပ်နှံခံထားရသောနေရာသို့ ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ လာရောက်

ဟိန္ဒူဘာသာဝင်များ မြှုပ်နှံခံထားရသောနေရာသို့ ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ လာရောက်

စက်တင်ဘာ ၂၅ ။           ။ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့သည် ယနေ့ စက်တင်ဘာလ ၂၅ ရက်တွင် ဟိန္ဒူဘာသာဝင်များအား မြှုပ်နှံထားသည်ကို တွေ့ရှိရသောနေရာသို့ သွားရောက်ခဲ့ကြသည်။

ယနေ့ စက်တင်ဘာလ ၂၅ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူဘာသာဝင်များ ပူးပေါင်းရှာဖွေခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က  ယမန်နေ့က တွေ့ရှိထားသော နေရာအနီးတွင် မြှုပ်နှံထားသော ကျင်း ၃ ကျင်း တွေ့ရှိခဲ့ကာ ပထမကျင်းအတွင်းမှ အမျိုးသားရုပ်အလောင်း ၁၄ လောင်း၊ မွန်းလွဲ ၃ နာရီခန့်တွင် ဒုတိယကျင်းအတွင်းမှ အမျိုးသားရုပ်အလောင်း ၃ လောင်း စုစုပေါင်း ၁၇ လောင်း တွေ့ရှိခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့က  သေဆုံးသွားသော ဟိန္ဒူဘာသာဝင်များ၏ မိသားစုများကို အနီးကပ်အားပေးနှစ်သိမ့်ခဲ့ကြသည်။

အဆိုပါတူးဖော်ရရှိသော ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင်များဖြစ်ကြောင်း မောင်တောမြို့နယ်၊ ကြိမ်ချောင်းအလယ်ရွာနေ ဦးရှိမော်တော်၊ သမန်းကျေးရွာနေ ဦးဖြမ်ဟော်ရီတို့က အတည်ပြုပေးခဲ့ကြသည်။

တူးဖော်တွေ့ရှိသည့် ရုပ်အလောင်းများအား မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မောင်မောင်အေး ၊ မြို့နယ် တရားသူကြီး ဦးဇော်ဇော်သန်း၊ မှုခင်းတပ်ဖွဲ့မှ ရဲမှူး ရဲအောင်တို့ မှ စိစစ်ရာ လက်ပြန်ကြိုးတုပ်လျက် တွေ့ရှိရပြီး လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ချွန်ထက်သော အရာများဖြင့် ထိုးသွင်းထားသော ဒဏ်ရာများကြောင့် လွန်ခဲ့သော ၁ လခန့်က သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရ ကြောင်းနှင့် ရုပ်အလောင်းများကို ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ကာ ဒဏ်ရာ၊ ဒဏ်ချက်များအား အသေးစိတ် စိစစ်ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

အဆိုပါရုပ်အလောင်းများအား မောင်တောမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးပြီး ဟိန္ဒူဘာသာ ထုံးတမ်းစဉ်လာအရ သဂြိုလ်သွားမည်ဖြစ်ကြောင်း သိရကာ အဆိုပါနေရာတဝိုက်တွင် ဆက်လက်တွေ့ရှိနိုင်ရေး ထပ်မံရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့နှင့်အတူ လုံခြုံရေးနှင့် နယ်စပ်ဒေသရေးရာဝန်ကြီး ဗိုလ်မူးကြီး ဖုန်းတင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာတို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် စစ်တွေလေဆိပ်မှ မောင်တောဒေသသို့ ယနေ့ စက်တင်ဘာလ ၂၅ ရက်တွင် သွားရောက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်များနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မြှုပ်နှံထားသော ရုပ်အလောင်း ၁၇ လောင်း ထပ်မံတွေ့ရှိပြီး လက်ရှိတွင် မြှုပ်နှံသတ်ထားခံရသော ဟိန္ဒူဘာသာဝင် စုစုပေါင်း ၄၅ လောင်းအထိ ရှိလာပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly