အမျိုးသမီးဝန်ထမ်းတွေကို ဒေါင့်မြင့်ဖိနပ် အတင်းအကျပ် စီးခိုင်းတာမျိုး မလုပ်ဖို့ ကုမ္ပဏီတွေကို ဖိလစ်ပိုင်အစိုးရ ညွှန်ကြား

By AFP
25 September 2017
အမျိုးသမီးဝန်ထမ်းတွေကို ဒေါင့်မြင့်ဖိနပ် အတင်းအကျပ် စီးခိုင်းတာမျိုး မလုပ်ဖို့ ကုမ္ပဏီတွေကို ဖိလစ်ပိုင်အစိုးရ ညွှန်ကြား

 

စက်တင်ဘာ ၂၅ ။                      ။ အလုပ်ခွင်ထဲမှာ အမျိုးသမီး ဝန်ထမ်းတွေကို ဒေါင့်မြင့်ဖိနပ် မဖြစ်မနေ စီးခိုင်းနေတဲ့ ပြည်တွင်းကုမ္ပဏီတွေကို ဖိလစ်ပိုင်အစိုးရက သတိပေးလိုက်ပြီး ယင်းစည်းကမ်းချက်ထုတ်ပြန်တာမျိုး မလုပ်တော့ဖို့ တားမြစ်ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ ဈေးဝယ်စင်တာတွေက အရောင်းစာရေးမလေးတွေ၊ ဟိုတယ် ဧည့်ကြိုတွေနဲ့ လေယာဉ်မယ်တွေ ဒေါင့်မြင့်ဖိနပ်ကို မဖြစ်မနေ စီးရမယ်ဆိုပြီးသတ်မှတ်ထားတဲ့ လုပ်ငန်းခွင်အလေ့အထကို ဖျက်သိမ်းဖို့  ဖိလစ်ပိုင်အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အမျိုးသမီး ဝန်ထမ်းတွေအနေနဲ့ တစ်နေ့လျင် နာရီများစွာကြာ အလုပ်လုပ်ကြရတဲ့အခါမှာ ဒေါင့်မြင့်ဖိနပ်တွေကြောင့် သက်တောင့်သက်သာ မရှိနိုင်ဘူးလို့ ဆိုပြီး ဖိနပ်အမြင့်တွေအစား ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ ပိုသင့်တော်စေနိုင်တဲ့ ဖိနပ်မျိုးတွေကိုပဲ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ စီးခိုင်းသင့်ပါတယ်ဆိုပြီး ယင်းညွန်ကြားချက်ထဲမှာ ပြောထားပါတယ်။

" ဒါ တကယ်တော့ ညှင်းပန်းနှိပ်စက်နည်းတစ်ခုပါ၊ ဖိနှိပ်မှု၊ ကျွန်ပြုမှု ပုံစံတစ်ခုပါ၊ သူတု့ိတွေ တစ်နေ့မှာ ရှစ်နာရီနဲ့ ဆယ်နာရီကြား ဒီ ဒေါင့်မြင့်ဖိနပ်တွေ စီးရလို့ နာကျင်မှု ဒဏ်ကို ခံရနိုင်ပါတယ်" ဆိုပြီး အလုပ်သမားသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ အလန် တန်ဂျူဆေးက ပြောသွားပါတယ်။

" ဒါ့အပြင် ဒီလို ဒေါင့်မြင့်ဖိနပ် စီးခိုင်းပြီး တစ်နည်းအားဖြင့် အမျိုးသားတွေကို ဆွဲဆောင်ဖို့ လုပ်သလိုပါပဲ၊ အမျိုးသမီးတွေကို ခုလို ဒေါင့်မြင့်စီးခိုင်းခြင်းကြောင့် အရပ်ပိုရှည်သွားစေနိုင်သလို ပိုပြီးလည်း ဆွဲဆောင်မှု ရှိသွားစေနိုင်ပါတယ်၊ ဒီနည်းနဲ့ ရောင်းကုန်တွေကို ပိုရောင်းနိုင်အောင် လုပ်သလိုပါပဲ၊ ဒါပေမယ့် တကယ်စီးရတဲ့သူတွေမှာတော့ သက်တောင့်သက်သာမရှိလှဘဲ နာကျင်ရတာကို အလုပ်ရှင်တွေ မသိကြပါဘူး" လို့ ၎င်းက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly