ဂန့်ဂေါရှိ သတ်ဖြတ်ခံရသည့် ဝက်ဝံမှာ ရှားပါးတောရိုင်းတိရိစ္ဆာန်စာရင်းတွင် ပါဝင်နေ

ဂန့်ဂေါရှိ သတ်ဖြတ်ခံရသည့် ဝက်ဝံမှာ ရှားပါးတောရိုင်းတိရိစ္ဆာန်စာရင်းတွင် ပါဝင်နေ
ဓာတ်ပုံ-မေတ္တာ ကောင်းကင် ဖေ့ဘုတ်

ရန်ကုန်၊စက်တင်ဘာ၂၅ ။          ။ ဂန့်ဂေါရှိ သတ်ဖြတ်ခံရသည့် ဝက်ဝံမှာ ရှားပါးစာရင်းတွင် ပါဝင်နေပြီး ထပ်မံမဖြစ်ပွားစေရန် ပညာပေးများ ပြုလုပ်သင့်ကြောင်း သားငှက်ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(WCS Myanmar)မှ ဦးအောင်ကျော်က ပြောသည်။

စားကျက်ကျော်လွန်လာသည့် ဝက်ဝံတစ်ကောင်အား ရွာအနီးတွေ့ရှိခဲ့ပြီး ရွာကို ရန်မူမည်စိုးကာ ဝိုင်းဝန်းပိတ်ဆို့ သတ်ဖြတ်ခဲ့မှုတစ်ခု မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မွှေ့လယ်ရွာတွင် ယခုလ စက်တင်ဘာလ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။

"အခုတော့ ဝက်ဝံကတော့ ရှားပါးတိရိစ္ဆာန်ထဲမှာ စာရင်းဝင်ပါတယ် "ဟု သားငှက်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WCS Myanmar)မှ ဦးအောင်ကျော်က ပြောပြသည်။

လက်ရှိ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင်တွေ့ရှိရသည်မှာ Black Bear အမျိုးအစားဝက်ဝံဖြစ်သည်။

ထိုကဲ့သို့ အခြေအနေမျိုးကြုံတွေ့ရပါက တောရိုင်းတိရိစ္ဆာန်များသည် လူကြောက်တက်သည့် အတွက် ၎င်းလာသည့် လမ်းကို ဖွင့်ပေးကာ ခြောက်လှန့်မောင်းထုတ်နိုင်ကြောင်း ဦးအောင်ကျော်က ရှင်းပြသည်။

သို့သော် နည်းလမ်းမမှန်ပါက လူကိုပြန်လည်အန္တရာယ်ပြုခြင်း ခံရနိုင်သည်ဟု ဆိုသည်။

သစ်တောဦးစီးဌာနေအနေဖြင့် ယခုကဲ့သို့ ရှားပါးတိရိစ္ဆာန်များကို သတ်ဖြတ်ပါက ထောင်ဒဏ် ၇နှစ်အထိ အရေးယူဆောင်ရွက်နိုင်သည်။

"သစ်တောအနေနဲ့ အရေးယူမယ်ဆိုရင် အရေးယူလို့ရနိုင်တာပေါ့။ ဒါဟာရောင်းဝယ်ဖောက်ကားချင်လို့ တမင်သက်သက် သတ်တာမျိုး မဟုတ်ဘူး ကိုယ့်ကို အန္တရာယ်ပြုမယ့် အခြေအနေမျိုးကြောင့်သာ လုပ်ခဲ့ တယ်ဆိုရင်တော့ ကျွန်တော်တို့ သစ်တောဌာနအနေနဲ့ အရေးမယူပါဘူး"ဟု ဦးအောင်ကျော်မှ ဆိုသည်။

မြန်မာနိုင်ငံတွင် Asiatic Black Bear ဆိုသည့် ဝက်ဝံအမျိုးအစားနှင့် ပရူးဝက်ဝံ သို့မဟုတ် ခွေးဝံဟုခေါ်သော အမျိုးအစားနှစ်မျိုးရှိနေသည်။

ထို့အပြင် ဝက်ဝံသည် ရောင်းဝယ်ဖောက်ကားခွင့်မရှိသော CITES (the Convention on International Trade in Endangered Species of Wild Fauna and Flora)စာရင်းတွင် ပါဝင်သတ်မှတ်ခံထားရသည်။

ဝက်ဝံများသည် တောနက်များထဲတွင်နေထိုင်ပြီး ယင်းတို့နေထိုင်နိုင်သည့် ဘေးမဲ့တော (၄၂)ခု မြန်မာနိုင်ငံတွင် ရှိနေသည်။

ဝက်ဝံကို ၎င်း၏ နှလုံး၊ သည်းခြေများအတွက် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းများလည်း မြန်မာနိုင်ငံတွင် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly