လူအစုလိုက် မြုပ်နှံထားသည့် ရုပ်အလောင်းများကို မောင်တောတွင် တွေ့ရှိ

လူအစုလိုက် မြုပ်နှံထားသည့် ရုပ်အလောင်းများကို မောင်တောတွင် တွေ့ရှိ
Photo-Information Committee

ရန်ကုန် ၊ စက်တင်ဘာ ၂၅ ။           ။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင် အစုလိုက်အပြုံလိုက် မြုပ်နှံထားသည့် လူသေအလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့ ညပိုင်းတွင် အစိုးရဘက်က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါတွေ့ရှိခဲ့သည့် ရုပ်အလောင်းများသည် ဟိန္ဒူဘာသာဝင်များဖြစ်ပြီး မောင်တောဒေသ ရဲဘော်ကျားကျေးရွာ အနောက်မြောက်ဘက် မြေကျင်းများထဲတွင် မြှုပ်နှံထားခြင်းဖြစ်ကာ ARSA အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

"ယနေ့တူးဖော်ရရှိသည့် ရုပ်အလောင်းများမှာ ဟိန္ဒူဘာသာဝင် အမျိုးသား ၈ လောင်း၊ အမျိုးသမီး အလောင်း ၂၀၊ စုစုပေါင်း ၂၈ လောင်း ဖြစ်ကြောင်း သိရှိရသည်" ဟု အစိုးရသတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါ ရုပ်အလောင်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် ရဲဘော်ကျားကျေးရွာနေသူတစ်ဦးက စစ်တွေမြို့သို့ ရောက်ရှိနေသည့် မောင်တောလေးမိုင်တွင် နေထိုင်သူ ဟိန္ဒူဘာသာဝင်ကူညီရေး ခေါင်းဆောင်ထံ ဖုန်းဖြင့် ဆက်သွယ် သတင်းပေးချက်အရ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရဘက်က သတင်းထုတ်ပြန်ချက်တွင်  "သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်သည် ရဲဘော်ကျကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။ ရွာ၏အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ အမျိုးသမီး ၈ ဦးအား အစ္စလာမ်ဘာသာသို့ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း" သတင်းထုတ်ပြန်ထားသည်။

ယင်းအပြင် တူးဖော်ရရှိသည့် ရုပ်အလောင်းများအား လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ကာ ရှာဖွေမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

"ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၉၃ ဦး အခြေအနေအမြန်ဆုံး သိရှိနိုင်ရန်အတွက် ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရန်" ဆိုသည့်အချက်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များအား အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် တိုက်တွန်းထားသည်။

မောင်တောဒေသ၌ အစိုးရ၏အစီအစဉ်ဖြင့် ပြည်တွင်းပြည်ပသတင်းမီဒီယာများ သတင်းရယူခဲ့ရာတွင်  ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသည့် ဟိန္ဒူဘာသာဝင်များက ယင်း တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသော ဟိန္ဒူ ဘာသာဝင် ၉၃ ဦး၏ သတင်းကို ပြောဆိုခဲ့သော်လည်း ဒေသတွင်းအာဏာပိုင်များက အတည်ပြုပေးခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly