အိမ်မွေးတိရစ္ဆာန်မွေးခြင်းရဲ့ ကောင်းကျိုးများ

အိမ်မွေးတိရစ္ဆာန်မွေးခြင်းရဲ့ ကောင်းကျိုးများ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အိမ်မွေးတိရစ္ဆာန်မွေးခြင်းရဲ့ ကောင်းကျိုးများ

အိမ်မွေးတိရစ္ဆာန်တွေက လူတွေရဲ့ဘဝမှာအရေးပါတဲ့နေရာက ပါဝင်နေပါတယ်။ လမ်းပြခွေးတွေ၊ ရောဂါရှာဖွေရေးအတွက်လေ့ကျင့်ပေးထားတဲ့ ခွေးလေးတွေအပြင် ရောဂါကုသရေး၊ စကားပြောဆိုမှုကုထုံး၊ လူနာတွေရဲ့ခန္ဓာကိုယ် နာလန်ပြန်ထူရေးတွေမှာပါ တိရစ္ဆာန်တွေကို အသုံးပြုလာကြပါတယ်။ ပုံမှန်တော့ ခွေးလေးတွေ၊ ကြောင်လေးတွေမွေးလေ့ရှိကြပေမယ့် အခုဆို သွက်လက်တဲ့ ရက်ကွန်းဝံ(raccoon)တွေ၊ ပူးလေးတွေ၊ အလှမွေးငါး၊ ငှက်လေးတွေနဲ့ ကြွက်ဖြူလေးတွေအပြင် အလှမြွေတွေ၊ ပုတ်သင်ကြီးမျိုး နဲ့ အိမ်မွေးဝက်အသေးမျိုး (pet pigs) တွေပါ မွေးလာကြပြီဖြစ်ပါတယ်။

သင့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကြာင့် ဘာအကျိုးကျေးဇူးတွေရသလဲ

တစ်နေ့တာလုံးစိတ်ဖိစီးလာပြီး အိမ်ကိုပြန်လာရင် အမြီးတရမ်းရမ်းနဲ့ ပြေးကြိုတဲ့ ခွေးလေး သို့မဟုတ် တညောင်ညောင်နဲ့ ကြောင်လေးတွေကို တွေ့လိုက်ရရင် ရုတ်တရက် အမောပြေသွားတာ တိရစ္ဆာန်ချစ်သူတွေ သိနိုင်တဲ့ခံစားချက်ပါ။ တကယ်လည်း ဒီကောင်လေးတွေက သင့်ရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် အကျိုးပြုပါတယ်လို့ သုတေသနတွေက သက်သေထူခဲ့ကြပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေက သခင်ကို အကြွင်းမဲ့ချစ်ခင်ပြီး အမြဲနွေးနွေးထွေးထွေးလက်ခံကြိုဆိုတတ်ကြတယ်၊ သခင်လိုအပ်တဲ့အချိန်တိုင်းအမြဲတမ်းအသင့်ရှိနေတတ်တယ်လို့ University of Minnesota ၊Boynton Health Service မှ တာဝန်ရှိသူ Gary A. Christenson က ပြောပါတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေကြောင့် သွေးတွင်းအဆီဓာတ်လျော့ကျစေနိုင်တယ်

သင့်မှာခွေးတစ်ကောင်မွေးထားတယ်ဆိုရင် နေ့တိုင်းလမ်းလျှောက်ထွက်တာနဲ့တင် ကိုလက်စထရောကိုကျစေနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားပေးတာကလည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း အလိုလိုလုပ်မိပြီးသားဖြစ်စေပါတယ်။ သြစတြေးလျ National Heart Foundation ရဲ့စစ်တမ်းအရ အိမ်မွေးတိရစ္ဆာန်မွေးထားသူတွေ အထူးသဖြင့်အမျိုးသားတွေမှာ ကိုလက်စထရောနဲ့ triglyceride အဆီဓာတ်တွေ နည်းလေ့ရှိတယ်လို့ သိရပါတယ်။

စိတ်ဖိစီးမှုကို လျော့ပါးစေတယ်

အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့တွေ့ရင် ဘာမဆို စိတ်ပြေသွားစေနိုင်တဲ့အစွမ်းကရှိတာမို့  စိတ်ဖိစီးရင် သူတို့အနားမှာသာနေလိုက်ပါ။ ကိုယ်ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကြည့်လိုက်တဲ့အချိန်မှာ အာရုံကြောနဲ့ဆိုင်တဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ oxytocin ထွက်ရှိလာတာကြောင့် စိတ်ကိုပျော်ရွှင်စေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးရင်ထွက်ရှိလာတတ်တဲ့ cortisol ဟော်မုန်းကိုလည်း လျော့ကျစေတယ်လို့ သုတေသနတွေက ဖော်ပြပါတယ်။ စိတ်ဒဏ်ရာကြောင့်ဖြစ်လာတဲ့ ဖိစီးမှုခံစားရသူတွေမှာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အဖော်ပြုနေထိုင်ရင်း စိတ်သက်သာရာရပြီး စိတ်ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာတဲ့ သာဓကတွေရှိပါတယ်။

သွေးတိုးကို ကျစေတယ်

တကယ်တော့ ခွေးလေး၊ကြောင်လေးတွေနဲအတူ ကစားပေးရင်းနဲ့ ကိုယ့်မှာလည်း သွေးဖိအားကိုလည်းကျစေတာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေပါတယ်။ State University of New York မှ သုတေသနအရ သွေးတိုးကျဆေးတွေသောက်နေရသူတွေဟာ ကြောင် သို့မဟုတ် ခွေးတစ်ကောင်မွေးပြီးနောက် စိတ်ဖိစီးမှုကြောင့်ဖြစ်ရတဲ့ သွေးတိုးကိုကျသွားစေတာတွေ့ရတယ်လို့ သိရပါတယ်။

အဆီကျ ကျန်းမာစေနိုင်တယ်

ခွေးဆိုတာ အကောင်းဆုံးလမ်းလျှောက်ဖော်ဖြစ်ပြီး သူငယ်ချင်းထက်တောင်ပိုကောင်းတယ်လို့ ဆိုကြပါတယ်။ University of Missouri မှ သုတေသနလေ့လာမှုအရ ခွေးနဲ့အတူ လမ်းလျှောက်ထွက်သူတွေဟာ လူမိတ်ဆွေတွေနဲ့ လမ်းလျှောက်ထွက်သူတွေနဲ့ယှဉ်ရင် ပိုကျန်းမာတာကိုတွေ့ရပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာ ခွေးမရှိသူတွေက တစ်ပတ်ကို ၁၆၈ မိနစ်လောက် လမ်းလျှောက်ဖြစ်ကြချိန်မှာ ခွေးမွေးထားသူတွေဟာ ပျမ်းမျှ တစ်ပတ်ကို မိနစ် ၃၀၀ လောက်လမ်းလျှောက်ကြတယ်လို့ တွေ့ရပါတယ်။ Journal of Physical Activity & Health ရဲ့လေ့လာမှုစစ်တမ်းအရလည်း ခွေးပိုင်ရှင်တွေဟာ လမ်းပိုလျှောက်ဖြစ်သလို လုပ်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု အတိုင်းအတာကို ပြည့်မီနိုင်ဖို့ အခွင့်အလမ်း ၅၄ % ပိုများပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေလျော့နည်းစေနိုင်တယ်

ကိုယ်လက်လှုပ်ရှားမှုပိုလာတဲ့အပြင် ကိုလက်စထရောကျ၊ သွေးတိုးကျ၊ စိတ်ဖိစီးမှုလျော့ကျစေတဲ့အခါ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေကိုပါ လျော့ကျစေနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်ပိုင်ဆိုင်သူတွေဟာ အထူးသဖြင့် ခွေးမွေးထားသူတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်တဲ့အန္တရာယ်လျော့နည်းစေပြီး ရောဂါရှိပြီးသူတွေမှာလည်း အသက်ရှည်နိုင်တဲ့အခွင့်အလမ်းပိုများစေနိူင်တယ်လို့ American Heart Association ရဲ့ လေ့လာမှုတွေက ဖော်ပြခဲ့ပါတယ်။

ကလေးတွေမှာ ကိုယ်ခံအားပိုကောင်းစေတယ်

သင်ဟာ ငယ်ရွယ်စဉ်ကလေးဘဝတည်းက အိမ်မွေးတိရစ္ဆာန်တွေနဲ့လက်ပွန်းတတီးနေခဲ့ဖူးရင် ကံကောင်းသူတစ်ဦးဖြစ်နိုင်ပါတယ်။ Clinical & Experimental Allergy ရဲ့ လေ့လာမှုတစ်ခုအရ ငယ်စဉ်ကတည်းက အိမ်မွေးတိရစ္ဆာန်တွေနဲ့ထိတွေ့မှုရှိခဲ့တဲ့ ကလေးတွေဟာ အသက်ကြီးလာတဲ့အခါ ဓာတ်မတည့်မှုရောဂါတွေ၊ hay fever (ဝတ်မှုန်အဖျား)နဲ့ နှင်းခူနာတို့ဖြစ်လာနိုင်တဲ့အလားအလာပိုနည်းစေ တယ်လို့ ဆိုပါတယ်။  အိမ်မှာခွေးမွေးထားတဲ့အိမ်က ကလေးတွေဟာ အသက်တစ်နှစ်မပြည့်မီအတွင်းမှာ ဓာတ်မတည့်မှုတွေ၊ ပန်းနာရင်ကျပ်နဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်တာတွေ အဖြစ်နည်းတာတွေ့ရပါတယ်။ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အမှုန်တွေနဲ့ ငယ်ငယ်လေးတည်းက ထိတွေ့မိခဲ့ရင် အချိန်ကြာလာတာနဲ့အမျှကျင့်သားရလာပြီး ခန္ဓာကိုယ်ကဓာတ်ပြုတုံ့ပြန်မှုနည်းလာနိုင်ပါတယ်။ဒါ့ကြောင့် မွေးမြူရေးတိရစ္ဆာန်တွေ၊ ခွေးနဲ့ကြောင် တို့တဲ့ လက်ပွန်းတတီးကြီးပြင်းလာတဲ့ကလေးတွေဟာ ကိုယ်ခံအားပိုကောင်းလေ့ရှိပြီး ပန်းနာရင်ကျပ်လို ရောဂါဝေဒနာတွေ ခံစားရနိုင်ခြေပိုနည်းပါတယ်။

စိတ်ကျဝေဒနာကို သက်သာစေနိုင်တယ်

အိမ်မွေးတိရစ္ဆာန်တွေက သခင်တွေကို အားပေးနှစ်သိမ့်ပေးနိုင်ပါတယ်။ British Psychological Society ရဲ့သုတေသနတွေအရ ခွေးတွေဟာအထူးသဖြင့် ရောဂါကုသမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို  မြှင့်တင်ပေးနိုင်တယ်၊ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်ပိုရှိလာစေတယ်လို့ ဖော်ပြထားပါတယ်။ စိတ်ကျဝေဒနာခံစားနေရတဲ့ သခင်ဖြစ်သူကို မကောင်းတဲ့အတွေးတွေတွေးမယ့်အစား တစ်ခုခုကို အာရုံစိုက်လာအောင် လုပ်ပေးနိုင်ပါတယ်။ သူတို့က သခင်ကိုဂရုစိုက်နေချိန်ဆို အမြဲရင်းရင်းနှီးနှီး ချစ်ခင်ပေးတတ်ကြပါတယ်။

