မြှုပ်နှံခံထားရသော ဟိန္ဒူဘာသာဝင် ၁၇ လောင်း ထပ်တွေ့ရှိပြီး စုစုပေါင်း ၄၅ လောင်း ဖြစ်လာ

မြှုပ်နှံခံထားရသော ဟိန္ဒူဘာသာဝင် ၁၇ လောင်း ထပ်တွေ့ရှိပြီး စုစုပေါင်း ၄၅ လောင်း ဖြစ်လာ
ယမန်နေ့က ဟိန္ဒူဘာသာဝင်များအား မြေမြှုပ်ထားသော ကျင်းတစ်ကျင်းအားတွေ့ရစဉ်။ ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန် ၊ စက်တင်ဘာ ၂၅ ။           ။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် မောင်တောဒေသ၌ မြှုပ်နှံခံထားရသော ဟိန္ဒူဘာသာဝင် အမျိုးသားအလောင်း ၁၇ လောင်းကို ယနေ့ စက်တင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းအထိ ထပ်မံတူးဖော်ရရှိထားပြီး ဟိန္ဒူဘာသာဝင်အလောင်းတွေ့ရှိမှု စုစုပေါင်း ၄၅  လောင်း အထိ ရှိလာနေပြီ ဖြစ်သည်။

"ပထမ ၁၄ လောင်းတွေ့တယ်၊ ပြန်ခါနီးမှာ ၃ လောင်းထပ်တွေ့တယ်၊ စုစုပေါင်း ၁၇ လောင်းအထိ တွေ့ရှိထားပြီးဖြစ်တယ်" ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

လက်ရှိ ဟိန္ဒူဘာသာဝင် ၁၇ လောင်း တူးဖော်ရရှိထားပြီး ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် ဟိန္ဒူဘာသာဝင်များကို မြုပ်နှံထားသည့် မြေကျင်းနှစ်ကျင်း တွေ့ရှိခဲ့ပြီးနောက် အလောင်း ၂၈ လောင်း တူးဖော်ရရှိထားခြင်းကြောင့် စုစုပေါင်း ၄၅ လောင်းအထိ ရှိလာနေပြီဖြစ်သည်။

ယမန်နေ့က အမျိုးသမီးအလောင်း၊ ကလေးအလောင်းများ တွေ့ရှိခဲ့ရပြီး ယနေ့ အမျိုးသားအလောင်းများ တွေ့ရှိရခြင်း ဖြစ်သည်။

ဟိန္ဒူကူညီထောက်ပံ့ရေးတာဝန်ခံ ဦးရာဂူးနေမြင့်က "တူးဖော်ရရှိတဲ့အလောင်းက ၁၇ လောင်းပါ။ မြေပြင်မှာ တူးဖော်နေတဲ့ လူတွေက ကျွန်တော်ဆီ သတင်းလှမ်းပို့ထားတယ်။ ဒီနေ့အတွက်တာတော့ တူးဖော်တာ ရပ်လိုက်ပါပြီ။ အကုန်လုံး ယောက်ျားလေးအလောင်းချည်းပဲ။ အသက် ၂၀ ကျော်တွေပေါ့" ဟု မဇ္ဈိမမှ ရရှိထားသည့် သတင်းကို ထပ်မံအတည်ပြုထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မောင်တောဒေသအကြမ်းဖက်မှုဖြစ်စဉ်များအတွင်း မောင်တောခရှိင်ရှိ ရဲဘော်ကျကျေးရွာနှင့် တမန်းသားကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၃ ဦး ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရုပ်အလောင်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် ရဲဘော်ကျားကျေးရွာနေသူတစ်ဦးက စစ်တွေမြို့သို့ ရောက်ရှိနေသည့် မောင်တောလေးမိုင်တွင် နေထိုင်သူ ဟိန္ဒူဘာသာဝင် ကူညီရေး ခေါင်းဆောင်ထံ ဖုန်းဖြင့် ဆက်သွယ် သတင်းပေးချက်အရ အဆိုပါ ရုပ်အလောင်းများကို ရှာဖွေနေခြင်းဖြစ်သည်။

"သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်သည် ရဲဘော်ကျကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။ ရွာ၏အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ အမျိုးသမီး ၈ ဦးအား အစ္စလာမ်ဘာသာသို့ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း" ယမန်နေ့က အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါ ARSA အကြမ်းဖက်သမားများ ဖမ်းခေါ်သွားသည့် ဟိန္ဒူဘာသာဝင်များကို အမြန်ဆုံးရှာဖွေရန် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး   ကော်မတီဝင်များအား အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် တိုက်တွန်းထားသည်။

မောင်တောဒေသ၌ အစိုးရ၏အစီအစဉ်ဖြင့် ပြည်တွင်းပြည်ပသတင်းမီဒီယာများ သတင်းရယူခဲ့ရာတွင်  ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင်များက ယင်း တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသော ဟိန္ဒူ ဘာသာဝင် ၉၃ ဦး၏ သတင်းကို ပြောဆိုခဲ့သော်လည်း ဒေသတွင်းအာဏာပိုင်များက အတည်ပြုပေးခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly