စက်တင်ဘာ ၂၅၊ ပြင်သစ် ။ ။ နေမာကို ပင်နယ်တီပေးကန်ပါက အပိုဆုကြေးငွေ ယူရို ၁ သန်းပေးမယ်လို့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို ပီအက်စ်ဂျီအသင်းပိုင်ရှင်အယ်ခီလာဖီက ကမ်းလှမ်းလိုက်ပါတယ်။
ပီအက်စ်ဂျီအသင်းက လိုင်ယွန်ကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကာဗာနီနဲ့နေမာတို့ဟာ ပင်နယ်တီကန်သွင်းဖို့ အငြင်းပွားခဲ့ကြတာပါ။ အဲ့ဒီနောက် အသင်းအဝတ်လဲခန်းထဲမှာ ဆက်ဆံရေးက တင်းမာလျက်ရှိနေပါတယ်။
အသင်းအတွင်း တင်းမာနေမှုတွေကို လျှော့ချနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းပိုင်ရှင်ဘက်က အခုလိုကမ်းလှမ်းခဲ့တာလို့ ပြင်သစ်သတင်းစာ El Pais က ဖော်ပြခဲ့ပါတယ်။
ကာဗာနီဟာ ပီအက်စ်ဂျီအသင်းမှာ ၂၀၁၃ ခုနှစ်ကတည်းက ကစားနေသူဖြစ်ပြီး ပွဲပေါင်း ၁၄၀ မှာ ၉၅ ဂိုးသွင်းယူထားသူဖြစ်ပါတယ်။ ကာဗာနီဟာ ဒီရာသီမှာ ပြင်သစ်လိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ရင် အပိုဆုကြေးယူရို ၁ သန်းရရှိမယ်ဆိုတဲ့အချက်ကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားသူ ဖြစ်ပါတယ်။
အခုတော့ ပီအက်စ်ဂျီအသင်းဘက်က နေမာကို ပင်နယ်တီပေးကန်လိုက်တာနဲ့ အပိုဆုကြေးယူရို ၁ သန်းပေးချေမယ်လို့ ကမ်းလှမ်းထားပြီ ဖြစ်ပါတယ်။
ရည်ညွှန်း မက်ထရို