နာတာရှည်ခံစားနေရတဲ့ နာကျင်မှုတွေကို သက်သာစေနိုင်တယ်

အိမ်ထဲမှာ အိမ်မွေးတိရစ္ဆာန်လေးတွေရှိနေတာက နာတာရှည်ခံစားနေရတဲ့ ဝေဒနာတွေကနေ အာရုံအပြောင်းအလဲလေးဖြစ်စေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။အိမ်မွေးတိရစ္ဆာန်နဲ့ ပွတ်သပ်ထွေးပွေ့တာ၊ ကစားတာတွေ လုပ်တဲ့အချိန်တိုင်း ခန္ဓာကိုယ်ထဲမှာ နာကျင်မှုကိုသက်သာစေတဲ့ endorphins ဟော်မုန်းတွေထွက်ရှိစေနိုင်ပါတယ်။ ဆေးရုံတက်နေရတဲ့လူနာတွေဆီကို သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေ ခေါ်လာတွေ့ဆုံစေတဲ့အခါ နာကျင်မှုဝေဒနာသက်သာစေတာကို တွေ့ရတာ ဒီအချက်ကြောင့်ပါပဲ။ Loyola University ချီကာဂို သုတေသီတွေက အရိုးအဆစ် အစားထိုးခွဲစိတ်ကုသမှုအတွင်း pet therapy ကိုခံယူခဲ့ရင် နာကျင်မှုသက်သာတာတွေ့ရတယ်လို့ ဆိုပါတယ်။

အိမ်မွေးတိရစ္ဆာန်ကြောင့် ပေါင်းသင်းဆက်ဆံရေးပိုကောင်းစေနိုင်တယ်

အိမ်မွေးတိရစ္ဆာန်တွေနဲ့ လက်ပွန်းတတီးနေထိုင်လေ့ရှိတဲ့လူငယ်တွေဟာ ချစ်ခင်သူတွေ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေနဲ့ ဆက်ဆံရေးပိုကောင်းပြီး ပိုရင်းရင်းနှီးနှီးနေတတ်ကြတယ်လို့ မကြာသေးခင်က စစ်တမ်းတစ်ခုမှာဖော်ပြထားပါတယ်။ သူတို့က ဦးဆောင်မှုတာဝန် ပိုလုပ်ဆောင်နိုင်ကြပြီး ယုံကြည်မှုပိုရှိတဲ့အပြင် ကိုယ်ချင်းစာနာစိတ်လည်းပိုများတယ်လို့ Journal of Applied Developmental Science မှာဖော်ပြထားပါတယ်။

ကိုယ့်ရဲ့ကျန်းမာရေးပြောင်းလဲမှုတွေကို  အိမ်မွေးတိရစ္ဆာန်က သတိထားစောင့်ကြည့်ပေးနိုင်တယ်

အိမ်မွေးတိရစ္ဆာန်တွေက သခင်ရဲ့အပြုအမူတွေကို အသေးစိတ် သတိထားမိကြပါတယ်။ ဒီအချက်ကြောင့်ပဲ ဆီးချိုဝေဒနာသည်တွေအတွက် အကူအညီဖြစ်စေနိုင်တာဖြစ်ပါတယ်။ တချို့တိရစ္ဆာန်တွေက သခင်တွေမှာ သွေးတွင်းသကြားဓာတ်မြင့်တက်နေရင် သခင့်ထက်အရင် အာရုံခံသိရှိနိုင်စွမ်းရှိနိုင်ပါတယ်။ ဆီးချိုရှိသူတွေဟာ သွေးတွင်းသကြားဓာတ်ကျဆင်းနေပြီဆိုရင် ketoacidosis  ရပြီး ခံတွင်းနံ့ပြောင်းလဲတတ်တာကြောင့် လေ့ကျင့်ထားတဲ့ခွေးတွေက ဒီအနံ့ပြောင်းလဲမှုကို သိနိုင်ပါတယ်။ ခွေးတိုင်းဒီလိုလုပ်နိုင်စွမ်းရှိတာမဟုတ်ပေမယ့် လေ့ကျင့်ပေးလို့ရတာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြှင့်တင်နိုင်တယ်

အိမ်မွေးတိရစ္ဆာန်တွေက ဘာမှတွက်ချက်စဉ်းစားနေတာမရှိ၊ အစီအစဉ်မရှိ၊ မျက်နှာမလိုက်တတ်၊ သခင်ကဘယ်လိုပုံဖြစ်နေပါစေ၊ဘယ်လိုပြုမူနေထိုင်ပါစေ ဂရုမစိုက်တတ်ကြဘဲ သခင်ကိုအကြွင်းမဲ့ချစ်ခင်တွယ်တာတတ်တာကြောင့် သခင်ရဲ့စိတ်မှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်၊ယုံကြည်စိတ် တိုးလာစေနိုင်ပါတယ်။ ဘာတွေပဲဖြစ်နေပါစေ  ခွေးလေး၊ကြောင်လေးတွေက  သခင်ကိုအရမ်းချစ်ကြတာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးစေနိုင်တာဖြစ်ပါတယ်။

မိသားစုဝင်အချင်းချင်း ပိုရင်းနှီးစေပါတယ်

သင့်ရဲ့သားသမီးတွေကို ခွေးနဲ့လမ်းလျှောက်ထွက်ခိုင်းတာ ဒါမှမဟုတ် ကြောင်ကိုအစာကျွေးဖို့ သင်ကအမြဲတာဝန်ယူထားတာမျိုးဆိုရင်  အိမ်မွေးတိရစ္ဆာန်ဟာ မိသားစုဝင်တွေကြားမှာ ပေါင်းကူးလုပ်ပေးနေတာဖြစ်ပါတယ်။ တခါတလေ မြေးတွေက အဖိုးအဖွားတွေနဲ့ စကားသိပ်မပြောဖြစ်တဲ့အခါမျိုးမှာ ကြောင်လေး၊ခွေးလေးတွေကြောင့်ပဲ စကားပြောစရာ အတူလုပ်စရာပေါ်လာစေတာကြောင့် ရင်းနှီးမှုပိုလာစေပါတယ်။ အိမ်မွေးတိရစ္ဆာန်ချစ်တတ်တဲ့ကလေးတွေဟာ တခြားသူတွေကို ကြင်နာသနားတတ်၊ ဂရုစိုက်တတ်လာပြီး တာဝန်ယူစိတ်ရှိလာနိုင်ပါတယ်။

ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်မွေးတော့မယ်ဆိုရင် သတိထားလုပ်ဆောင်သင့်တဲ့အချက်တွေရှိပါတယ်။ ဒါမှသာ အိမ်မွေးတိရစ္ဆာန်မှာရော ကိုယ့်မိသားစုမှာပါ ဘေးကင်းကျန်းမာစေနိုင်မှာဖြစ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်ဆီကနေ ရောဂါကူးစက်မှုမဖြစ်ရအောင် –

• မွေးဖို့ခေါ်လာပြီဆိုတာနဲ့ အိမ်မွေးတိရစ္ဆာန်အသစ်တွေကို ဆရာဝန်ပြသ စစ်ဆေးပါ။

• သူတို့ကို ပုံမှန်ကျန်းမာရေးစစ်ဆေးပေးပါ၊ ကာကွယ်ဆေးထိုးပါ၊ သန်ချပါ။

•  ကြောင်တွေ၊ခွေးတွေရဲ့ မစင်ကို ကျုံးရပြီဆိုရင် ထိတွေ့ပြီးတာနဲ့ အမြဲလက်ဆေးပါ

• ကိုယ်ဝန်ဆောင်တွေအနေနဲ့ တိရစ္ဆာန်မစင်ကို နေ့စဉ်နဲ့အမျှမထိတွေ့သင့်ပါ

• ကြောင်တွေ၊ ခွေးတွေ မစင်စွန့်တဲ့နေရာမှာ ကလေးတွေကို ပေးမကစားပါနဲ့။

• ခွေးတွေ၊ ကြောင်လေးတွေကို ဘယ်အရာမှအစိမ်းမကျွေးပါနဲ့၊ အိမ်သာထဲကရေတွေမသောက်ပါစေနဲ့။

• မွေးကင်းစအရွယ်လေးတွေကို နေမကောင်းဖြစ်နေတဲ့ ခွေးပေါက်စ၊ကြောင်ပေါက်စတွေနဲ့ နီးနီးမထားပါနဲ့။

ဒီလိုမျိုး ကျန်းမာရေးအသိနဲ့ စနစ်တကျမွေးမြူစောင့်ရှောက်ထားမယ်ဆိုရင် အိမ်မွေးတိရစ္ဆာန်ကြောင့် ရောဂါကူးစက်ခံရနိုင်ဖို့ အကြောင်းမရှိသလောက် ဖြစ်စေမှာပါ။ အဓိကက ရောဂါကင်းရှင်းမှုနဲ့ သန့်ရှင်းမှုပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly