ကျူးကျော်တွေကို အောက်တိုဘာလမှစတင် နေရာချထားရန် ရန်ကုန်တိုင်းအစိုးရ စီစဉ်နေ

ကျူးကျော်တွေကို အောက်တိုဘာလမှစတင် နေရာချထားရန် ရန်ကုန်တိုင်းအစိုးရ စီစဉ်နေ
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ စက်တင်ဘာ ၂၅ ။            ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်နေထိုင်သူများကို အောက်တိုဘာလမှစတင်နေရာချထားပေးရန် တိုင်းအစိုးရမှ စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

ပြီးခဲ့သည့် စနေနေ့က ကုန်သည်စက်မှုအသင်းချုပ် တွင်ပြုလုပ်ခဲ့သည့် “ ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကဏ္ဍဖွံဖြိုးတိုးတတ်ရေးကော်မတီနှင့် ပုဂ္ဂိလိကကိုယ်စားလှယ်များ ပုံမှန်အစည်းအဝေး (၉ကြိမ်မြောက်) “  ပြုလုပ်စဉ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ကျူးနေရာချထားရေးကို အောက်တိုဘာလကနေ စတင်နိုင်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။ ကျူးကျော်တွေနဲ့ ပတ်သက်ရင် ရန်ကုန်တိုင်းအတွင်း မှာ အိမ်ထောင်စု တစ်သိန်းခွဲကျော်လောက် ရှိနေပါတယ်။ ဒီအခြေအနေကို တိုင်းဒေသကြီးအစိုးရက စီမံချက်တစ်ရပ်ရေးဆွဲပြီးဆောင်ရွက်သွား မယ်ဆိုတာကို အသိပေးလိုပါတယ် “ ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

သို့သော်မည်သည့် နေရာတွင် မည်ကဲ့သို့နေရာချထားပေးမည်ကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပေ။

ထို့အပြင် ကျူးကျော်ပြဿနာသည် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များအတွင်းတွင်လည်း ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသည့် အခြေအနေတွင်  ရှိနေကြောင်း ၎င်းကပြောသည်။

ကျူးကျော်နေထိုင်သူများအားလုံးသည် အလုပ်အကိုင်အခွင့်အလမ်းရှိနေသော်လည်း အိမ်မြေ ဝယ်ယူနိုင်သည့်အခြေအနေတွင်မရှိသည်ကို စစ်တမ်းများအရတွေ့ရှိရကြောင်းလည်း ဝန်ကြီးချုပ်ကဆိုသည်။ 

“ အလုပ်အကိုင်ကို အာမခံတင်ပြီးတော့ သူတို့ကို အိမ်ယာထူထောင်ပေးနိုင်ဖို့နဲ့ ရေ၊ မီး၊ ရေဆိုး အမှိုက်ကိစ္စရပ်တွေကိုတော့ ဝန်ဆောင်မှုကောင်း ကောင်းနဲ့ စက်မှုဇုန်တွေကို အဆင့်မြှင့်တင်ဖို့ ကြိုးစားနေသလို မြို့နယ်အလိုက်စက်မှုဇုံတွေ တည်ဆောက်ပြီးတော့ မြို့နယ်အလိုက်ဖြန့်ကြက်သွား နိုင်ဖို့အတွက် ကြိုးပမ်းသွားမှာဖြစ်ပါတယ် “ ဟု ဦးဖြိုးမင်းသိန်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကျူးကျော်နေထိုင်သူဟု ယူဆရသောသူများကို ကျူးဖြစ်ကြောင်း သက်သေခံလက်မှတ်ဖြစ်သည့် စမတ်ကဒ်များကို လွန်ခဲ့သည့် ဇွန်လကတည်း တိုင်းအစိုးရမှထုတ်ပေးနေသည်။

အစိုးရသစ်လက်ထက်တွင် လှည်းကူးရှိ ကျူးကျော်များကို ဖယ်ရှားလိုက်ပြီးနောက် ဂေါက်ကွင်းများ၊ နိုင်ငံတကာကျောင်းများ ပါဝင်သော အိမ်ယာစီမံကိန်း နှင့်လူနေတိုက်ခန်းများ စတင်ဆောက်လုပ်နေကြောင်း သိရသည်။

ထို့အပြင် မြေ၊ အိမ်ယာ အပိုင်မရှိသည့် အစိုးရ နှင့် ပုဂ္ဂလိက ဝန်ထမ်းများ၊ နယ်စပ်ဒေသမှပြန်လာမည့် ဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သားများ အတွက် ရန်ကုန်မြို့အနောက်တောင်ဘက်တွင် မြေဧက ၂၀၀၀ကျယ်သည့် မြို့သစ်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန်ရှိနေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက လွန်ခဲ့သည့် ၃ လခန့်က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly