၀က်စ်ဘရွန်းအသင်းမှာ ဂိုးသွင်းရန် ခက်ခဲသောအသင်းဟု အာစင်ဝင်းဂါးဆို

၀က်စ်ဘရွန်းအသင်းမှာ ဂိုးသွင်းရန် ခက်ခဲသောအသင်းဟု အာစင်ဝင်းဂါးဆို

စက်တင်ဘာ ၂၅၊ အင်္ဂလန် ။          ။ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ရဲ့ နောက်ဆုံးပွဲကျန်အဖြစ် အာဆင်နယ်အသင်းနဲ့ဝက်စ်ဘရွန်းတို့ရဲ့ပွဲစဉ်ကို ဒီနေ့ည ၁း၃၀ မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်နဲ့ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက “ဝက်စ်ဘရွန်းအသင်းဟာ ပရီးမီးယားလိဂ်စရိုက်လက္ခဏာ အပြည့်ရှိတဲ့အသင်းဖြစ်ပြီး ဝက်စ်ဘရွန်းနည်းပြတိုနီပူးလစ်ကလည်း ပရီးမီးယားလိဂ်မှာ ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာ ကောင်းကောင်းသိသူဖြစ်ပါတယ်။ သူတို့ဟာ တည်ကန်ဘောတွေကို ကောင်းကောင်းအသုံးချတတ်ပြီး ခံစစ်မာကျောတဲ့ အသင်းဖြစ်တာကြောင့် ဂိုးသွင်းယူဖို့ မလွယ်ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

အာစင်ဝင်းဂါးက အခုလိုပြောခဲ့ပေမယ့် အာဆင်နယ်အသင်းဟာ အမ်းမရိတ်ကွင်းမှာ ဝက်စ်ဘရွန်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံး ၆ ကြိမ်စလုံးကို အနိုင်ရရှိထားပါတယ်။ အဲ့ဒီ ၆ ပွဲမှာ ဝက်စ်ဘရွန်းတို့ ၁ ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။

ဝက်စ်ဘရွန်းကွင်းလယ်ကစားသမား ဂါရတ်ဘယ်ရီကတော့ ဒီနေ့ပွဲမှာ ပါဝင်ကစားခဲ့ရင် ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲများဆုံးကစားသူအဖြစ် မှတ်တမ်းတင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဘယ်ရီဟာ လက်ရှိမှာ မန်ယူကစားသမားဟောင်း ရွိုင်ယန်ဂစ်နဲ့အတူ ပွဲပေါင်း ၆၃၂ ပွဲနဲ့ ပွဲအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။

“ဘယ်ရီဟာ တကယ်ကို လက်တွေ့ကျတဲ့ကစားသမားပါ။ သူက ဒီစံချိန်ကိုကျော်လွန်ပြီး ရှေ့ဆက်ချင်နေသူဖြစ်ပါတယ်” လို့ ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်က ဆိုခဲ့ပါတယ်။

ဘယ်ရီကတော့ ဒီစံချိန်အထိ ရောက်ရှိလာတာဟာ တကယ်ကို မယုံကြည်နိုင်စရာကောင်းတယ်လို့ ပြောဆိုထားပါတယ်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly