ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှု (၁၀)နှစ်ပြည့် အထိမ်းအမှတ် မန္တလေးမြို့တွင် ပြုလုပ်

ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှု (၁၀)နှစ်ပြည့် အထိမ်းအမှတ် မန္တလေးမြို့တွင် ပြုလုပ်

ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှု (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အာရုဏ်ဆွမ်းလောင်းလှူခြင်း၊ နေ့ဆွမ်းဆပ်ကပ်ခြင်း နှင့် ရွှေဝါရောင်သံဃာလှုပ်ရှားမှုအတွင်း ကျဆုံးသွားသော ရဟန်း ရှင်လူ ကျောင်းသားပြည်သူများအား ရည်စူး၍ လှူဖွယ်ဝတ္ထုအစုစုကို ဆပ်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှဝေခြင်းကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမင်းထင်တိုက်၊ ဓမ္မဒီပကျောင်းတွင် ယနေ့ စက်တင်ဘာ(၂၅)ရက် နံနက်(၉)နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သက်ဆိုင်ရာတိုင်းပြုပြည်ပြုအဖွဲ့အစည်းများကို တိုက်တွန်းစာတစ်ဆောင်ထုတ်ပြန်ခဲ့သည်။

'' လက်ရှိအစိုးရရယ် တပ်မတော်ရယ် ပြည်သူလူထုရယ် တိုက်တွန်းတဲ့ စာကို ထုတ်ထားပါတယ်၊ အဲဒီထဲမှာ လက်ရှိအစိုးရက ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးသွားတဲ့အခါမှာ ဒီထက်ပိုပြီး ထိရောက်တာ ပြတ်သားတာတွေ လုပ်ဆောင်ဖို့ တိုက်တွန်းတယ်၊ တပ်မတော်ကိုလည်း ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှာ တတ်နိုင်သလောက် လူထုနဲ့ တစ်သားထဲဖြစ်အောင် တိုက်တွန်းတယ်၊ တပ်မတော်နဲ့အစိုးရဆိုပြီး ခွဲခွဲပြောရတာ မကောင်းဘူး၊ ဒီမိုကရေစီနိုင်ငံလို ပြောတဲ့ တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး၊ လက်ရှိအစိုးရနဲ့ တပ်မတော်ကလည်း ခွဲမပြောလို့မရဘူး၊ ဒါကြောင့် ပြည်သူလူထုအနေနဲ့ လက်ရှိအစိုးရကိုရော တပ်မတော်ကိုရော ပူးပေါင်းပါဝင်တဲ့ အားတစ်ခုအနေနဲ့ ဆောင်ရွက်သွားမှ တစ်တိုင်းပြည်လုံးရဲ့ အကျပ်အတည်းကို လွတ်မြောက်လာမည်ဆိုတာကို ပြောလိုတာဖြစ်ပါတယ်။

လူထုအခက်အခဲ အကျပ်အတည်းကြောင့် ရွှေဝါရောင်သံဃာလှုပ်ရှားမှုက ပေါ်ပေါက်လာတာဖြစ်တယ်၊ ရွှေဝါရောင်သံဃာလှုပ်ရှားမှု ပေါ်ပေါက်လာတဲ့ အကြောင်းအရင်းက ယနေ့အချိန်ထိ အပြည့်အ၀ မရသေးဘူး၊ အတိုင်းအတာ တစ်ခုထိ ဖြစ်လာတယ်၊ သို့သော်လည်းပဲ အပြည့်အ၀ မရသေးဘူး၊ ဘာကြောင့်လဲဆိုရင် ၂၀၀၈ အခြေခံဥပဒေက ဝင်ခလုတ်၊ ထွက်ခလုတ် ဖြစ်လာတယ်၊ တချို့က ပြောကြတယ် အားတိုင်းရှိ ၂၀၀၈ ဥပဒေကိုပဲ ထိနေကြတယ်တဲ့၊ တကယ်လို့ ၂၀၀၈ ဥပဒေကို ပြောင်းလဲလိုက်ရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အာမခံပေးနိုင်တဲ့လူတွေရှိတယ်၊ လူထုအခက်အခဲ အကျပ်အတည်းက ယနေ့ထိ အတိုင်းအတာတစ်ခုထိ ကျန်ရှိနေသေးတဲ့အတွက် ရွှေဝါရောင်သံဃာတော်တွေက ဆက်ရှိနေမယ်လို့ ပြောချင်တယ် '' ဟု နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာကွန်ယက် အထက်မြန်မာပြည် ဦးသောဘိတ (ဘဝအလင်းဆရာတော်)က မိန့်သည်။

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်သံဃာ့ကွန်ရက် အထက်မြန်မာပြည်၊ မန္တလေး၏ ထုတ်ပြန်ချက်တွင် လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဉ် တွေ့မြင်ချက်များ၊ ၂၀၀၈ အခြေခံဥပဒေအရ အမျိုးသားရင်ကြားစေ့ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့မှ ပိုမိုအလှမ်းကွာဝေးလာမှု အထွထွေအကျပ်အတည်းများ၊ တိုင်းပြည် နှင့် ပြည်သူလူထု၏ အကျိုးစီးပွား ရှေးရှု၍ လက်တွေ့ကျသော အစီအစဉ်သစ်များ ချမှတ်ဆောင်ရွက်ရန်၊ တပ်မတော်ဖက်မှလည်း အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲနိုင်ရန်အတွက် နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုကို လက်ခံဆောင်ရွက်သွားရန်၊ ၂၀၀၈ အခြေခံဥပဒေကို တစ်နည်းနည်းဖြင့် ဖျက်သိမ်းပြီး အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲနိုင်ရေး ပြည်သူလူထုတစ်ရပ်လုံးမှ နိုင်ငံရေးအသိဖြင့် ပါဝင်ကြိုးပမ်းဆောင်ရွက်ကြရန် စသည့် အချက်များ ပါဝင်သည်။

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းမှ ဒီမိုကရေစီအင်အားစုများထဲတွင် အခြေခံဥပဒေကို ဖျက်ပစ်ပြီး အသစ်ပြန်ရေးလိုသော တော်လှန်ရေးသဘောကို လိုလားသူများရှိသလို အခြေခံဥပဒေဖျက်သိမ်းရေးထက် ပြင်ဆင်ရေးကိုသာ ပိုမိုအလေးထားသော ပြုပြင်ပြင်ပြောင်းလဲရေးသဘောကို လိုလားသူများဟူ၍နှစ်မျိုးကွဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly