ရွှေတိဂုံပိတ်ဆို့မှု ရွှေဝါရောင်တော်လှန်ရေးကို အသိမှတ်မပြုရာရောက်နေဟုဆို

ရွှေတိဂုံပိတ်ဆို့မှု ရွှေဝါရောင်တော်လှန်ရေးကို အသိမှတ်မပြုရာရောက်နေဟုဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊စက်တင်ဘာ၂၅ ။         ။ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်ပိတ်ဆို့မှုသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို အသိမှတ်မပြုရာရောက်နေကြောင်း ဆိုရှယ်ဒီမိုကရက်တစ်ညီညွှတ်ရေးတပ်ဦးမှ ကိုကျော်ကိုကိုက ပြောသည်။

ရွှေဝါရောင်အထိမ်းအမှတ်ပွဲကို ယနေ့စက်တင်ဘာလ၂၅ရက် နေ့လည်၁နာရီတွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှ သံဃာတော်များနှင့် ဝန်းရံပြည်သူများက ရန်ကုန်မြို့ရွှေတိဂုံဘုရား၌ စတင်ပြုလုပ်ခဲ့သည်။

သို့သော် ရွှေတိဂုံဘုရား၏အရှေ့ဘက်မုဒ်ကို တံခါးသော့ခတ်ပိတ်ဆိုထားခဲ့သဖြင့် အရှေ့ဘက်မုဒ်တွင် ၁နာရီ ၄၅မိနစ်ကြာ သံဃာတော်များမှ ထိုင်လျက်မေတ္တာပို့သခဲ့ကြသည်။

"ရွှေဝါရောင်ဆရာတော်တွေကိုဦးဆောင်ပြီးတော့ ရွှေဝါရောင်အထိမ်းအမှတ်ဆိုပြီးချီတက်ပွဲတွေလုပ်ကြတာ နှစ်ပေါင်းများစွာရှိပါပြီ ။၁၀နှစ်လည်းပြည့်သွားပြီ အရင်နှစ်တွေတုန်းက ဒီလိုမျိုး ပိတ်ဆို့တယ်ဆိုတာ မရှိဘူး။ ဘုရားပေါ်တက်လို့ရတယ် ဒီလိုမျိုးပိတ်ဆို့တယ်ဆိုတာဟာရည်ရွယ်ချက်ရှိရှိနဲ့ ရွှေဝါရောင် အရေးအခင်းကိုအသိအမှတ်မပြုတဲ့အနေအထားမျိုးသက်ရောက်နေတယ်"ဟု ဆိုရှယ်ဒီမိုကရက်တစ်ညီညွှတ်ရေးတပ်ဦးက ကိုကျော်ကိုကိုက ပြောသည်။

ထို့အပြင် လက်ရှိအုပ်ချုပ်သူအစိုးရအနေဖြင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၏ သမိုင်းဆိုင်ရာကို ပြန်လည်ဖော်ထုတ်မှုမပြုစေချင်သောကြောင့် ယခုကဲ့သို့ပိတ်ဆို့ခဲ့ခြင်းလားဟု မေးခွန်းထုတ်လိုကြောင်း ကိုကျော်ကိုကိုက ဆိုသည်။

ထို့ပိတ်ဆို့ခံရမှုအတွက်ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း လာရောက်ဖြေရှင်ပေးခဲ့သဖြင့် နေ့လည် ၂နာရီ ၄၅မိနစ်တွင် ရင်ပြင်ပေါ်တက်ရောက်နိုင်ပြီး ရွှေဝါရောင်တော်လှန်ရေးတွင် ကျဆုံးခဲ့သူများအား မေတ္တာပို့အမျှဝေနိုင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် လောင်စာဆီဈေးနူန်းတက်ခြင်း၊ ကုန်ဈေးနူန်းတက်ခြင်း၊ ပခုက္ကူမြို့ရှိသံဃာများ လမ်းပေါ်ထွက်မေတ္တာပို့လုပ်ရှားခြင်းကို ဖမ်းဆီးရိုက်နှက်မှုများကြောင့် စက်တင်ဘာ ၁၈ရက်နေ့တွင်စတင်ကာ သံဃာတော်များက မေတ္တာပို့ဆုတောင်းလမ်းလျောက်မှုကို ရန်ကုန်မြို့တွင်စတင်ပြုလုပ်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး ဦးနိုင်ငံလင်းက “ ကျွန်တော်တို့ရန်ကုန်တိုင်းအစိုးရကို ခွင့်ပြုချက်တင်ထားသလား၊ မတင်ထားသလားကို လှမ်းစုံစမ်းတဲ့အခါမှာဒါ ခဏပိတ်ထားတာဖြစ်ပါတယ်။ စုံစမ်းတဲ့အခါမှာ အဆက်အသွယ်လုပ်ရတဲ့အခါမှာ အလုပ်တွေများနေတဲ့အတွက်နှေးသွားတာဖြစ်ပါတယ် “ ဟုဆိုသည်။

ထို့နောက် သံဃာတော်များ၊ ကျောင်းသားများ၊ ဝန်းရံပြည်သူများပါဝင်ကာ လမ်းပေါ်ထွက်မေတ္တာပို့လမ်းလျောက်ခဲ့ကြသူများကို စက်တင်ဘာ၂၅ရက်၊ ၂၆ရက်နေ့များတွင် ဖြိုခွင်းခဲ့ပြီး အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထောင်ချခံခဲ့ကြရသည်။

ယနေ့စက်တင်ဘာ၂၅ရက်နေ့သည် ရွှေဝါရောင်တော်လှန်ရေး၏ ၁၀နှစ်ပြည့် ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly