မန်စီးတီး၏ လက်ရှိပုံစံက ချယ်လ်ဆီးနှင့် မန်ယူတို့ကို ကြောက်ရွံ့စေလိမ့်မည်မဟုတ်ဟု ဂွါဒီယိုလာဆို

မန်စီးတီး၏ လက်ရှိပုံစံက ချယ်လ်ဆီးနှင့် မန်ယူတို့ကို ကြောက်ရွံ့စေလိမ့်မည်မဟုတ်ဟု ဂွါဒီယိုလာဆို

စက်တင်ဘာ ၂၅၊ အင်္ဂလန် ။           ။ မန်စီးတီး၏ လက်ရှိပုံစံက ပရီးမီးယာလိဂ်ပြိုင်ဘက်များဖြစ်သော ချယ်လ်ဆီးနှင့်မန်ယူတို့ကို ကြောက်ရွံ့စေလိမ့်မည် မဟုတ်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းသည် လီဗာပူးလ်အသင်းအား ၅-၀ ဂိုး၊ ဝက်ဖို့ဒ်အသင်းအား ဝ-၆ ဂိုး၊ ပဲလေ့စ်အသင်းအား ၅-၀ ဂိုးတို့ဖြင့် ပရီးမီးယားလိဂ်တွင် သုံးပွဲဆက်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မန်စီးတီးအသင်းမှာ ၁၉၅၈-၅၉ ခုနှစ်က ဘလက်ဘန်းအသင်းနောက်ပိုင်း ၅ ဂိုးနှင့်အထက် သုံးပွဲဆက်အနိုင်ရသည့် ပထမဆုံးအသင်းဖြစ်လာခဲ့သည်။

ဂွါဒီယိုလာအား သူ့အသင်း၏ လက်ရှိပုံစံက ပြိုင်ဘက်များအားခြိမ်းခြောက်နိုင်လားဟု မေးမြန်းခဲ့ရာတွင် “ချယ်လ်ဆီးက စတုခ်စီးတီးကို ၄-၀ ဂိုးနဲ့နိုင်ခဲ့တယ်။ မန်ယူကလည်း ပရီးမီးယားလိဂ်ခြောက်ပွဲကစားပြီးချိန်မှာ ငါးပွဲက ဂိုးမပေးထားရဘူး။ ပရီးမီးယားလိဂ်က ခက်ခဲတဲ့ပြိုင်ပွဲပါ။ အသင်းကြီးတွေအားလုံးက တောင့်တင်းခိုင်မာကြပါတယ်” ဟု ဖြေကြားခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ရာသီကလည်း စပါးအသင်းကို မရှုံးခင်အချိန်အထိ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၆ ပွဲစလုံးကို အနိုင်ရရှိခဲ့သည်။ သို့သော် စပါးအသင်းကို ရှုံးနိမ့်ပြီးနောက်တွင် အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်တက်လာနိုင်ခြင်း မရှိခဲ့ပေ။

မန်စီးတီး၏ လက်ရှိ ဂိုးရလဒ်များအရ စိတ်ကျေနပ်စရာဖြစ်သော်လည်း ၎င်းတို့အသင်းမှာ တိုးတက်လာနိုင်သေးကြောင်း ဂွါဒီယိုလာက ဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly